ဒီနေ့စာရေးချင်စိတ်ပေါက်နေလို့ပို့စ်အသစ်လေးတစ်ခုရေးဖို့စဉ်းစားမိတယ်။ဒါပေမယ့်ဘာရေးရမယ်မှန်းလဲမသိဘူး။ပို့စ်အသစ်မရေးဖြစ်တာကြာသွားပြီ၊လာလည်တဲ့မိတ်ဆွေတွေကိုလည်းအားနာပါတယ်။ဒီနေ့ကျမစဉ်းစားမိတာက ကျမရဲ့သမီးလေးအကြောင်းရေးရမလားလို့။ (ကိုအန်ဒီ ကိုအားကျလို့ပါ ) :D
ကျမသမီးလေးနဲ့မိတ်ဆက်ပေးပါရစေရှင်။သမီးလေးကို၂၀၀၁ ခုနှစ်သြဂုတ်လ၂၃ ရက်နေ့မှာရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်၊ကျမ သမီးလေးနာမည်ကမမေမြတ်နိုးခိုင်ဖြစ်ပြီး သမီးလေးက ဒီလသြဂုတ်လ ၂၃ ရက်နေ့ဆိုရင် အသက် ၇နှစ်ပြည့်ပါပြီ။ သမီးလေးရဲ့မွေးနေ့မှာ Tokyo Disney Land ကို မြန်မာမိတ်ဆွေမိသားစုနဲ့အတူ သွားလည်ကြဖို့ စီစဉ်ထားကြပါတယ်။သမီးလေး ကသူမွေးနေ့ရောက်တိုင်း သူဆန္ဒရှိ တာ တစ်ခုခုတောင်းဆိုတယ်လေ၊ ကျမတို့ကလည်း သူ့ကိုလိုချင်တာတောင်းဆိုခွင့်ပေးထားကြပါတယ်၊သူရဲ့မွေးနေ့တိုင်းမှာသူစိတ်ချမ်းသာပျော်ရွှင်စေအောင်လို့ပါ။သမီးလေးကအသက်၂နှစ်ခွဲလောက်ကစပြီး computer kid english games တွေကို ကျွမ်းကျင်စွာဆော့နေနိုင်ခဲ့ပါပြီ၊သူအဖေ ဆေးခန်းထိုင်ချိန်မှာ သူကိုဆေးခန်းထဲမှာပဲ Computerတစ်လုံးနဲ့ အဖေ နားမှာပဲ ဆော့စေခဲ့တာပါ၊ လူနာတွေက သမီးလေး english Games တွေဆော့နေတာကိုကြည့်ပြီး တော်လိုက်တာလို့ချီးမွန်းခဲ့ကြတာပေါ့။သမီးလေး အသက်၃နှစ်မှာ ကမ္ဘာအေးဘုရားလမ်းကES4E Centerမှာ မူကြိုကျောင်း အပျော်စတက်ခဲ့ ပါတယ်၊အဲဒီES4E Center လေးက ILBC လိုမျိုးကျောင်းလေးဖြစ်ပြီး ILBC လောက်တော့ ဈေးမကြီးပါဘူး။ အဲ့ဒီတုန်းက ကျောင်းဝင်ကြေးနဲ့ ကျောင်းလခ ၃လစာကို ၁သိန်း၈သောင်းလောက်ကျပါတယ်၊ဖယ်ရီကား ခတော့မပါသေးပါဘူး၊ ဖယ်ရီကားခကတော့သိပ်ဈေးမကြီးပါဘူး၊တစ်လမှ ၃၀၀၀ကျပ်ပဲပေးရတာပါ၊၃ လစာ တစ်ခါတည်းကြိုသွင်းရတာပေါ့နော်၊အဲဒါနဲ့ကြုံတုန်းပြောပြရဦးမယ်၊ဖယ်ရီကားခ က၃၀၀၀ကျပ်ပဲသတ်မှတ်ထားပေမယ့်ကားမောင်းတဲ့သူကိုတစ်လ၂၀၀ကျပ်ပိုပေးခဲ့ရပါတယ်၊ဘာလို့လည်းဆိုတော့လခ၃၀၀၀ကျပ်ပဲသွင်းရင် အိမ်ရှေ့အထိရောက်အောင် မပို့ပေးပါဘူးရှင်၊ပိုက်ဆံပိုပေးမှ အိမ်ရှေ့အထိရောက်အောင်ပို့ပေးတာတဲ့၊မဟုတ်ရင် လမ်းမကြီးပေါ်မှာပဲ လာစောင့်၊လမ်းမကြီးပေါ်အထိပဲပို့ပေးနိုင်တယ်ပေါ့နော်၊အဲဒါနဲ့ ကျမလည်း ဒရိုင်ဘာကို ငွေ၂၀၀၀ကျပ်ထပ်ပေးရတာပေါ့၊ဟီးဟီး ရီရတယ်နော်၊ တကယ်တော့ကျမတို့အိမ်က လမ်းမကြီးနား အိမ်မြောက်ပါပဲ၊ကျမကလည်း သမီးလေး ကို အိမ်ရှေ့အထိ လာပို့ လာကြိုစေချင်လို့ ပေးသင့်တာပေးလိုက်ရတယ်လို့ပဲ မှတ်ထားလိုက်ပါတယ်။ :D
သမီးလေးက အဲဒီကျောင်းလေးမှာဆင်တူ Uniform လေးတွေဝတ်ပြီးတက်ရတော့ အရမ်းပျော်ခဲ့ပါတယ်၊ကျောင်းလေးမှာ မြန်မာစာ နဲ့ အင်္ဂလိပ်စာတွေ သင်ပေးခဲ့လို့ သမီးလေးဟာ အင်္ဂလိပ်သီချင်းလေးတွေ၊ကဗျာလေးတွေ တော်တော်ဆိုတတ် ပြော တတ်ဆိုတတ် နေခဲ့ပါပြီ၊သူငယ်တန်း စာတွေဆိုလည်း အကုန်ဆိုနိုင်ပြီးတတ်နေခဲ့ပါ ပြီ။
သမီးလေးမြန်မာပြည်မှာ ကျောင်းဆက်တက်နေရင် သမီးလေးရဲ့ ပညာရေးဟာတော် တော်လေး တိုးတက်ကောင်းမွန်နေလောက်ပါပြီ၊ ဒါပေမယ့် ကျမအမျိုးသားဟာသမီးလေး ၃နှစ်ကျော်မှာ ဂျပန်ကိုပညာတော်သင်အနေနဲ့ထွက်လာရလို့ကျမတို့သားအမိဟာ၂၀၀၅ ခုနှစ်ဇွန်လမှာဂျပန်ကိုလိုက်လာခဲ့ကြတာမို့ သမီးလေးလည်းကျောင်းကနားပြီး လိုက်ရတာပေါ့နော်။ အဲဒါကြောင့် သမီးလေး ရဲ့ ၄နှစ်ပြည့်မွေးနေ့ကိုဂျပန်မှာ မိသားစု၃ဦး ပျော်ရွှင်စွာပြုလုပ်ခဲ့ကြပြီး သမီးလေးက စက်ဘီးလိုချင်တယ်ပူဆာလို့ သူအဖေ က စက်ဘီးကလေး ကိုမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပါတယ်ရှင်။ဂျပန်မှာကလေးအသုံးအဆောင်ပစ္စည်းတွေကလူကြီးအသုံးအဆောင်ပစ္စည်းတွေထက်ပိုပြီးဈေးကြီးတာမို့ လူကြီးစက် ဘီးတွေဆိုရင်ယန်း၁၂၀၀၀ ပဲပေးရပေမယ့် ၊ကလေးစက်ဘီး က ယန်း ၁၆၉၀၀ ပေးခဲ့ ရပါတယ်ရှင်။ သမီးလေးကတော့ စက်ဘီးလေးရတော့ အိမ်ထဲမှာပတ်စီးပြီးပျော်နေခဲ့တာပဲပေါ့၊အဲဒီတုန်းကကျမတို့မိသားစုက Tokyo Medical& Dental University အဆောင်မှာမိသားစုခန်းအဆောင်နေခွင့်ရခဲ့တာမို့ အိမ်ခန်းကအကျယ်ကြီးပါပဲ။သမီးလေးကလည်း အိမ်အကျယ်ကြီးမို့ အရမ်းပျော်ခဲ့ပါတယ်။
သမီးလေးရဲ့၅နှစ်ပြည့် မွေးနေ့မှာ ဈေးရောင်းတမ်းကစားရတဲ့ ကလေးဈေးဆိုင်လေးရချင်တယ်ပူဆာလို့ အဲ့ဒီ ဈေးဆိုင်လေးကို ဆက်လိုက်ဝယ်ပေးခဲ့ရပါတယ်၊အဲ့ဒီဈေးဆိုင်လေး ကို သမီးလေးက အိမ်ထဲမှာဖွင့်ထားပြီး နေ့တိုင်းကျမတို့ကိုဈေးဝယ်စေပြီး၊နေ့တိုင်းပဲဈေးရောင်းတမ်း ကစားနေခဲ့တာပါ။ဒီမှာကကျမတို့မြန်မာပြည်မှာလို အိမ်နီးနားသူငယ်ချင်းတွေမရှိတော့ အဖေနဲ့အမေ ကပဲ သူနဲ့အဖော်လုပ်ပေးရတာပေါ့နော်၊ကလေးတွေလည်း နိုင်ငံခြားရောက်ရင် သူတို့လေးတွေအတွက် ကောင်းကျိုးလည်းရှိတတ်သလို၊ဆိုးကျိုးလေးတွေလည်း ရှိတတ်ကြတာပါပဲရှင်။
နိုင်ငံခြားရောက်နေတဲ့ကလေးလေးတွေဟာ နိုင်ငံခြားမှာပဲမပြန်ချင်အောင်အရမ်းပျော်နေတဲ့သူလေးတွေရှိသလိုတချို့ကလေးလေးတွေဆိုရင် မိဘတွေအတွက်ကြောင့်လိုက်လာခဲ့ရတာမို့ ဒီမှာမပျော်ပေမယ့်လည်းသည်းခံပြီးနေနေရကြတဲ့ ကလေးလေးတွေပါကျမတွေ့ကြုံဖူးတာမို့ အဲ့ဒီကလေးလေးတွေ အတွက် ကျမကိုယ်ချင်းစာပြီး သနားမိပါတယ်။သူတို့လေးတွေဟာမြန်မာကလေးတွေအချင်းချင်းတွေ့ရရင်စိတ်လွတ် လက်လွတ်အရမ်းပျော်ကြ၊ ဆူညံနေအောင် ကစားကြပြီး ၊သူတို့လေးတွေကိုကြည့်ပြီး ကြည်နူးဝမ်းသာရမလို၊၀မ်းနည်းစိတ်မကောင်းရမလို နဲ့ ဘယ်လိုခံစားရမှန်းတောင်မသိတော့ပါဘူး။
ကျမသမီးလေးကတော့ဂျပန်မှာအရမ်းပျော်နေပါပြီ၊နောက်၂နှစ်လောက်ဆိုကျမတို့ မြန်မာပြည်ပြန်ကြမယ်လို့ပြောရင် နောက်ထပ် ၅နှစ်လောက်ထပ်ပြီးကျောင်းတက်ချင် သေးတယ်တဲ့လေ။ အခုဆို သမီးလေးဟာဂျပန်ကျောင်းမှာ ပထမတန်းတက်နေပါပြီ၊ ဂျပန်မှာက အသက်၆နှစ်ကစပြီး မူလတန်းကျောင်းစတက်ရတာပါ၊ကျောင်းစတက် တက်ချင်းတော့ သမီးလေးဟာ သူမူကြိုကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ခွဲပြီး နေရာသစ်မှာကျောင်းကြီးစတက်ရတာမို့ မပျော်ပဲ မြန်မာပြည် ကိုပြန်ချင်ကြောင်းပြောလာ လို့ ကျမတို့ စိတ်မကောင်းဖြစ်ရပါသေးတယ်၊မြန်မာကလေးတွေ အချင်းချင်းသာဆိုရင်ရင်းနှီးလွယ် ၊အခင်မြန်ပြီး နိုင်ငံခြားသားတွေနဲ့ဆက်ဆံပေါင်းသင်းရတော့ သူတို့လေး တွေမှာလည်း အခက်အခဲလေးတွေ ရှိကြပါတယ်၊ ဒါတောင် သမီးလေးက ဂျပန်ရောက် ပြီး၅ လလောက်အကြာမှာပဲ မူကြိုကျောင်းဝင်ခွင့်ရခဲ့လို့ ဂျပန်စကားကိုတော့ ကျမတို့ ထက် မွှတ်နေအောင်ပြောတတ်ပါတယ်။ ကျမတို့ မသိတာရှိရင် သူကိုပြန်မေးရပါတယ်။ မူလတန်းကျောင်း ၀င်စကတော့ အပေါင်းအသင်းအသစ်တွေ၊ဆရာဆရာမ တွေ ပါ အသစ်တွေ နဲ့တွေ့ရတော့ သူနည်းနည်း စိတ်လေသွားပုံရပါတယ်။မေမေ နဲ့ ဖေဖေ မြန်မာပြည် ခဏအလည်ပြန်ရအောင်လေ တဲ့လေ။ :D
ကျမတို့လူကြီးတွေတောင်မှ ပေါင်းသင်းဆက်ဆံရတဲ့သူတွေက ကိုယ့်လူမျိုးတွေမဟုတ် တော့ ပွင့်ပွင့်လင်းလင်းခင်ကြတာမှမဟုတ်တာနော်။သူတို့ကလေးတွေမှာ ကပိုပြီး အခက်အခဲရှိနိုင်တာပေါ့။ အခုတော့ သမီးလေးဟာကျောင်းမှာ အရမ်းပျော်နေပါပြီ။ ဒုတိယပိုင်း ကိုဖတ်ရသူတွေအဆင်ပြေအောင် ဒုတိယပို့စ်နေရာကို ပို့ထားပေးတဲ့အတွက် အောက်ဖက်မှာဆက်
ဖတ်နိုင်ပါတယ်ရှင်။


































