Saturday, July 25, 2009

အလှူဖိတ်ကြားလွှာ နဲ့ ဦးကောဝိဒနဲ့ စကားပြောဖြစ်ခြင်း



အကျယ်ချဲ့ကြည့်နိုင်ပါတယ်ရှင်

မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်....

ဒီနေ့မနက် ကျွန်မ ဦးဇင်းဦးကောဝိဒထံကိုဖုန်းခေါ်ခဲ့ပါတယ်ရှင်...
ဦးဇင်းဦးကောဝိဒမှ ဖုန်းခေါ်ပေးဘို့ မနေ့တုန်းက မောင်လေးစောရန်နောင်(idulize)ဆီကမေးလ်ရောက်လာတော့ ချက်ချင်းမြန်မာပြည်ကို ကျွန်မဖုန်းခေါ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ မနက်ရောက်တော့ စကာင်္ပူမှ ရွာသားလေး(YTU) နဲ့ အမေရိကားမှကိုရန်အောင်တို့ဆီကို အလှူငွေတွေပေးပို့တဲ့ အခြေအနေအဆင်ပြေပြီလားလို့ ဖုန်းဆက်မေးပြီး အကျိုးအကြောင်း သိရတာနဲ့ ဦးဇင်းဆီဖုန်းခေါ်ခဲ့လိုက်ပါတယ်....

ကျွန်မရဲ့ဖုန်းရတော့ ဦးဇင်းက ၀မ်းသာအားရနဲ့ ဒကာမကြီးနဲ့တကွ ဘလော့ဂါမောင်နှမများအားလုံး၊အလှူရှင်တွေအားလုံးကို ဦးဇင်းနဲ့တကွ သံဃာတော်အပေါင်းက မေတ္တာပို့သကြပါကြောင်း ၊ ဦးဇင်းတို့ ဆက်သွယ်ရေးအဆင်ပြေသွားတဲ့အတွက် အလုပ်အတွက် တော်တော်လေးအထောက်အကူပြု အဆင်ပြေသွားခဲ့ပါတယ်..... ဒကာမကြီးက လူသားတိုင်းမှာ ဖန်တီးနိုင်တဲ့ စွမ်းအားတွေရှိကြတယ်ဆိုတာကိုပြသလိုက်တာဖြစ်ပါကြောင်း ၊ ဦးဇင်းအလွန်ပဲ ကျေးဇူးတင်ဝမ်းမြောက်သာဓုခေါ်မိပါကြောင်း ၊ အလှူရှင်ဘလော့ဂါမောင်နှမတွေအားလုံးနဲ့ စာဖတ်သူများအားလုံးကို မေတ္တာပို့သ ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း ပြောပေးပါလို့ ပြောလာခဲ့ပါတယ်ရှင်....

နောက်ပြီး ဦးဇင်းဦးကောဝိဒနဲ့ ကျွန်မတို့ မိနစ် ၄၀လောက်ဖုန်းပြောလိုက်တာ ၊ဆရာတော်ကပဲ တောက်လျှောက်ပြောသွားခဲ့ပြီး ဘုန်းကြီးနဲ့ စကားသိတ်မပြောတတ်တဲ့ကျွန်မက “တင်ပါဘုရား ၊တင်ပါဘုရား”ကို အကြိမ် ပေါင်းများစွာရွတ်လိုက်ရပါတယ်.... ဆရာတော်နဲ့ အချိန်ကြာမြင့်စွာ စကားပြောပြီးတော့မှ ဆရာတော်ဦးကောဝိဒဟာ အများအတွက် အလွန်တက်ကြွစွာ ကိုယ်ကျိုးစွန့်လုပ်ဆောင်နေတဲ့ ဦးဇင်းတစ်ပါးဖြစ်ကြောင်းနဲ့ ဆရာတော်ထံမှ တန်ဖိုးရှိတဲ့ စကားပေါင်းများစွာကို မိန့်ကြားတော်မူခဲ့တဲ့အတွက် ဦးဇင်းကို ပိုပြီးကြည်ညိုလေးစားမိသွားခဲ့ရပါတယ်ရှင်......

ဦးဇင်းက မိန့်ခဲ့တဲ့အထဲမှ ကျွန်မမှတ်မိလိုက်တဲ့ အသိလေးတွေကိုမျှဝေပေးရမယ်ဆိုရင်ဖြင့် လူဖြစ်ရင် လူသားအကျိုးကိုဆောင်ရွက်ရမှာဖြစ်ပါကြောင်း ၊ လူတိုင်းလူတိုင်းမှာ စိတ်ခွန်အားတွေရှိကြပါကြောင်း ၊ အဲဒီစိတ်ခွန်အားတွေကို How to apply? ဘယ်လိုအသုံးချရင်ကောင်းမယ်ဆိုတာ ရွေးချယ်တတ်ရမှာဖြစ်ပါကြောင်း ၊ ဖြစ်နိုင်ရင် ကုသိုလ်လည်းရ ၊အကျိုးလည်းရှိတဲ့ အလုပ်ကလေးတွေလုပ်ပြီး လူတိုင်းရဲ့ စိတ်ခွန်အားတွေကို အသုံးချစေချင်ပါကြောင်း ၊ ကျွန်မတို့ ဘလော့ဂါမောင်နှမတွေကိုလည်း ဖြစ်နိုင်ရင် လူသားတွေကို အကျိုးရှိစေနိုင်မယ့် ပို့စ်တွေကိုရေးသားဖြန့်ဝေပေးစေလိုပါကြောင်း မိန့်ကြားခဲ့ပါတယ်ရှင်....

အလှူအတွက်ကို ကျွန်မက ဆရာတော်ထံလျှောက်ထားသည်မှာ .. တပည့်တော်တို့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများထံမှ စုစုပေါင်းအလှူငွေမှာ ၂၄၀၀၀၀၀ ( နှစ်ဆယ့်လေးသိန်းနီးပါး ဖြစ်ပါကြောင်း ) ၊ အလှူငွေမှာ တစ်နိုင်ငံတည်းမှ မဟုတ်ပဲ နိုင်ငံပေါင်းစုံမှ ပို့ပေးနေရ၍ အနည်းငယ်နောက်ကျပြီးမှ စုံစုံလင်လင် ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း ၊ တယ်လီဖုန်းဘိုး နဲ့ ဟန်းဆက်ဖိုး နှုတ်ပါက ၊အလှူငွေ ၄သိန်းခန့်ပိုသေးပါ၍ ဆရာတော်မှ လိုအပ်နေသောပစ္စည်းကို အလှူထည့်မည်ဖြစ်ပါကြောင်း လျှောက်ထားခဲ့ရာမှာ ဆရာတော်မှ အဲဒီအလှူကိစ္စအတွက် ပြောချင်လို့ ဒကာမကြီးကိုဖုန်းဆက်ခိုင်းခြင်းဖြစ်ပါကြောင်း ၊ Water cooler နဲ့ Stand Fan မှာ အလှူရှင် ရှိပြီးဖြစ်ပါသောကြောင့် ၂၅၀၀၀၀ ( နှစ်သိန်းခွဲ)တန်ဖိုးရှိတဲ့ ရေသန့်စက်တစ်လုံး လှူစေလိုပါကြောင်း နဲ့ ပိုသောအလှူငွေကို မနက်ဖြန်တွင်ပြုလုပ်မည့် အလှူတော်မင်္ဂလာ ၊ သံဃာတော်များဆွမ်းကျွေးရာတွင် ထည့်ဝင်စေလိုပါကြောင်းမိန့်ကြားခဲ့ပါတယ်ရှင်....

ဆရာတော်မိန့်ကြားခဲ့တဲ့အတိုင်း ကျွန်မ မှ တင်ပါဘုရား ၊ ဦးဇင်းအဆင်ပြေသလို ၊လိုအပ်သလို စီမံနိုင်ပါကြောင်း နဲ့ သံဃာတော်တွေကို ဆွမ်းကျွေးရာမှာ ကျွန်မတို့ဘလော့ဂါမောင်နှမတွေ၊စာဖတ်သူတွေအားလုံးရဲ့ အလှူငွေပါဝင်ရမှာဖြစ်လို့ အလွန်ပဲ ကြည်နူးဝမ်းသာပီတိဖြစ်မိပါကြောင်း လျှောက်ထားခဲ့ပါတယ်ရှင်....ပြီးတော့ ကျွန်မက အလှူငွေအတွက် အလှူငွေစာရင်းရှင်းတမ်းပို့စ်လေးရေးရဦးမှာဖြစ်ကြောင်း နဲ့ ဦးဇင်းအဆင်ပြေပါက ကျွန်မတို့ လှူတဲ့ အလှူပစ္စည်းတွေကို ဓါတ်ပုံရိုက်ပြီးပို့ပေးဘို့ ဦးဇင်ကိုမေတ္တာရပ်ခံခဲ့ရာမှာ ဦးဇင်းမှ ဒကာမကြီးက အများနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် စိတ်ချပါ ၊ ဦးဇင်းအားလုံးကိုဓါတ်ပုံရိုက်ပြီး ပို့ပေးဘို့ စီစဉ်ထားပြီးဖြစ်ပါကြောင်း နဲ့ အဆင်ပြေအောင်ဦးဇင်းအားလုံးစီစဉ်ပေးမည်ဖြစ်ပါကြောင်း မိန့်ကြားသွားခဲ့ပါတယ်ရှင်....

မနက်ဖြန် ဆရာတော် ဦးကောဝိဒရဲ့မွေးနေ့ဖြစ်ပြီး အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကျင်းပမယ့်နေ့ရက်လည်းဖြစ်ပါတယ်ရှင်..
ဆရာတော်ထံမှ ပေးပို့လာသော အလှူဖိတ်စာနဲ့ အလှူရှင်မောင်နှမများအားလုံးနဲ့ စာဖတ်သူမောင်နှမများအားလုံးကို ဖိတ်ကြားအပ်ပါတယ်ရှင်... ကျွန်မတို့ အလှူတော်အခမ်းအနားကို မတက်ရောက်နိုင်ကြပေမယ့် ဒီအလှူတော်အခမ်းအနားကြီးမှာ ကျွန်မတို့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများရဲ့ အလှူပစ္စည်းတွေ ၊ ဆွမ်းအလှူတွေပါတာမို့ အလှူအချိန်မှာ ကိုယ်လှူတဲ့အလှူအခမ်းအနားတစ်ခုလို စိတ်ထဲမှာ ကြည်နူးပီတိဝေစွာ မှတ်သားအောက်မေ့ပြီး သာဓုခေါ်ပြီး အမျှဝေနိုင်ကြစေရန် မေတ္တာရှေ့ထားပြီး ဖိတ်ကြားအပ်ပါတယ်ရှင်......ကျွန်မကိုယ်တိုင်လည်း ကျွန်မကိုယ်တိုင်အလှူကြီး တစ်ခုလုပ်မှာလို စိတ်ထဲမှာကြည်နူးပီတိဖြစ်စွာနဲ့ ခံစားနေရပါတယ်ရှင်...

မနက်ဖြန်(၉ ၊ ၇ ၊ ၂၀၀၉) အလှူတော်မင်္ဂလာမှာ ဆရာတော်မှ သံဃာတော်များကို နတ်သုဒ္ဓါဒံပေါက်ဆွမ်း ဆပ်ကပ်လှူဒါဏ်းမည်ဖြစ်ပါကြောင်း ၊ထို နတ်သုဒ္ဓါ ဒံပေါက်ဆွမ်းအလှူမှာ ကျွန်မတို့ ဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူမောင်နှမများရဲ့ အလှူငွေ ၁၅၀၀၀၀(တစ်သိန်းခွဲခန့်) အလှူပါဝင်မှာဖြစ်ပါသောကြောင့် မိမိတို့ပြုတဲ့ ကိုယ်ပိုင်အလှူကြီးတစ်ခုလို သဘောထားပြီး ကြည်နူးပိတိဝေဖြာစွာနဲ့ သာဓုခေါ်ဆိုနိုင်ကြပါစေရှင်.............
ထပ်မံဖြည့်စွက်ချက်.... ( ၉.၇.၂၀၀၉)
မနေ့ညက အလှူအတွက် ၀မ်းသာပီတိဖြစ်နေလို့ ည ၂ နာရီခွဲ အထိအိပ်မပျော်တာနဲ့ အိပ်ဆေးထသောက်ပြီး အိပ်ရပါတယ် ။မနက်ကျတော့ ၆ နာရီခွဲလောက်အိပ်ရာနိုးနေပြီး အခုအချိန်ဆို မြန်မာပြည်မှာ အလှူအတွက် စီစဉ်နေကြပြီလို့ အရင်ဆုံးတွေးမိပြီး ၀မ်းသာကြည်နူးခဲ့ရပြန်ပါတယ်.. ကံကောင်းစွာနဲ့ အိပ်ရာနိုးနိုးချင်းမေးလ်စစ်တော့ အမေရိကားမှ အလှူရှင်ညီမလေးနှင်းပွင့်သစ္စာလှိုင် က ဒေါ်လာ ၁၀၀ အလှူထည့်မည်ဖြစ်ကြောင်း သတင်းပို့ထားတဲ့ အတွက် ဆရာတော်ထံ ချက်ချင်းဖုန်းခေါ်လိုက်ပါတယ်... ဒီနေ့ဆွမ်းအလှူ ၊ ကိုရင်လေးများနဲ့ ဦးဇင်း အပါး ၂၀၀ အတွက် လိုအပ်နေတဲ့ အလှူငွေ ၂၄၀၀၀၀ ကျပ်ကို ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများမှ အပြည့်အစုံ လှူနိုင်မည်ဖြစ်ပါကြောင်း လျှောက်တင်ခဲ့ပါတယ်...အားလုံးပဲ ဒီနေ့အလှူအတွက် ၀မ်းမြောက်၊၀မ်းသာ ကြည်နူးပီတိဖြစ်စွာနဲ့ သာဓုခေါ်နိုင်ကြပါစေ........း))))
အလှူတော်အစီအစဉ်
နေ့ရက်....
၁၃၇၁ ခုနှစ် ၊၀ါဆိုလပြည့်ကျော် ၃ ရက်
(၉ ၊ ၇ ၊ ၂၀၀၉ ) ကြာသပတေး
နေရာ...
သာသနာ့ဝေပုလ္လကျောင်းတိုက်
လပြည့်ဝန်းလမ်း
စစ်ကိုင်းတောင်ရိုး
စစ်ကိုင်းမြို့။
ဧည့်ခံကျွေးမွေးချိန်...
နံနက် (၈) နာရီမှ ( ၁၀)နာရီ
အလှူရှင်များရေစက်ချိန်...
နံနက် (၉နာရီ ၃၀မိနစ်)
ဆရာတော်များဆွမ်းကပ်ချိန်...
နံနက် ( ၁၀ နာရီ ၃၀ မိနစ်)
ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူမောင်နှမများမှ လှူဒါဏ်းထားသော ဆရာတော်ဦးကောဝိဒသို့ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ.... ( ၀၉ - ၂၁၁၀၂၀၂)ဖြစ်ပါတယ်ရှင်။

(အလှူရှင်မောင်နှမများ သိစေရန် ကျွန်မတတ်နိုင်သလောက် ကြိုးစားပြီးလိုက်ဖိတ်ပါမယ်ရှင်.)


အားလုံးကိုလေးစားခင်မင်ကျေးဇူးတင်လျှက်

ဝါ၀ါခိုင်မင်း

25 comments:

နွေးနေခြည် said...

ပျော်စရာကြီးမမရေ... ဓာတ်ပုံလေးတွေလည်း မျှော်နေပါ့မယ်။ ကုသိုလ်ထပ်ပွားဖို့အတွက်ပါ...
ဝမ်းသာကြည်နူးမိပါတယ်ရှင်...

reenoemann said...

တကယ်ကို ပြည့်စုံ လှပတဲ့ အလှူလေးပါအမဝါ။
ဒါကိုတောင်း အလှူလေးလို့ ပြောနေတော့
အလှူကြီးတွေ၇ှိနေပါသေးတယ်။

အမဝါ အနေနဲ့ ဆက်လက်ပြီး ဦးစီးဦးဆောင်
ပြုနိုင်ပါစေ အမရေ။

မောင်လေးတို့လည်း တက်အားသရွေ့ပါဝင်
လှူဒါန်းမှာပါ။

အခုလို့ အလှူ တစ်ခု ပြီးမြှောက်အောင်မြင်သွား
တာကြည်နူးစရာပါ။

အမ စင်ကာပူကိုလာရင် မောင်လေးအတွက်
လက်ဆောင်က နှစ်ခုမှနော်။

နှစ်ခုပါမှ လာတွေ့မှာ။ လောဘကြီးတာပါ။
သူများထက်ပိုမှ ကြိုက်လို့ပါ။ နောက်တာနော်
အမ။

မောင်လေးရီနို

မီးမီးချစ် said...

ကြည်နူးစရာ ကြီးနော် မမဝါ..
နောက်တခါ ဒီလို လှူဖြစ်ရင် လဲ ပါအုံးမယ်နော်..း))

WWKM said...

အားလုံးကိုကျေးဇူးတင်မိပါတယ်..
အလှူလေးတွေလည်းထပ်လုပ်ဖြစ်ပါဦးမယ်...
အခုလိုအားပေးတဲ့ အတွက်ကြည်နူးဝမ်းသာရပါတယ်.
ထပ်ပြီးတော့ အလှူလုပ်ကြဦးမယ်နော်..း))))


ဝါ၀ါခိုင်မင်း

မေလေး said...

မမရေ တကယ်ကိုကြည်နူးဝမ်းမြောက်မိပါတယ်။ နောက်တစ်ခါတွေလဲ လှူချင်ပါသေးတယ်။
မနက်မြန်လဲ ကြည်နူးပီတိဝေနေမှာသေချာပါတယ်။
မမကိုချစ်တဲ့
မေလေး

သီဟသစ် said...

မမ၀ါရေ
တကယ်ကို ကြည်နူး ၀မ်းမြောက်မိပါတယ်ခင်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

ကြည်ဖြူပိုင် said...

မမ၀ါရေ. ဓာတ်ပုံတွေမျှော်နေမယ်နော်

အရုပ်ကလေး said...

အစ်မ၀ါ .. အစ်မ၀ါတို့ ဦးစီးပြုလုပ်တဲ့ အလှူအတွက်
ဝမ်းသာပီတိဖြစ်မိပါတယ် ..

အလှူပွဲဖြစ်ဖို့ စိတ်အားတစ်ကယ်ထက်တဲ့
မောင်နှမများအားလုံးကိုလည်း လေးစားဂုဏ်ယူမိပါတယ်

ရှေ့ဆက် အလှူအတန်းများနှင့် ၀မ်းသာပီတိ လန်းဖြာအငြိနဲ့ သာသနာအကျိုး သယ်ပိုးထမ်းရွက်နိုင်သော မောင်နှမကောင်းများ အဓွန့်ရှည်ပါစေလို့ ဆန္ဒပြုရင်း ..။

ချစ်ခြင်း ခြေရာ said...

အစ်မရေ သာဓုသုံးကြိမ်ခေါ်သွားပါတယ်နော်
နောက်လဲ ဒီလို ကောင်းမှုတွေများများလုပ်နိုင်ပါစေ ။ အဲလိုကောင်းမှုတွေမှာကျွန်တော်လဲ ပါဝင်နိုင်သူဖြစ်ရပါစေဗျာ ။

ဖိုးစိန် said...

ဖတ်ရတိုင်းကြည်နူးပီတိဖြစ်ရပါတယ် မကြီးဝါ

ခင်မင်လေးစားစွာဖြင့်

ဖိုးစိန်

ထား said...

မနက်ဖြန် ဘုန်းဘုန်းမွေးနေ့နဲ့ အလှူကိုသွားဘို့ ချစ်မမက လေယာဉ် စီစဉ်ပေးဦးလေ။အရမ်းကို ပီတိဖြစ်ရပါတယ် မမရေ။

ဂျပန်ကောင်လေး said...

မကြီးဝါရေ.. သာဓုထပ်ခေါ်ပါတယ်ဗျာ.. တကယ်ကို ကြည်နူးမိပါတယ်.. ဒီလိုပဲ စွမ်းစွမ်းတမံ အားကြိုးမာန်တက် ဆောင်ရွက်ပေးတဲ့ မကြီးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်.. မ၀ါရေ..

ဗီလိန် said...

မလာနိုင်ပေမယ့် ရေစက်ချတဲ့အချိန်ကျရင် စိတ်ထဲကနေ အမျှသံနားထောင်ပြီး သာဓုခေါ်လိုက်ပါ့မယ်ဗျာ။

WWKM said...

မနေ့ညက အလှူအတွက် ၀မ်းသာပီတိဖြစ်နေလို့ ည ၂ နာရီခွဲ အထိအိပ်မပျော်တာနဲ့ အိပ်ဆေးထသောက်ပြီး အိပ်ရပါတယ် ။
မနက်ကျတော့ ၆ နာရီခွဲလောက်အိပ်ရာနိုးနေပြီး အခုအချိန်ဆို မြန်မာပြည်မှာ အလှူအတွက် စီစဉ်နေကြပြီလို့ အရင်ဆုံးတွေးမိပြီး ၀မ်းသာကြည်နူးခဲ့ရပြန်ပါတယ်.. ကံကောင်းစွာနဲ့ အိပ်ရာနိုးနိုးချင်းမေးလ်စစ်တော့ အမေရိကားမှ အလှူရှင် တစ်ဦးက ဒေါ်လာ ၁၀၀ အလှူထည့်မည်ဖြစ်ကြောင်း သတင်းပို့ထားတဲ့ အတွက်
ဆရာတော်ထံ ချက်ချင်းဖုန်းခေါ်လိုက်ပါတယ်...
ဒီနေ့ဆွမ်းအလှူ ၊ ကိုရင်လေးများနဲ့ ဦးဇင်း အပါး ၂၀၀ အတွက် လိုအပ်နေတဲ့ အလှူငွေ ၂၄၀၀၀၀ ကျပ်ကို ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူများမှ အပြည့်အစုံ လှူနိုင်မည်ဖြစ်ပါကြောင်း လျှောက်တင်ခဲ့ပါတယ်...
အားလုံးပဲ ဒီနေ့အလှူအတွက် ၀မ်းမြောက်၊၀မ်းသာ ကြည်နူးပီတိဖြစ်စွာနဲ့ သာဓုခေါ်နိုင်ကြပါစေ........း))))

နွေးနွေးသဲမွန် said...

ကျေးဇူးတင်ပါတယ် မမရေ..ကြည်နူးစရာပါ...း-)

Yan said...

ပီတိဖြစ်မိပါတယ် မ၀ါ...

ဖိတ်စာကုးသွားလိုက်တယ်. ကျွန်တော်တော့ ဖုန်းမဆက်ရသေးဘူး. အစ်မနဲ့ပဲ ဆရာတော်နဲ့စကားတွေ ပြောဖြစ်လိုက်တယ် ပြောတယ်.

Y.

မေတ္တာရောင်ပြန် said...

မမ၀ါ

အလှူကို အရောက်လာတယ်နော်။ နေကောင်းလား။ နောက်ဘ၀တွေမှာလည်း ရေစက်ဆုံနိုင်မှာပါနော်။

ခင်မင်လေးစားလျှက်
ညီမမေတ္တာရောင်ပြန်

Zephyr said...

အမရေ ...

သာဓု သာဓု သာဓု ...

ကြည်ကြည်နူးနူးသာဓုလာခေါ်ပြီး ပျော်ပျော်ရွှင်ရွှင်ပြန်ပြီ ...။

နောက်ထပ်လည်း ... ဒီလို စုစုစည်းစည်း ညီညီညွတ်ညွတ် အလှူမျိုးကို လှူချင်ပါသေးတယ် ...။

ခင်မင်စွာဖြင့်
Z

ဇော် said...

ဒေါ်လေးဝါ ..
နောက်တစ်ခါ အလှူလုပ်ရင်တော့ ကျနော်တို့ ဒူဘိုင်းမှာ ဘလော့ဂါ ၅ယောက်ရှိနေတဲ့အတွက် ကျနော်တို့ ၅ယောက်ကလဲ တစ်စုတစည်းထဲ ရှိနေတဲ့အတွက် ကျနော်တို့ ၅ယောက်ကိုလဲ ထည့်တွက်စေချင်ပါတယ်ဗျာ။
ကျနော်တို့ ၅ယောက်ကတော့

မငုံ ( ကန္တာရမိုးစက်ပွင့်များ )
မနှင်း ( နှင်းနဲ့ မာယာ)
စုဝေ ( ကောင်းကင်၏ သမီးပျို )
ကိုဖြိုး ( လင်းကြယ်ဖြူ )
ဇော် ( ကျွန်တော်တို့အိမ် ) ပဲဖြစ်ပါတယ်ဗျာ။ =)

Rita said...

သာဓု သာဓု သာဓု ပါ မမ။
တကယ်ကို ၀မ်းသာမိပါတယ်။

Naingko said...

ဆရာတော် ဦးကော်ဝိဒ မွေးနေ့မှာ ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံပြီးသက်တော ရာကျော်ရှည်ပါစေ...
သာသနာ့အကျိုးတွေကိုလည်း ဒီ့ထက်မက သယ်ပိုးနိုင်ပါစေ...
ကြည်နူးစရာကောင်းတဲ့ ဘလော့မောင်နှမတွေရဲ့ သဒ္ဒါတရားအလှူဒါတွေနဲ့ ဆရာတော်ရဲ့ မွေးနေ့မှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေ...နောင်များမှာ ကြုံကြိုက်တဲ့အခါမှာ ဘလော့မောင်နှမများ ကောင်းမှုကုသိုလ်များကို ဒီ့ထက်မက ပြုလုပ်နိုင်ကြပါစေ...

WWKM said...

Zephyr...လေးရေ..

လှူချင်စိတ်ထပ်ရှိနေရင် နောက်တစ်ခေါက် အလှူခံတော့လည်း အကြောင်းကြားပါမယ်နော်...း)
ကျေးဇူးပါ မောင်လေး..


ဇော်.........

ညီမလေးရေ...

အခုလိုကြားရတာ အများကြီးဝမ်းသာမိပါတယ် ညီမလေးရေ....
မမနောက်ထပ် အလှူတစ်ခုဖြစ်အောင် ထပ်စီစဉ်နေပါတယ်နော်.... အလှူအတွက်ဆိုတော့
တကူးတကပြောရမှာအားနာလို့ပါ ညီမလေးရေ..
မမပို့စ်တင်ရင် လာပြောမယ်နော်..
ဘလော့ဂါမောင်နှမတွေ စည်းလုံးကြပြီး ပျော်ရွှင်ကြည်
နူးစရာကောင်းတဲ့ အလှူတစ်ခု ဖြစ်မြောက်သွားတဲ့အ
တွက် အရမ်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ညီမ
လေးရေ... အားလုံးကိုလည်း ထပ်တူပီတိလေးတွေခံ
စားစေချင်ပါတယ်... အခုလို အသိပေးထားတော့ နောက်ထပ်အလှူခံရင် အကြောင်းကြားပေးပါမယ် ညီမလေးရေ..အားမနာရတော့ဘူးပေါ့နော်..
ကျန်းမာပျော်ရွှင်နိုင်ကြပါစေ.

အားလုံးကိုကျေးဇူးတင်မိပါတယ်...

ဝါ၀ါခိုင်မင်း

မေဇင် said...

မမ၀ါ...ကျေးဇူးတင် ၀မ်းမြောက်လှကြောင်းပါ...။

မေဇင် said...

မမ၀ါ...ကျေးဇူးတင် ၀မ်းမြောက်လှကြောင်းပါ...။

မိုးသောက် said...

မမ၀ါရေ သာဓု ခေါ်ပါတယ် ... သာဓု သာဓု သာဓု ပါဗျာ ... နိဗ္ဗာန် အထောက်အပံ့ ဖြစ်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ...
ငြိမ်းချမ်းပါစေ
ခင်မင်တဲ့
မိုးသောက်