Saturday, November 7, 2009

Have A Nice Weekend.

ဒီနေ့တော့ Golfရောဂါ ရနေတဲ့ ဦးဥာဏ်ကို အဖော်ပြုပြီး Golf ရိုက်လေ့ကျင့်တဲ့ကွင်းကို အလည်တစ်ခေါက်ရောက်ရှိသွားခဲ့ပါတယ်ရှင်။ဦးဥာဏ်ကို ချစ်ခင်ပြီး ကျွန်မတို့မိသားစုကို နေရာအမျိုးမျိုးကို အလည်လိုက်ပို့ပေးတတ်တဲ့ Dr.Miyahara က ဦးဥာဏ်ကို Golf set တအိတ်လက်ဆောင်ပေးခဲ့ပါတယ်။ဦးဥာဏ်ကို မြန်မာပြည်ပြန်ရောက်ရင် Golf ရိုက်ဖြစ်အောင် သူက စပြီးသင်ပေးခဲ့တာပါ။ Golf ရိုက်ရင်လိုအပ်မယ့် ဖိနပ်ကအစ၀ယ်ပြီး လက်ဆောင်ပေးတာဖြစ်တာကြောင့် ဦးဥာဏ်လည်း Dr.Miyahara နဲ့ပေါင်းပြီး Golf ရောဂါရနေပြီ ဖြစ်ပါတယ်။

ဒီမှာက ပရော်ဖက်ရှင်နယ် Golf အားကစားသမားတွေက သူဌေးတွေဖြစ်ကြပါတယ်။ Golf ပြိုင်ပွဲတွေမှာ ပထမဆုရရင် Ichi oku (သိန်းပေါင်း ၁၀၀၀၀ )ကျော်လောက် ဆုရတာတွေရှိတာမို့ တကယ့်သူဌေးကြီးတွေပါပဲ။တခြား အ၀တ်အစားကြော်ငြာခတွေပါ နာမည်ကြီး အားကစားသမားတွေက သတ်သတ်ဝင်ငွေရကြသေးတာလေ။ပထမဆုံးရိုက်တဲ့ အလုံးက တစ်ချက်ထဲနဲ့ ကျင်းဝင်ရင် သောင်း ၃၀၀ ရနိုင်တာမို့ မြန်မာငွေ သိန်းပေါင်း( ၃၅၀)လောက်ရကြပါတယ်။ သူတို့ကိုကြည့်ရတာ အားကျပျော်ရွှင်စရာကြီးပါပဲရှင်။Golf ရိုက်တဲ့ အမျိုးသမီးတွေက လှလှပပကြော့ကြော့မော့မော့လေးဝတ်ကြပြီး လှလှပပလေး Golf ရိုက်ကြတာကြည့်ပြီး ကျွန်မလည်း အားကျစွာနဲ့ ဒီနေ့ Golf လေ့ကျင့်ကွင်းမှာ Golf အစမ်းရိုက်ကြည့်တော့ ဦးဥာဏ်ကအားပေးရှာပါတယ်. အမီးရိုက်တာကလည်း တံမျက်စည်းလှည်းတာကျနေတာပဲတဲလေ..း))









Golf တစ်လုံးရိုက်ရင် ၁၆ ယန်းပေးရပါတယ်။Dr.Miyahara က ယန်း၃၀၀၀ဘိုးကဒ် ၀ယ်ပြီး လက်ဆောင်ပေးထားတာမို့ ဒီနေ့ မိသားစုတွေ အပျော်သွားရိုက်ကြခြင်းပဲ ဖြစ်ပါတယ်ရှင်။ပိတ်ရက်ဖြစ်တာကြောင့် လေ့ကျင့်နေကြတဲ့သူတွေ အများကြီးပါပဲ။ပျော်စရာတော့ကောင်းပါတယ်။

Golf ကွင်းကပြန်လာတော့ သမီးလေးနဲ့အတူ စာပွဲတင်တင်းနစ်ကစားကွင်းသွားပြီး ကစားကြပြန်ပါတယ်။သမီးလေးက စာပွဲတင်တင်းနစ် အပတ်စဉ်လိုလိုကစားဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ ဦးဥာဏ်ရဲ့သူငယ်ချင်းတွေက Tsukishima မြို့မှာရှိတဲ့ နာမည်ကြီး OKONOMI YAKI ဆိုင်ကို ကျွန်မတို့မိသားစုကို ဖိတ်ကျွေးခဲ့တာကြောင့် သွားခဲ့ကြပါတယ်ရှင်။သမီးလေးခိုင်က အိုခိုနိုမိယာကိ အရမ်းကြိုက်တယ်ဆိုတာ သိလို့ နာမည်ကြီး အိုခိုနိုမိဆိုင်လေးမှာ ဖိတ်ပြီး ကျွေးခဲ့ကြ တာပါ။အားလုံးဟာ ဂျပန်လူမျိုးတွေဖြစ်ကြပြီး ကိုးရီးယာ ၊ ဂျပန်ဖက်စပ် ညီမငယ်တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။ ကိုးရီးယားစကားပြောချင်တဲ့ ကျွန်မက ညီမလေးကို အညာဟာဆယ်ရော်လို့နှုတ်ဆက်တော့ သူမကလည်း အညာဟာဆယ်ရော်လို့ ပြန်လည်နှုတ်ဆက်လာပါတယ်။သူမက ကိုးရီးယားသူလို့ပြောပေမယ့် အဖေက ဂျပန်လူမျိုး ၊ အမေက ကိုးရီးယားလူမျိုး ဖြစ်ပြီး ဂျပန်မှာမွေးဖွားခဲ့သူ ဖြစ်ပြီးကိုးရီးယားကို တစ်ခေါက်ပဲ အလည်ရောက်ဖူးတဲ့သူ ဖြစ်တဲ့အတွက် ကိုးရီးယားစကားကတော့ နည်းနည်းပဲ ပြောတတ်ပါတယ်။ နောက်တော့ စနောက်ပြောဆိုကြရင်းနဲ့ ကိုးရီးယားလို ”ပက်ကော်ပါ”ဆိုတာ ဗိုက်ဆာပြီဆိုတဲ့ ကိုးရီးယားစကား တစ်လုံးပဲ ပိုတတ်လိုက်ပါတယ်။

အိုခိုနိုမိယာကိက ကိုယ်တိုင်ကြော်ပြီး စားကြရတာလေ..အောက်ပုံမှာ ကြော်ပေးနေတာက ကျွန်မတို့မိသားစုကို ဖိတ်ခေါ်ခဲ့တဲ့ Biomaterial Department မှ Assistant professor ဆရာOYA ပဲဖြစ်ပါတယ်ရှင်။ဗလAssistant Professor ဆရာOYA က အသက် ၂၈ နှစ်ပဲရှိပါသေးတယ်။ အရမ်းသဘောကောင်းပြီးဖော်ရွေတဲ့ ဂျပန်လူမျိုး တစ်ယောက်ပဲ ဖြစ်ပါတယ်ရှင်။









OKONOMIYAKI ကို ကျွန်မကတော့ သိတ်မကြိုက်ပါဘူး။သူတို့တွေကတာ့ ဘီယာသောက်ပြီး အိုခိုနိုမိယာကိကို အားရပါးရစားကြပါတယ်။ဈေးကလည်း ကြီးပါသေးတယ် ကိုယ်တိုင်ကြော်စားရပေမယ့် တစ်ပွဲကို ယန်း ၁၃၀၀ ပေးရပါတယ်။ဘာပဲ ဖြစ်ဖြစ် သဘောကောင်းတဲ့ မိတ်ဆွေတစ်စုနဲ့တွေ့ဆုံခင်မင်ရလို့ စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်ရှင်။
အားလုံးကိုခင်မင်လေးစားလျှက်
ဝါ၀ါခိုင်မင်း

Friday, November 6, 2009

ဆာယိုနာရ (SAYONARA)


ဒီနေ့ မနက် အိပ်ရာနိုးတော့ ရာသီဥတုက သာယာလှပနေခဲ့ပါတယ်။မြန်မာပြည်ကို ပြန်ရောက်တာ တစ်ပါတ်ကျော်ကျော်ပဲရှိနေသေးတာမို့ ပန်းအတွက် ကိုယ့်အိမ်မှာကိုယ်နေရတာတောင် နည်းနည်း သူစိမ်းဆန်နေသလို ဖြစ်နေရပြီး နေသားမကျသေးပါဘူး။ဂျပန်ကနေပြန်လာတော့ စင်္ကာပူမှာရှိတဲ့ ညီမလေးဆီ တစ်လလောက် အလည်ဝင်ဖြစ်ခဲ့ပါသေးတယ်..မြန်မာပြည်နဲ့ ခွဲသွားတာ ၄ နှစ်လောက်ကြာသွားခဲ့တာမို့ နေသားကျခဲ့တဲ့ ကိုယ့်အိမ်လေး ပြန်ရောက်တာတောင်မှ ယောင်လည်လည် ဖြစ်လို့ နေခဲ့ပါတယ်..

အိမ်ရှေ့ပန်းခြံထဲက ပန်းလေးတွေအလှပြင် ရေလောင်းဖို့ ခြံထဲဆင်းလာနေတုန်း အိမ်ရှေ့ခြံတခါးဝမှာ “ကလင် ကလင် ကလင်” ဆိုပြီး စက်ဘီးဘဲလ်တီးသံကြားရတဲ့အခါ နည်းနည်း ထူးဆန်းသလို အိမ်ရှေ့ကိုကြည့်လိုက်တော့ “စာခင်ဗျ...နိုင်ငံခြားကစာ ဆိုပြီး”စာပို့လုလင်လေးက စာကိုလက်မှာကိုင်ပြီး အော်ခေါ်တာနဲ့ ခြံတံခါးကိုဖွင့်ပြီး စာကိုသွားယူခဲ့ပါတယ်။စာပို့လုလင်လေးက “ဒီမှာလက်မှတ်ထိုးပြီးယူပါခင်ဗျာ” ဆိုလို့ လက်မှတ်ထိုးပြီး စာကိုလက်ခံယူလိုက်တော့ စာအိပ်ပေါ်မှာ “ပန်းပွင့်ဖြူ”လို့မြန်မာလိုရေးထားတဲ့ မညီမညာလက်ရေးလေးတွေကိုမြင်ရုံနဲ့ပဲ ပန်းရဲ့စိတ်ထဲမှာ လှုတ်ရှားနေခဲ့ပါတယ်...

ရာရာ့ဆီက စာပါလား..မေ့ချင်ယောင်ဆောင်ထားခဲ့တာတွေ စာလေးမြင်တော့ စိတ်တွေလှူတ်ခတ်သွားခဲ့တာကို ရာရာတစ်ယောက်တော့ သိမှာ မဟုတ်နိုင်ပါဘူးလေ....ဒီ ပန်းပွင့်ဖြူ ဆိုတဲ့ စကားလုံးလေးကို မြန်မာလိုရေးတတ်အောင် ရာရာက သင်ယူခဲ့တာမို့ နာမည်နေရာမှာပဲ မြန်မာလို ပန်းပွင့်ဖြူ လို့ရေးပြီး ကျန်တဲ့လိပ်စာကိုတော့ အင်္ဂလိပ်လိုပဲရေးထားခဲ့တာပါ။ သတိရနေပါတယ် ရာရာရယ်..ရာရာဆိုတာ ကျွန်မက ခင်မင်စွာနဲ့ခေါ်တဲ့ နာမည်ပါ။သူ့နာမည်က YAMADA @ YAYA .ဂျပန်လိုဆို သူ့ကို ရာမဒစံ ၊ ရာစံ နဲ့ခေါ်ကြပါတယ်.အိပ်ခန်းထဲရောက်တော့ စာအိတ်ကလေးကို သေခြာဖွင့်ပြီး ရာရာရေးခဲ့တဲ့ စာအရှည်ကြီးကို စိတ်လှုတ်ရှားစွာနဲ့ ကျွန်မဖတ်ဖြစ်ခဲ့ပါတယ်..

“ပန်းကလေးရေ..
မင်းနေကောင်းရဲ့လား ..ကိုယ်မင့်ကို အရမ်းသတိရနေပါတယ်..
အခုအချိန်ဆိုရင် ဟာနတစ်ယောက် သူ့တိုင်းပြည်မှာ ပျော်ရွှင်နေပြီပေါ့..
အခု ဒီမှာ နှင်းတွေကျနေပြီ ဟာနရေ...မင်းပြန်သွားပြီးမှ နှင်းတွေကျလာတော့ မင်းကို ပိုပြီး သတိရမိနေတယ် ဟာနရယ်..
မင်းကို ကိုယ်စတွေ့ခဲ့မိတာ နှင်းတောထဲမှာလေ..

အဲဒီနေ့က မင်းကနှင်းတောထဲမှာ လမ်းလျှောက်လာခဲ့ပြီး လည်ပိတ်အကျီအနီရောင်ဆွယ်တာလေးနဲ့ လောင်းကုတ်ရှည်အနက်ကလေးကိုဝတ်ပြီး စတိုင်ဘောင်းဘီအဖြူရောင်ကလေးဝတ် ၊ လက်အိတ်အဖြူ ၊ လည်စည်းပုဝါအဖြူရောင် ၊ဦးထုတ်အဖြူရောင်လေးနဲ့ ကိုယ့်မျက်စိထဲမှာထူးထူးဆန်းဆန်းလေးဖြစ်နေတဲ့ မင့်ကို ကိုယ်မျက်စိမမှိတ်ပဲ ခဏမှင်သက်စွာငေးနေမိခဲ့တာ မင်းမသိခဲ့ဘူးနော်...ကိုယ် မင့်ကို တစ်နေရာရာမှာ မြင်ဘူးနေလို စိတ်ထဲမှာ ရင်းနှီးနေခဲ့တာ တော်တော်ထူးဆန်းတာပဲ။နှင်းတွေအရမ်းကျလို့ နှင်းတောထဲမှာ ရှူးဖိနပ်အဖြူရောင်လေးနဲ့ ချော်လဲမှာစိုးလို့ သတိလေးနဲ့လမ်းလျှောက်လာခဲ့တဲ့ မင်းကို ကိုယ် VELOCE COFFEE ဆိုင်ထဲကနေ မျက်စိမမှိတ်ပဲ ထိုင်ကြည့်နေမိခဲ့တာလေ..အဲဒီလို ကိုယ် မင်းကို မျက်တောင်မခပ်မိပဲငေးကြည့်နေတုန်းမှာပဲ မင်းက VELOCE COFFEE ဆိုင်ထဲကိုဝင်လာခဲ့ပြီး hot cappuccino တစ်ခွက်မှာသောက်ခဲ့တယ်နော်... အဲဒီအချိန်မှာပဲ ကိုယ်ကမင်းကို ကိုယ့်လိုပဲ ဂျပန်လူမျိုးလို့ ထင်ထားခဲ့တာ မင်းရဲ့စကားပြောသံလေးတွေကိုကြားမှ မှားမှန်းသိသွားခဲ့တာပါ။မင်းက hot cappuccino ထည့်ထားတဲ့ လင်ဗန်းလေးကို ကိုင်ရင်း ကိုယ့်စာပွဲနားက အဖြတ်မှာ မင်းရဲ့လင်ဗန်းထဲကနေ တစ်သျှူးရွက်ကလေးက လွင့်ထွက်သွားပြီး တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကိုယ့်စာပွဲပေါ်မှာ တစ်သျှုးရွက်ကလေး လာကျတယ်လေ... အဲဒီတော့ မင်းက Sorry ဆိုပြီးကိုယ့်ကို တချက်ကလေးတောင်ငဲ့စောင်းမကြည့်ပဲ တစ်သျှုးရွက်ကလေးကို ပြန်ယူသွားပြီး တခြားစားပွဲမှာသွားထိုင်ပြီး ကော်ဖီကိုသောက်နေခဲ့တယ်နော်။တို့ကတော့ မထင်မှတ်ပါပဲ နှင်းတောထဲမှာ အကျီအနီရဲရဲလေးဝတ်ထားတဲ့ မင်းကို အမှတ်မထင်တွေ့ပြီး မင်းရဲ့မျက်နှာလေးကို တို့ရင်ထဲမှာ စွဲမြဲစွာနဲ့မှတ်မိသွားခဲ့သလို ၊မင်းပြောခဲ့တဲ့ sorry ဆိုတဲ့ စကားလုံးလေးကလည်း ကိုယ့်ရင်ထဲအထိ ထွင်းဖောက်နေရာယူသွားခဲ့တယ်လေ....နောက်ပြီး မင်းနဲ့ မထင်မှတ်ပဲ ပြန်လည်တွေ့ဆုံခွင့်ရခဲ့တဲ့ ကံကြမ္မာကြီးကို ကိုယ်အရမ်းကျေးဇူးတင်မိခဲ့တာပါ။မင်းကတော့ မှတ်မိရဲ့လားမသိဘူး.. ကိုယ်ကတော့ မင်းနဲ့စတင်ရင်းနှီးခဲ့ရတဲ့ အကြောင်းလေးတွေကို ရင်ထဲမှာ အမြဲမေ့နိုင်မှာ မဟုတ်ပါဘူး ဟာနရေ.

.............................
နှင်းတောထဲမှာ မင်းကို ကိုယ်စတင်တွေ့ရှိခဲ့ပြီး တစ်ပတ်လောက်အကြာမှာ မင်းက ကိုယ်လုံးဝမမျှော်လင့်ထားခဲ့ပါပဲ ကိုယ့်အလုပ်စာပွဲရှေ့မှာရောက်လာခဲ့တာလေ....အကြောင်းကတိုက်တိုက်ဆိုင်ဆိုင်ပဲနော်. ကိုယ့်ဆီကို နိုင်ငံခြားသူတစ်ယောက်ဖုန်းဆက်လာပါတယ်...သူက ဂျပန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း ၊ အဆင်ပြေမယ်ဆိုရင် ကျောင်းအားတဲ့ အချိန်တွေမှာ အချိန်ပိုင်းအလုပ်ဝင်ခြင်ပါကြောင်း ဖုန်းဆက်လာလို့ ကိုယ်က အင်တာဗြူးဘို့ ပြန်ချိန်းခဲ့တာပါ။

“ခွန်နိချိဝ.. ၀တရှိဝ ပန်း ဒက်စ် .. ကျော မင်းဆပ်ဆုနိ
ခိမရှိတနိုဒဲ မန်နေဂျာ ရာမဒစံ အိရပ်ရှိုင်းမတ်စ်က. ”
(ဟုတ်ကဲ့ ကျွန်မနာမည် ပန်း ဖြစ်ပါတယ်ရှင်... ဒီနေ့ အင်တာဗြူးခေါ်ထားလို့လာခဲ့တာပါရှင်.. မန်နေဂျာရာမဒစံ ရှိပါသလားရှင်။)

အဲဒီ ဂျပန်စကားပြောဝဲ၀ဲလေးနဲ့အတူ ဖုန်းကြိုဆက်ပြီး ကိုယ့်ရှေ့ကို ရောက်လာတဲ့ ပန်းကို ကိုယ် အံ့သြမှင်သက်စွာ ငေးကြည့်နေမိခဲ့ပါတယ်....ကိုယ် ဘယ်လိုမှ မယုံခဲ့နိုင်အောင်ပါပဲ ပန်းရယ်... မင်း ကိုယ့်ရှေ့ကို ဒီလိုရောက်လာမယ်ဆိုတာကို ကိုယ်မတွေးထားခဲ့မိတာပါ။ မင်း နဲ့ ကိုယ်နဲ့ VELOCE COFFEE SHOP ကလေးမှာတစ်ခေါက်တစ်ခါတွေ့ကြပြီး နောက်ထပ်တွေ့ဆုံဘို့ရာ ကိုယ်မမျှော်လင့်ရဲခဲ့တာပါ။ဒါပေမယ့် မင်း ကိုယ့်ရဲ့စာပွဲရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့တယ်လေ...

“ဟဂျိမဲမရှိတဲ့ .. ဘိုခု ၀ ရာမဒ ဒက်စ်... ဒိုးဇို ယိုးရိုးရှိခု အိုနဂိုင်းအိတရှိမတ်စ်” လို့ ကိုယ်ကမင်းကို စပြီးနှုတ်ဆက်လိုက်တော့ အားတက်သွားတဲ့ မင်းရဲ့ အပြုံးမျက်နှာလေးကို ကိုယ်တွေ့လိုက်ရပြီး..

“ဟဂျိမဲ မရှိတဲ့... ၀တရှိဝ ပန်းဒက်စ် .. ဒိုးဇို ယိုးရိုးရှိခု အိုနဂိုင်းရှိမတ်စ်” ( တွေ့ရတာ ၀မ်းသာပါတယ်ရှင်.. ကျွန်မနာမည် ပန်းဖြစ်ပါတယ်.)လို့ မင်းကကိုယ့်ကို ပြန်နှုတ်ဆက်လာပြီး ရုံးခန်းထဲကို ၀င်လာတာမို့ မင်းရဲ့လက်ထဲမှာ ချွတ်ပြီးကိုင်ထားတဲ့လောင်းကုတ်အကျီ အဖြူရောင်ကို ချိတ်ဖို့ ကိုယ်က ဟန်ဂါလေးတစ်ခုထုတ်ပေးလိုက်တော့ မင်းက ကုတ်အကျီလေးကို ဂျိတ်ကလေးနဲ့ယူချိတ်ထားပြီး အင်တာဗြူးဘို့ရာအတွက် ယုံကြည်မှုအပြည့်နဲ့ ရှိနေခဲ့တဲ့ မင်းရဲ့မျက်နှာလေးကို ကိုယ်အနီးကပ်မြင့်ခွင့်ရလိုက်ပြီး ကိုယ်ကြည်နူးစွာနဲ့ အမြဲတွေးနေမိခဲ့တာပါ ပန်းရေ....

အဲဒီအင်တာဗြူးနေ့က မင်းက လည်ပိတ်ဆွယ်တာ ပန်းရောင်လေး နဲ့ စတိုင်ဘောင်းဘီအနက်ရောင်ကို တွဲဖက်ဝတ်ဆင်ထားပြီး လည်ပင်းမှာ မာဖလာ အနက်ရောင်လေးကို စတိုင်ကျကျ စည်းထားခဲ့တယ်လေ။ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ မင်းပုံစံလေးကို ကိုယ်အမှတ်ပြည့်ပေးထားခဲပါတယ်။တကယ်တော့ မင်းအင်တာဗြူးမ၀င်ခင် လွန်ခဲ့တဲ့တစ်ပတ် မင်းကိုစတွေ့ကတည်းက ကိုယ့်ရင်ထဲမှာ မင်းကို အမှတ်တွေအပြည့်ပေးနေမိခဲ့တယ်ဆိုတာ မင်ယုံနိုင်ပါ့မလား ပန်းရေ.. မင်းနဲ့ခင်ပြီးမှ သိခဲ့ရတာက ပန်းရောင်ဆိုတဲ့အရောင်လေးက မင်းအတွက် အကျိုးပေးတတ်တာမို့ အင်တာဗြူးမယ့်နေ့မှာ အကျီပန်းရောင်လေး ၀တ်ခဲ့တဲ့အကြောင်းမင်း ကိုယ့်ကိုပြောပြခဲ့ဘူးတယ်နော်. မင်းကတော့ ကိုယ့်ကိုတစ်ခါဆုံဘူးခဲ့တာ လုံးဝမှတ်မိခဲ့ပုံ မပေါ်ဘူးလေ..အင်းလေ... အဲဒီနေ့က မင်းမှ ကိုယ့်ကို မကြည့်ခဲ့တာပဲကို.. ကိုယ်ကသာပဲ မင်းကို တချိန်လုံးငေးကြည့်နေမိခဲ့တာလေ...

ကိုယ်က မင်းရဲ့နာမည်ကိုမေးတော့ နာမည်လေးက ပန်း တဲ့လေ. ပန်းဆိုတာ ဘာအဓိပ္ပါယ်လဲလို့ ကိုယ်က ထပ်မေးခဲ့တော့ မင်းက ပန်းဆိုတာ ဂျပန်လို ဟာန လို့ခေါ်ပါတယ်လို့ ပြောခဲ့လို့ ကိုယ်က မင်းကို“ ဟာနကျန် ”ဆိုပြီး စိတ်ထဲမှာ စခေါ်ခဲ့မိပါတယ်..မင်းကို အင်တာဗြူးပြီးတာနဲ့ ဘဏ်အကောင့်ကို ကိုယ်ကတောင်းတော့ မင်းက ၀မ်းသာပျော်ရွှင်စွာနဲ့ “ အလုပ်က ချက်ချင်းခန့်လိုက်ပြီလား”လို့ မေးလာတယ်လေ... ကိုယ်ကလည်း “ဟုတ်တယ်.. နောက်တစ်ပတ် တနင်္လာနေ့ကစပြီး အလုပ်ဝင်ပေးပါ ..အိုနဂိုင်းရှိမတ်စ် ”လို့ဆိုတော့ အတိုင်းမသိပျော်ရွှင်သွားပြီး မင်းက ကိုယ့်ကို “အရိဂတိုဂိုဇိုင်းမတ်စ် .. ဟွန်းတိုနိ အရိဂတို ဂိုဇိုင်းမရှိတ” ( ကျေးဇူးတင်ပါတယ်..တကယ်ပဲ အရမ်းကို ကျေးဇူးတင်မိပါတယ်)ဆိုပြီး မျက်ရည်ဝဲ၀ဲလေးနဲ့ ပျော်ရွှင်စွာပြောသွားတဲ့ မင်းရဲ့မျက်နှာလေးကို ကိုယ်အခုအထိ မမေ့နိုင်သေးပါဘူး ဟာနရေ...

မင်းအလုပ်ဝင်ပြီးတော့ ကိုယ်မင်းကို တခြားသူတွေထက်ပိုဂရုစိုက်ခဲ့တာကို တခြားဝန်ထမ်းတွေက သတိထားမိကြတယ်လေ...မင်း အလုပ်ဝင်မယ့်အချိန်တွေမှာ ကိုယ်အမြဲရှိနေပေးပြီး မင်းကိုအားပေးခဲ့တာတွေ မင်းအမှတ်တရရှိနေဦးမယ်လို့ ထင်ပါတယ် ဟာနရယ်..ကိုယ်တို့ကုမ္ပဏီမှာ ၀န်ထမ်း ၇၀ ကျော်ရှိတယ်... နိုင်ငံခြားသားဝန်ထမ်းက လက်ချိုးရေတွက်လို့ရအောင် အနည်းငယ်ပဲခန့်တာပါ။နိုင်ငံခြားသားဝန်ထမ်းဆိုရင် ဂျပန်စာကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်မှ အလုပ်ခန့်ချင်ကြပေမယ့် ကိုယ်မေးခဲ့တဲ့ အင်တာဗြူးတချို့ကို ဖြေနိုင်ပေမယ့် လျှောက်လွှာပုံစံဖြည့်ခိုင်းတော့ ခန်းကြီးစကားလုံးတွေကို သေသေခြာခြာနားမလည်ခဲ့လို့ ကိုယ်မင်းကို သေသေခြာခြာရှင်းပြကူညီပေးခဲ့ပြီး မင်းကိုကိုယ် ချက်ချင်းအလုပ်ခန့်ခဲ့တာပါ။ကိုယ် အားလုံးကို သတိရနေမိတယ် ပန်းရေ..

မင်း အလုပ်ဝင်ပြီး မကြာခင်မှာပဲ ကိုယ် မင်းကို စိတ်ဝင်စားနေကြောင်းကို ဂျပန်သူငယ်ချင်းတွေကနေတဆင့် မင်းရိပ်မိသိရှိသွားခဲ့တော့ သူတို့ဆီကနေ ကိုယ်တဆင့်ပြန်ကြားခဲ့ရတာက မင်းမှာ မင်းရဲ့နိုင်ငံကိုပြန်ရောက်ရင် လက်ထပ်ရမယ့် ချစ်သူရှိနေပြီးသားတဲ့လေ... ကိုယ်အရမ်းကြေကွဲခဲ့ရတာတွေ မင်း ရိပ်မိသိရှိခဲ့မှာပါ။ပန်းရယ် ဘာပဲဖြစ်ဖြစ် ကိုယ် မင်းကိုစွဲစွဲလန်းလန်းချစ်မိခဲ့ပါတယ်... လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူရှိပြီးသားမိန်းကလေးတစ်ယောက်ကို ကိုယ်ရဲ့ချစ်ခြင်းတွေကိုဖွင့်ပြောဘို့ ကြံစည်မိပေမယ့် ကိုယ့်ကိုသာမာန်မိတ်ဆွေ တစ်ယောက်လိုပဲ ပြောဆိုဆက်ဆံခဲ့တတ်တဲ့ မင်းကို ကိုယ်ဖွင့်ပြောနိုင်ခွင့်မရရှိခဲ့ပဲ မင်းရဲ့အလုပ်ချိန်တွေမှာ မင်းရဲ့ အနီးအနားမှာ ကိုယ်ရှိနေရရုံနဲ့ ကျေနပ်နေခဲ့ရတာပါ ဟာနရယ်..

မင်း အခုဆိုရင် မင်းရဲ့ချစ်သူနဲ့ ပျော်ရွှင်နေပြီပေါ့နော်.. ၀မ်းသာဂုဏ်ယူမိပါတယ် ပန်းကလေးရေ...ကိုယ်ကတော့ မင်းအလုပ်ဝင်သွားတဲ့ ၂ နှစ်အတွင်းမှာ မင်းရဲ့ပုံရိပ်လေးတွေ နေရာတကာမှာ ရှိနေသလိုပဲ ခံစားနေရပါတယ်..မင်းကလည်း ကိုယ့်ကို သူများတွေထက်ပိုခင်ပါတယ်နော်.. အဲဒီအတွက်ကိုပဲ ကိုယ် မင်းကို ကျေးဇူးတင်နေမိခဲ့ပါတယ် ပန်းရယ်.. ပန်း သူ့ရဲ့နိုင်ငံကို ပြန်ရတော့မယ် ဆိုတာကြားတော့ ကိုယ့်စိတ်တွေ ယိုင်လဲခဲ့ရတယ်... မိတ်ဆွေသူငယ်ချင်းတွေက မင်းကိုဖွင့်ပြောဘို့ တိုက်တွန်းခဲ့ပေမယ့် ကိုယ် စည်းကမ်းတစ်ခုကို စောင့်စည်းခဲ့ပါတယ်။မိတ်ဆွေတွေက ဟာနကျန်က လက်ထပ်ပြီးသားအိမ်ထောင်ရှိသေးတဲ့သူမဟုတ်တဲ့အတွက် သူ့မှာရွေးချယ်ပိုင်ခွင့်ရှိသလို ကိုယ်ကလည်းဖွင့်ပြောခွင့်ရှိပါတယ်လို့ အားပေးခဲ့ကြတယ်လေ.. ဒါပေမယ့် ဟာနရယ်.. ကိုယ့်ကိုကိုယ်အားကိုးပြီး အလုပ်ပျော်ရွှင်စွာလုပ်နေတဲ့ နိုင်ငံခြားသူတစ်ယောက်ကို ကိုယ်အခွင့်အရေးတွေ မယူချင်ဘူး။မင်းကလည်း ကိုယ်မင်းကို ချစ်နေတာကို သိနေပေမယ့် ကိုယ့်အပေါ် ပုံမှန်ပဲဆက်ဆံခဲ့တယ်လေ။မင်း တော်ပါတယ် ဟာနရယ်.. မင်းရဲ့ချစ်သူအပေါ် မင်းသစ္စာရှိပါတယ်။

နှင်းတွေ တဖွဲဖွဲကျနေပြီ ဟာနရေ...ဒီအချိန်ဆိုရင် ကျလာတဲ့အဖြူရောင်နှင်းဖွေးဖွေးတွေကို လက်အိတ်ကလေးဝတ်ပြီး လက်နဲ့လိုက်ဖမ်းတတ်တဲ့ မင်းကို ကိုယ်အရမ်းသတိရမိနေသလို ၊ နှင်းတောထဲမှာ ဆွယ်တာအကျီအနီရောင်လေးဝတ်ပြီး လမ်းလျှောက်နေတဲ့ မင်းရဲ့ရုပ်ပုံလွှာလေးက နှင်းတွေနဲ့အတူ ကိုယ့်မျက်လုံးထဲမှာ စွဲမြဲစွာရှိနေဆဲပါ ပန်းရယ်.

စာရေးရင်းနဲ့ အရမ်းရှည်သွားပြီ ပန်းကလေး (ခေါ်) ဟာနကျန်ရေ... ကိုယ် မင့်ကို အရမ်းသတိရလို့ စာရေးလိုက်တာပါ။ အမှားပါရင် တောင်းပန်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ဟာနနဲ့ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။


ဟာနကျန် ကျန်းမာပျော်ရွှင်ပါစေ။

YAMADA @ YAYA

----------------------------------------------------------------------
ရာရာရဲ့စာအရှည်ကြီးကိုဖတ်ပြီး ကျွန်မရဲ့မျက်ဝန်းနှစ်ဖက်မှာ မျက်ရည်တွေစီးကျလာခဲ့ပါတယ်... ရာရာရယ် ကျွန်မကလည်း ရာရာ့ကို သံယောဇဉ်ရှိ ချစ်မိခဲ့တဲ့သူပါ။ အရာရာမှာ ကျွန်မအပေါ် ဦးစားပေးတတ်ပြီး နိုင်ငံခြားသားဖြစ်ပေမယ့် ကျွန်မအပေါ် အချိန်ပြည့် ဂရုတစိုက်ရှိနေခဲ့တာ ကျွန်မ တကယ်ပဲ အံ့သြ ၀မ်းသာမိခဲ့တာပါ။ကျွန်မအလုပ်စ၀င်ကတည်းက ကျွန်မအပေါ် ခင်မင်သိကျွမ်းဘူးတဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားပြီး အားမငယ်အောင် စကားလုံးအမျိုးမျိုးတွေနဲ့ အားပေးခဲ့တယ်..လိုအပ်တာတွေရှိရင်ပြောဘို့ မှာထားပြီး ကျွန်မရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီပေးခဲ့တာ တကယ်ကို အံ့သြခဲ့ရတာပါ...ကျွန်မအလုပ်ကို အင်တာဗြူးဘို့လာတော့ ရာရာ့ကို ပထမဦးဆုံးအကြိမ်တွေ့ဘူးခြင်းဖြစ်ပေမယ့်လည်း ကျွန်မရင်ထဲမှာ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးပြီးသား မိတ်ဆွေတစ်ယောက်လိုပဲ စိတ်ထဲမှာ ရင်းနှီးသွားခဲ့မိတာပါ။ ကျွန်မကတောင်တွေးမိခဲ့သေးတယ်လေ ဒုက္ခပါပဲ ရှေးရေစက်များလားမသိဘူးလို့။ကျွန်မစိတ်ထဲမှာ ရာရာ့ကို ရင်းနှီးခင်မင်ခဲ့သလို နိုင်ငံခြားသူတစ်ယောက်ဖြစ်တဲ့ ကျွန်မအပေါ် မထင်မှတ်နိုင်လောက်အောင် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်ခဲ့တဲ့ ရာရာ့ကို စိတ်ထဲကနေ ကျိတ်ချီးမွမ်းပြီး သံယောဇဉ်တွယ်မိခဲ့ရပါတယ်.

ဒီလိုနဲ့ ကျွန်မအလုပ်ဝင်ပြီးသိတ်မကြာခင်မှာပဲ ရာရာက ကျွန်မကိုချစ်နေတယ်ဆိုတာ ကျွန်မသိလိုက်ရတာလေ..ဂျပန်သူငယ်ချင်းမလေးတွေက “ဟိုနေ့က ဟာနကျန်နေမကောင်းလို့ အလုပ်မ၀င်နိုင်တာနဲ့ ရာမဒစံရယ်လေ အရမ်းစိတ်ပူနေတာပဲ..မျက်နှာကို ပျက်နေတာပဲ..သူ့ကိုအရင် သတင်းသွားပို့လိုက်ပါဦး”လို့ ပြောလာကြတယ်... ကျွန်မအလုပ်ပြန်ဝင်တော့ ပြာပြာသလဲပဲ “နေကောင်းပြီလား ၊ အလုပ်မလုပ်နိုင်သေးရင် အနားယူပါဦး”နဲ့ စိတ်ပူစွာပြောတတ်ခဲ့တာတွေ ကျွန်မသတိထားမိခဲ့ပါတယ် ရာရာရယ်..ကျွန်မနေမကောင်းဖြစ်ချိန် အလုပ်ထဲမှာ ကျွန်မနေ့လည်စာစားဘို့ ထမင်းဘူးလေးတွေဝယ်လာပေးတတ်သလို ၊ကျွန်မကြိုက်တဲ့ Cheese Cake ကလေးတွေကိုပါ ၀ယ်လာပြီး ဒိုးဇို ဟာနကျန် (စားပါ ပန်းကလေး)ဆိုပြီး အနားမှာ စားစရာတွေ လာချပေးထားတတ်ခဲ့တာမို့ နိုင်ငံခြားမှာ နေမကောင်းလို့ မိဘဆွေမျိုးနဲ့ဝေးနေချိန်မှာ အားငယ်နေပေမယ့်လည်း ကျွန်မအပေါ် ကူညီအားပေးတတ်ခဲ့တဲ့ ရာရာ့ရဲ့ ရင်ထဲကလာတဲ့စေတနာတွေကို ကျွန်မ အသိအမှတ်မပြုပဲ မနေနိုင်ခဲ့ပါဘူး ရာရာရေ..

တကယ်တော့ ဂျပန်တွေထဲမှာ ရာရာ့ရဲ့ရုပ်က ထင်ထင်ရှားရှား ရှင်းရှင်းသန့်သန့်လေးပါ။ ဂျပန်မိန်းကလေးဝန်ထမ်းတွေကလည်း ရာရာ့ကိုဆိုရင် အပြိုင်စိတ်ဝင်စားကြပြီး Valentine's Day တွေမှာဆိုရင် ဂျပန်တွေရဲ့ထုံးစံအရ ဂျပန်မိန်းကလေးတွေက မိမိနှစ်သက်မြတ်နိုးတဲ့ ဂျပန်ယောကျာင်္းလေးတွေကို ချောကလက်လက်ဆောင်တွေ ပေးခဲ့ကြတာမို့ အလုပ်ထဲမှာဆိုရင် ထူးထူးခြားခြား ရာရာက ချောကလက်လက်ဆောင် လှလှလေးတွေ အများကြီးရခဲ့တဲ့သူပါ။ ရာရာ့နားမှာ ဂျပန်မချောချောလေးတွေရှိနေရက်နဲ့ ဘာဖြစ်လို့ ကျွန်မကိုမှ စိတ်ဝင်စားခဲ့ရတာလည်း ရာရာရယ်...Valentine's Day ပြီးတော့ နောက်တစ်လ ၁၄ ရက်နေ့ဆိုရင် ယောကျာင်္းလေးတွေက မိမိချစ်တဲ့သူတွေကို ချောကလက် လက်ဆောင်ပြန်ပေးရင် သူတို့ချစ်သူတွေ ဖြစ်သွားကြတယ်လေ.. အဲဒီ မတ်လ ၁၄ရက်နေ့မှာ ရာရာက ကျွန်မကို ချောကလက် လက်ဆောင်လှလှကြီး တထုတ်ကို သူများတွေရှေ့မှာ လက်ဆောင်လာပေးတော့ ကျွန်မလည်းအံ့သြသွားသလို တခြားဝန်ထမ်းတွေကပါ “ဟာနကျန်အိုမဲဒဲတို ”ဆိုပြီး ၀ိုင်းအော် လက်ခုတ်တီးကြတာကို ကျွန်မက မသိချင်ယောင်ပြုပြီး ချောကလက်ထုတ်ကြီးကိုဖောက်ပြီး ၀န်ထမ်းတွေနဲ့အတူတူ စားခဲ့လိုက်တာပေါ့။

အမှတ်တမယ့်ဆိုပြီး သဘောထားတတ်တဲ့ ကျွန်မရဲ့မွေးနေ့တွေမှာ ရာရာက ကျွန်မကိုတွေ့တာနဲ့ မှတ်မှတ်ရရ “အိုတန်းဂျောဘိ အိုမဲဒဲတို ဂိုဇိုင်းမတ်စ် ”ဆိုနှုတ်ဆက်ပြီး မွေးနေ့လက်ဆောင် လှလှလေးတွေပေးခဲ့တော့ ကျွန်မတကယ်ပဲ အံ့သြသွားခဲ့မိတယ်လေ... ကျွန်မအင်တာဗြူးတုန်းက ကျွန်မရဲ့ပရိုဖိုင်းဖြည့်ရတာမို့ ကျွန်မရဲ့မွေးနေ့ကို ရာရာသိနေခဲ့တာ ဖြစ်မှာပါ။ခရစ်စမတ်နေ့တွေမှာလည်း ပန်းကလေးအတွက် လက်ဆောင်ဆိုပြီး အရုပ်လှလှကြီးတွေပေးခဲ့ပြန်တော့ ကျွန်မကတော့ မယူလည်းမကောင်းတာနဲ့ ကျေးဇူးတင်စကားပြောရင်း လက်ဆောင်တွေလက်ခံယူပြီး ၀မ်းသာပျော်ရွှင်မိခဲ့ပါတယ်။

ရာရာရေ... ကျွန်မအပေါ် အဲဒီလို ဂရုတစိုက်နဲ့ ချစ်ခင်ကြင်နာမှုတွေပေးခဲ့တဲ့ အတွက် ကျွန်မဘယ်လောက် ၀မ်းသာခဲ့ရတယ်ဆိုတာကို ရာရာ ဘယ်တော့မှသိနိုင်မှာ မဟုတ်ပါဘူးလေ... ကိုယ့်အပေါ် အလိုက်သိတတ်လွန်း ၊ အစစအရာရာ အကူအညီပေးတတ်လွန်းတဲ့ ယောကျာင်္းလေးတစ်ယောက်ကို ကျွန်မကလည်းသံယောဇဉ်ရှိ ချစ်မိသွားခဲ့တယ်ဆိုရင် ရာရာယုံမှာမဟုတ်ဖူးနော်....ကျွန်မအပေါ် ရာရာက စိတ်ဝင်စားနေတယ်လို့ စတင်သိလိုက်ရတဲ့ အချိန်ကစပြီး ကျွန်မမှာ ကိုယ့်နိုင်ငံကိုပြန်ရင် လက်ထပ်ရမယ့်ချစ်သူရှိပြီးသားလို့ ကျွန်မပြောထားခဲ့တာကို ရာရာတို့တွေ တကယ်ယုံကြည်သွားခဲ့ကြတယ်နော်...

တကယ်တော့ ကျွန်မမှာ မြန်မာပြည်ပြန်ရောက်ရင် လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူဆိုတာ လုံးဝမရှိပါဘူးရှင်။ကျွန်မကိုယ်တိုင်ကနိုင်ငံခြားသားကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်ဘို့ ဘယ်သောအခါမှ စိတ်မကူးထားခဲ့သလို ကျွန်မရဲ့မိဘတွေကိုယ်တိုင်ကလည်း ကျွန်မရဲ့အိမ်ထောင်ဘက်ဟာ နိုင်ငံခြားသားဘယ်တော့မှ မဖြစ်စေရဘူးလို့ အတန်တန်သတိပေးထားခဲ့ဘူးတာမို့ ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က သံယောဇဉ်ရှိစိတ်ဝင်စားနေတယ်ဆိုတာ သိလိုက်တာနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ ကျွန်မမှာလက်ထပ်ရမယ့် ချစ်သူအသင့်ရှိနေပြီးသားလို့ ညာပြောခဲ့မိတာပါ ရာရာရယ်...တကယ်တန်း ရာရာ့ရဲ့ ဂရုတစိုက် ချစ်ခင်တန်ဘိုးထားမှုတွေကို တွေ့လာရတော့ ကျွန်မ ရာရာ့ကို အရမ်းချစ်မိသွားပေမယ့်လည်း ကျွန်မရဲ့မာနတရားက ကျွန်မကိုတားခဲ့ပါတယ်... “ငါ ဘယ်တော့မှ နိုင်ငံခြားသားကို လက်မထပ်ဖူး” လို့ ဇွတ်အတင်း ဆုံးဖြတ်ချက်ကို ခိုင်မာအောင်ထားပြီး ရာရာ့ကို ကျွန်မသံယောဇဉ်တွေဖြစ်အောင်မနေပဲ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံခဲ့မိတာပါ။

ကျွန်မလည်း ရာရာ့ရဲ့သံယောဇဉ်တွေကို နားလည်ခဲ့ရသလို ကျွန်မကိုယ်တိုင်ကလည်း ရေခြားမြေခြားမှာ ကိုယ့်အပေါ် ဂရုတစိုက်နဲ့ အလေးထားပြီး ဆက်ဆံခဲ့တဲ့ ရာရာ့အပေါ် သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာ အရင်ဘ၀တွေက ရေစက်တွေကြောင့်များလား ရာရာရယ်.....ဒါပေမယ့် ကျွန်မ ရာရာ့ကို ဘယ်လောက်ချစ်ချစ် ရာရာ ဘယ်တော့မှ မသိစေရပါဘူး။ရာရာသိထားသလိုပဲ ကျွန်မ အခုဆိုရင် ကျွန်မရဲချစ်သူနဲ့ ပျော်ရွှင်နေပြီလို့ပဲ သတ်မှတ်ထားလိုက်ပါတော့ရာရာရယ်...

ကျွန်မပြန်တော့ ရာရာက MP3 player လေးတစ်ခုလက်ဆောင်ပေးခဲ့ပြီး[SAYONARA DAISUKINAHITO] ဆိုတဲ့ သီချင်းလေးကို တစ်ခွေလုံးအပြည့်နီးပါး သွင်းထားပေးခဲ့တာမို့ ကျွန်မရဲ့အပြန်လမ်းမှာ သီချင်းလေးနားထောင်ရင်း ကျွန်မရဲ့ပါးပြင်မှာ မျက်ရည်တွေစီးကျနေခဲ့တာ ရာရာ တစ်ယောက် ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူးနော်..

ကျွန်မကလည်း သတိရနေပါတယ် ရာရာရယ်.. ဒါပေမယ့် ကျွန်မဘယ်လောက်ပဲ သတိရရ ရာရာ့အပေါ်ရှိနေတဲ့ သံယောဇဉ်တွေကို ကျွန်မရအောင်ဖြတ်ပါ့မယ်..
တကယ်တော့ ကျွန်မနဲ့ ရာရာတို့ဟာ သံယောဇဉ်ရှိပြီး တစ်ဦးအပေါ် တစ်ဦး အရမ်းချစ်ခဲ့ကြပေမယ့် ကျွန်မတို့ နှစ်ဦးရဲ့လူမျိုးမတူ ၊ ဘာသာစကားမတူ ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ မတူ နေထိုင်ကြီးပြင်းရာ နိုင်ငံချင်းပါမတူကြဘူးလေ.. ကိုယ့်မြေကိုယ့်ရေနဲ့ ကိုယ့်လူမျိုးကို ချစ်တဲ့ ကျွန်မဟာ ဘာပဲဖြစ်ဖြစ် ကျွန်မနိုင်ငံလေးမှာပဲ ခေါင်းချ သေဆုံးချင်ပါတယ်။ထို့အတူ ရာရာ့ကိုလည်း ငယ်ငယ်ကတည်းကနေသားကျနေပြီဖြစ်တဲ့ ရာရာ့ရဲ့နိုင်ငံမှာပဲ နေစေချင်ပါတယ်။ကျွန်မ ဘယ်တုန်းကမှ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ယူမယ်လို့ မတွေးမိခဲ့သလို နိုင်ငံခြားမှာ အိမ်ထောင်ပြုပြီး တသက်လုံးနေသွားဘို့လည်း ဘယ်တုန်းကမှ စိတ်မကူးခဲ့မိတာမို့ ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ မှန်ပါတယ်လို့ပဲ ကျွန်မယူဆနေရင်းနဲ့ ကျွန်မမကြာခဏ ရွတ်ဆိုတတ်တဲ့ နီရူဒါရဲ့ ကဗျာလေးကို ရွတ်ဆိုလိုက်မိပြန်ပါတယ်.............

“ငါ့တိုင်းပြည်လေးမှာ..
သစ်မြစ်တွေကိုတောင်
ငါချစ်တယ်...တကယ်လို့
အကြိမ်ပေါင်းတစ်ထောင်
သေရင်....
အဲဒီမှာပဲငါသေချင်တယ်
တကယ်လို့
အကြိမ်ပေါင်းတထောင်
ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။ ”
------------------------------------------------
SAYONARA DAISUKINA HITO




sayonara dai sukina hito. .....sayonara dai sukina hito..
နှုတ်ဆက်ပါတယ်သိပ်ချစ်ခဲ့ရတဲ့သူရယ်..နှုတ်ဆက်ခဲ့ပါတယ်နော်...
mada dai sukina hito.
အရမ်းချစ်နေဆဲပါချစ်သူရယ်
kuyashii yo totemo kanashii yo totemo..
အရမ်းခံစားရ၊ အရမ်းဝမ်းနည်းရပါတယ်..
mou kaette konai.
နောက်ပြန်မဆုံနိုင်တော့ဘူး..
soredemo watashi no dai sukina hito
ဒါပေမယ့်လည်းကျမရဲ့အရမ်းချစ်ရတဲ့သူရယ်..
nanimokamo wasurerarenai.
နည်းနည်းလေးမှ မေ့လို့မရပါဘူး..
nanimokamo sutekire nai.
နည်းနည်းလေးမှမစွန့်လွှတ်မပြတ်တောက်နိုင်ပါဘူး..
konna jibun ga mijime de yowakute kawaisou de daikirai
ဒီလိုစိတ်ဆင်းရဲ၊ စိတ်အားငယ်ပြီး၊ သနားစရာကျမကိုယ်ကျမကမုန်းတီးမိတယ်။
sayonara dai sukina hito.. sayonara dai sukina hito..
နှုတ်ဆက်ပါတယ်သိပ်ချစ်ခဲ့ရတဲ့သူရယ်..
zutto dai sukina hito..
အမြဲတမ်းထာဝရအရမ်းချစ်ရတဲ့ချစ်သူရေ..
zutto zutto dai sukina hito..
တစ်သက်လုံးအမြဲတမ်းထာဝရအရမ်းချစ်ရတဲ့ချစ်သူရေ..
nakanai yo ima wa ..nakanai de ima wa
မငိုတော့ဘူးချစ်သူရေ..မငိုပါနဲ့ချစ်ရတဲ့သူရေ..
kokoro hanarete yuku.
နှလုံးသားချင်းခွဲခွာပြီး တစ်လမ်းစီသွားကြပါစို့..
soredemo watashino daisukina hito..
ခွဲခွာသွားရပေမယ့်လည်းရှင်ဟာကျမရဲ့အချစ်ဆုံးချစ်သူပါဘဲ..
saigo da to iikikasete..saigo made iikikasete..
ဒါဟာနောက်ဆုံးအချိန်ဆိုရင်..နောက်ဆုံးအချိန်အထိ ရင်ဖွင့်ခွင့်ပြောပြခွင့်ပြုပါ။
namida yo tomare saigo ni egao wo oboete oku tame..
မျက်ရည်တွေကိုသုတ်ပြီး နောက်ဆုံးနှုတ်ဆက်ချိန်မှာ အပြုံးမျက်နှာကို အမှတ်ရနေစေချင်လို့ပါ။
sayonara dai sukina hito.. sayonara dai sukina hito..
နှုတ်ဆက်ပါတယ်သိပ်ချစ်ခဲ့ရတဲ့သူရယ်..
zutto dai sukina hito..
ထာဝရအရမ်းချစ်ရတဲ့ချစ်သူရေ..
zutto zutto dai sukina hito..
အမြဲတမ်းထာဝရအရမ်းချစ်ရတဲ့ချစ်သူရေ..
zutto zutto zutto dai sukina hito..
တစ်သက်လုံးအမြဲတမ်းထာဝရအရမ်းချစ်ရတဲ့ချစ်သူရေ..


အားလုံးပျော်ရွှင်နိုင်ကြပါစေ.



အားလုံးကိုလေးစားခင်မင်ချစ်ခင်စွာဖြင့်

ဝါ၀ါခိုင်မင်း