မင်္ဂလာပါရှင်.
ဒီတပတ်ပိတ်ရက်မှာတော့ ကျွန်မတို့မိသားစု NIKKO မြို့သို့အလည်တစ်ခေါက်သွားဖြစ်ခဲ့ကြပါတယ်ရှင်။ NIKKO မြို့ဆိုတာ မြန်မာပြည်က မေမြို့ ၊တောင်ကြီးတို့လိုမျိုး ဂျပန်မှာ နာမည်ကြီးတဲ့ မြို့လေးဖြစ်ပါတယ်ရှင်။ နစ်ကိုးမြို့အ၀င်ဟာ မေမြို့နဲ့တော်တော်လေးတူသလိုပဲ တောင်ပေါ်တက်ပြီး လည်ကြတော့ တောင်ကြီးသွားတဲ့ ကားလမ်းတွေနဲ့ အတူတူလိုပဲ ဖြစ်ပါတယ်။
Dr.Miyahara က ကျွန်မတို့မိသားစုကို ပထမဦးဆုံး World Heritase (ကမ္ဘာ့အမွေအနှစ်) တစ်ခုဖြစ်တဲ့ Shrine and Temples of Nikko ကို အရင်လိုက်ပို့ပေးခဲ့ပါတယ်ရှင်။Shrine and Temples of Nikko (နတ်ဘုရားကျောင်းများ နဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ)တည်ရှိရာShrine and Temples of Nikko ကိုရောက်တော့ အမှတ်တရ ဓါတ်ပုံလေးတွေကိုရိုက်ဖြစ်ရင်း တောင်ပေါ်ကို လှေခါးလေးတွေနဲ့ အဆင့်ဆင့် တက်ခဲ့ရပါတယ်ရှင်။Shrine and Temples of Nikko မှာ ၀င်ကြေးအဖြစ် လူကြီး ယန်း ၁၀၀၀ ၊ ကလေး ယန်း ၄၀၀ သတ်မှတ်ထားပြီး Shrine and Temples of Nikko မှာရှိတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ ကျော်ကတည်ထားခဲ့တဲ့ တောင်ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းကို လည်ပတ်ခွင့်ရခဲ့ပါတယ်။
ပထမဦးဆုံး ဗုဒ္ဓဘုန်းကြီးကျောင်းတစ်ကျောင်းကို အရင်ဆုံးသွားရောက်ခဲ့ပြီး အဲဒီဘုန်းကြီးကျောင်းကြီးမှာ ထူးဆန်းအံ့သြဘွယ်ကောင်းတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်ရှင်။အဲဒီဘုန်းကြီးကျောင်းကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇၁ ခုကတည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ကျောင်းထဲမှာဗုဒ္ဓဆင်းတုတော်များစွာကို တအံ့တသြပဲ ဖူးတွေ့ခွင့်ရတာကြောင့် ဓါတ်ပုံရိုက်ပြီး မောင်နှမတွေကို ဝေမျှလိုပေမယ့် ဓါတ်ပုံရိုက်ခွင့်မပြုကြောင်း ၊ ပြင်းထန်စွာ တားမြစ်ထားတာမို့ ဓါတ်ပုံရိုက်မလာနိုင်ခဲ့ပါဘူး။ဘုန်းကြီးကျောင်းကြီးတစ်ခုလုံးဟာ သစ်သားများနဲ့သာတည်ဆောက်ထားတာဖြစ်ပြီးတော့ မြန်မာဘုရားတွေမှာတွေ့ရတဲ့ လှပလွန်းတဲ့လက်မှုပညာတွေကို ထူးထူးခြားခြားပဲတွေ့ရပါတယ်။
ဘုန်းကြီးကျောင်းရဲ့ အတွင်းဘက်မျက်နှာကျက်မှာ နဂါးပုံ ပန်းချီ အကြီးကြီးဆွဲထားပါတယ်။ကျောင်းထဲရောက်တာနဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းနဲ့ ပတ်သက်တာတွေကို ရှင်းပြပေးပါတယ်ရှင်။
ဒီနဂါးကြီးဟာဆိုရင်အလွန်ထူးဆန်းပါကြောင်းနဲ့ နဂါးရဲ့ခြေရင်းပိုင်းကနေ သစ်သားချောင်း ၂ချောင်းကို ခေါက်ရင် ရိုးရိုးအသံသာကြားရပါကြောင်းနဲ့ နဂါးကြီးရဲ့ဦးခေါင်းပိုင်းကနေ သစ်သားချောင်း ၂ချောင်းကိုခေါက်ရင် ကံကောင်းတဲ့သူတွေဆိုရင် ထူးဆန်းတဲ့အသံတွေကြားရပါကြောင်းရှင်းပြပေးပြီး နဂါးကြီးရဲ့ခြေရင်းပိုင်းမှာရော ၊ဦးခေါင်းပိုင်းမှာပါ သစ်သားချောင်း ၂ချောင်းကို ခေါက်ပြပါတယ်ရှင်။ ဟုတ်ပါတယ် နဂါးကြီးရဲ့ ခြေရင်းပိုင်းမှာ ခေါက်တဲ့သစ်စားချောင်းနှစ်ချောင်းရဲ့အသံက ရိုးရိုးသစ်သားချောင်းခေါက်တဲ့အသံသာဖြစ်ပြီး နဂါးကြီးရဲ့ဦးခေါင်းဘက်မှာ ခေါက်တဲ့သစ်သားချောင်း၂ချောင်းရဲ့အသံက ပဲ့တင်သံတွေနဲ့ထပ်နေပြီး အလွန်ထူးခြားလှပါတယ်။ ကျွန်မတို့ ၄ ဦးစလုံး ထူးခြားတဲ့ အသံကိုကြားရပြီး တချို့ဘုရားဖူးဂျပန်အမျိုးသမီးတွေက ဘာမှမကြားရကြောင်းပြောနေသံကြားရတော့ ကိုယ့်ကိုကိုယ်ကံကောင်းတဲ့သူတွေလို့ သတ်မှတ်လိုက်ပါတယ်ရှင်။း)
ဘုန်းကြီးကျောင်းတွေအားလုံးဟာ ကျွန်မတို့မြန်မာဘုန်းကြီးကျောင်းတွေလိုပဲ ဖိနပ်ကို အပြင်မှာချွတ်ထားရပါတယ်။နေရာတကာမှာ အဆောင်လက်ဖွဲ့တွေကို ယုံကြည်စွာရောင်းနေကြတာကြောင့် သမီးလေးကတော့ သူ့သူငယ်ချင်းတွေအတွက် လက်ဆောင်တွေ စိတ်တိုင်းကျဝယ်နေပါတော့တယ်။ခရီးမသွားခင် သူ့ဖေဖေက သူလိုတာဝယ်ဘို့ မုန့်ဘိုး ယန်း ၅၀၀၀ ပေးထားတာကြောင့် သူလိုချင်တာမှန်သမျှကို သူငယ်ချင်းတွေအတွက်ဆိုပြီး တစ်ခုပြီးတစ်ခုဝယ်နေတော့တာပါပဲ။သမီးလေးက ခရီးတစ်ခုခုသွားတိုင်း သူငယ်ချင်းတွေအတွက် အမြဲတမ်းမမေ့ပဲ လက်ဆောင်ဝယ်တတ်သလို သူ့သူငယ်ချင်းတွေကလည်း သူ့ကိုချစ်ခင်ကြပြီး လက်ဆောင်တွေပြန်ပေးတတ်ကြပါတယ်ရှင်။သမီးလေးတို့ အတန်းပိုင်ဆရာမက ခိုင်ကျန်ကို အကုန်ချစ်ကြကြောင်း ခိုင်ကျန်က အားလုံးကို အမြဲ အော်ဂနိုက်လုပ်ကြောင်းနဲ့ ခိုင်ကျန်က ခေါ်ရင် အကုန်ပါသွားကြကြောင်းပြောပြခဲ့တာမို့ အသက်ငယ်ပေမယ့် အပေါင်းအသင်းဆန့်တဲ့ သမီးလေးအတွက် ကျွန်မတို့ ၀မ်းသာ ဂုဏ်ယူမိခဲ့ပါတယ်။
ကျွန်မကတော့ ကျွန်မအလုပ်မှသူငယ်ချင်းတွေအတွက် နစ်ကိုးလက်ဆောင်မုန့်တွေနဲ့ မြန်မာပြည်ပြန်ရင် အမှတ်တရဖြစ်အောင် မှန်ဘီရိုထဲမှာအလှပြထည့်ထားဘို့ရန်အတွက် စီပွားရေးအောင်မြင်စေမယ့်အဆောင်ဓါးတစ်ချောင်းကို ယန်း၃၀၀၀ နဲ့ဝယ်လာဖြစ်ခဲ့ပါတယ်။
နောက်ပြီး ဂျပန်လက်မှုပညာနဲ့လုပ်ထားတဲ့ မှန်အရောင်းဆိုင်ကိုသွားရောက်ကြည့်ရှုကြပြီး မှန်ဝိုင်းလေးတွေ တစ်ခုကို ယန်း ၂၀၀၀ ကနေ ယန်း ၃၀၀၀၀ အထိ အမျိုးမျိုးတွေ့ခဲ့ရပါတယ်။လက်မှုပညာလေးတွေက အလွန်မှပဲသေသပ်လှပကြပါတယ်ရှင်။
တောင်ပေါ်မှာပဲ ဘုန်းကြီးကျောင်းတွေတစ်ကျောင်းနဲ့တစ်ကျောင်းကူးကြတဲ့လမ်းကလေးတွေမှာ ဂျပန်လူမျိုးတွေလည်းထူးထူးခြားခြား အယူအဆလေးတွေရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။တစ်နေရာမှာ ရေကန်လေးနဲ့ ငွေအကြွေတွေကိုရေကန်ထဲကရေနဲ့ဆေးရင် ငွေတွေတိုးပွားလာမယ်ဆိုလို့ ရှိသမျှပိုက်ဆံလေးတွေထုတ်ပြီး စကာလေးနဲ့ရေဆေးဖြစ်ကြပါတယ်။သူဌေးဖြစ်ရချည်သေးရဲ့။း)
ငွေတွေတိုးပွားအောင် ရေဆေးနေတဲ့ သမီးလေးခိုင်
ဒီဘက်ဆုံးကရေကိုသောက်ရင် ရှိရင်းစွဲအသက်ထက်ပိုငယ်စေပါတယ်တဲ့။း)))
တစ်နေရာရောက်တော့ Waka Mizu တဲ့ အဲဒီရေကိုသောက်ရင် ရှိရင်းစွဲအသက်ထက်ပိုငယ်သွားတယ်လို့ Dr.Miyahara ကရှင်းပြလို့ မသောက်ချင်ပဲ သောက်လိုက်မိပါတယ်. ဟတ်ဟတ်. အသက်ငယ်ချင်တော့လို့တော့မဟုတ်ပါဘူး.. အခွင့်အရေးရလို့ အသုံးချလိုက်ရတဲ့သဘောပါပဲရှင်။ :D ငယ်တာမငယ်တာ အပထား တော်ကြာအခွင့်အရေးရနေရက်နဲ့ လက်လွတ်ဆုံးရှုံးသွားမှာစိုးလို့လေ။စောစောကတော့တွေးလိုက်မိပါရဲ့ ပုလင်းလေသားပါသွားရင် Waka mizuတွေ ထည့်ယူလာဖြစ်ဦးမှာပဲလို့။း) သူများတွေအတွက်ပါ။ ကိုယ့်အတွက်တော့ သောက်ပြီးသွားပါပြီ။း)))
နောက်ပြီး ချစ်သူတွေအတွက် စုံတွဲသစ်ပင်တဲ့လေ..အဲဒီသစ်ပင်ရှေ့မှာ စုံတွေတွေဓါတ်ပုံရိုက်ရင် ကောင်းတဲ့အယူရှိတာကြောင့် Dr.Miyahara ကဓါတ်ပုံရိုက်ခိုင်းတာနဲ့ မကြီးမငယ်ကလေးနှစ်ယောက် သူတို့ဂျပန်တွေခေါ်တဲ့ လပ်ဘူ လပ်ဘူ (Love Love) သစ်ပင်မှာ သူများတွေအမြင်ကတ်အောင် ဓါတ်ပုံရိုက်ဖြစ်ကြပြန်ပါတယ်။း))
နောက်ဆုံးရောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းကတော့ ပထမ ကျောင်းလေးကျောင်းထက်ကို လှေခါးအထစ်ပေါင်း ၁၃၇ ခုတက်ပြီးမှရောက်သွားကြလို့ တောင်ပေါ်ဘုန်းကြီးကျောင်းရောက်တော့ ဗိုက်ကလည်းဆာ မောကလည်းမောနေကြပါပြီရှင်။ကျောင်းပေါ်ရောက်တာနဲ့ ဘုန်းကြီးကထိုင်ပြီးအနားယူကြဘို့နဲ့ လှေခါးထစ်ပေါင်း ၁၃၇ ခုတက်ခဲ့ကြရတာမို့ အေးအေးဆေးဆေးနားကြပါလို့ပြောပြတော့မှ ကိုယ်တက်လာခဲ့တဲ့လှေခါးထစ်က ၁၃၇ ခုရှိမှန်းသိလိုက်ရတာပါရှင်။ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေရောက်ရလို့ မောနေပေမယ့် အလွန်ပျော်နေခဲ့မိပါတယ်။ကျွန်မကဘယ်မှမသွားပဲ အိမ်မှာပဲနေရင် လူကနေမကောင်းဘူးလေ၊မူးရတာနဲ့ မောရတာနဲ့ နေမကောင်းသလို အမြဲခံစားနေရပေမယ့် အခုလိုခရီးထွက်လိုက်ရရင်တော့ နည်းနည်းမောတာကလွဲရင် အကောင်းပကတိအတိုင်းပါပဲ။ကျွန်မကအိမ်မှာနေရင် နေမကောင်းနေတတ်ဖူးလေ ၊ အလုပ်သွားပြီး သူငယ်ချင်းတွေနဲ့စကားပြောနေရရင် ၊ ဒီလိုခရီးလေးတွေထွက်နေရရင် နေကောင်းပျော်ရွှင်နေတတ်ပါတယ်။း)
ဆုတောင်းပြည့်တဲ့ အနီရောင်တံတားလေးပေါ်မှာ အမှတ်တရ
တောင်ပေါ်ကနေပြန်ဆင်းတော့ ထပ်ပြီး ကွေ့ ၂၀ကျော် ထပ်ဆင်းရတာမို့ လူလည်းမူးပြီး အိပ်ပျော်သွားပါတော့တယ်။ညနေစာ ထမင်းစားဘို့ လမ်းမှာနားတော့မှပဲ ခေါင်းပြန်ထူလာနိုင်ခဲ့ပါတယ်။သမီးလေးကလည်း အိပ်ပျော်သွားလိုက်တာ စားသောက်ဆိုင်ရောက်မှပဲ အိပ်ရာနိုးလာခဲ့ပါတော့တယ်ရှင်။စားသောက်ဆိုင်မှာ ကျွန်မနဲ့ ဦးဥာဏ်ကတော့ Chicken curry စားကြပြီး ၊သမီးလေးက ကားမူးပြီး ရေခဲမုန့်ပဲစားပါတယ်Dr.Miyahara ကတော့ ခေက်ဆွဲစားပါတယ်။စားသောက်ဆိုင်မှာ ယန်း ၁၀၀ ထည့်ရင် အင်တာနက် ၁၅ မိနစ်သုံးလို့ရတာမို့ ယန်း၁၀၀ ထည့်ပြီး ဘလော့ဖတ်မယ်လုပ်တော့ မြန်မာဖောင့်မရှိတာကြောင့် ဘလော့ဂ်ကလေးကို တနေ့တာအလွမ်းပြေ(....... အတုန်းလေးတွေပဲ) ဖတ်လိုက်ရပါတယ်။း))အပြန်ကျတော့ မိုးတောင်တော်တော်ချုပ်နေခဲ့ပါပြီ။ အိမ်ကို ည ၉ နာရီခွဲလောက်မှပဲ ပြန်ရောက်ခဲ့ကြပြီး ခရီးပမ်းလာတာနဲ့ ချက်ချင်းပဲ အိပ်ရာဝင်လိုက်ကြပါတော့တယ်ရှင်။
ကျွန်မတို့မောင်နှမများရဲ့ ဒီနေ့(၁၆.၁၁.၂၀၀၉)နေ့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းမှာ အပတ်စဉ်လှူဒါဏ်းတဲ့ တနလာင်္နေ့ဆွမ်းပတ်အလှူဓါတ်ပုံလေးများကို ဒီနေရာလေးမှာ တင်ထားပေးပါတယ်ရှင်။
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
ဝါ၀ါခိုင်မင်း

16 comments:
ချစ်မမက လပ်ဘူလပ်ဘူသစ်ပင်ရှေ့မှာ လပ်ဘူလပ်ဘူလုပ်ပြီးဓါတ်ပုံရိုက်ခဲ့တာ မြင်ရတဲ့သူ လပ်ဘူလပ်ဘူ ဖြစ်သွားတာပဲ...ဟဲဟဲ...
ချစ်ညီမလေး
ထား
အစ်မ၀ါရေ
nikkoကိုမရောက်ဖူးသေးဘူး
ခွန်လည်းသွားချင်လိုက်တာ....
အပေါ်ကအစ်မပြောသလိုဘဲ
ဓါတ်ပုံတွေကြည့်ပြီး ခွန်တို့ပါ
လပ်ဘူလပ်ဘူတွေကူးသွားတယ်....
ပျော်စရာကြီး..........
အသက်ငယ်တယ်ဆိုတဲ့ရေကို သောက်ချင်တယ် မမရေ။ငွေတိုးပွားအောင်လဲ လုပ်ချင်တယ်။လာဒ်ကောင်းအောင်လဲ အဆောင်ဓါးလေးလိုချင်သား။ဟီးဟီး...ချင် တာတွေ များသွားပြီ။
ညီမလေး
ထား
Hi..reading your blog. Great post with tons of beautiful images.
Cheers..
ရှုခင်းတွေတကယ်လှတယ်..
ဟိုတံတားအနီရောင်လေးပေါ်တက်ပြီး ရှုခင်းတွေကြည့်ချင်တယ်..။
သစ်ရွက်တွေက လှလိုက်တာနော်။ တစ်ခါလောက်တော့ ရောက်ဖူးချင်လိုက်တာ
မဂျီး ဓါတ်ပုံ လှလှလေးတွေ လာကြည့်တယ် ပျော်ရွှင်ပါစေ
ပျော်စရာကြီး.. ကူးကူးတော့ မြန်မာပြည်က Nikko ဂျပန်ထီးတော့သိတယ်..း) ဈေးအကြီးဆုံး အရင်က...
နေရာလေးကအေးပီးသာယာမယ့်ပုံဘဲ..
မရောက်ဖူးပေမယ့် ပုံလေးတွေနဲ့ တင်ကျေနပ် နေပါပီ... ဓားတော့ သဘောကျတယ်..း)
ပျော်စရာကြီးနော်။ အန်တီဝါရေ ရေအိုင်ထဲကရေသောက်ရင် တကယ်ငယ်သွားလား။ သမီးဘို့ နည်းနည်းခပ်လာခဲ့နော်။
း)
Happy Family..Happy Time..:P
လာလည် ခံစားသွားတယ် အမဝါရေ
မောင်ရီနို
မကြီးဝါနဲ့ ဗိုလ်ဥာဏ် ရန်ဖြစ်ရင် ဘယ်သူနိုင်မယ်ထင်လဲ? :)
မ၀ါရေ့ 
ဓာတ်ပုံတွေကြည့်ပြီး ကြည်နူးလိုက်တာ
အရမ်းကို ပျော်စရာကောင်းမှာပဲနော်
ဦးဥာဏ်နဲ့ မ၀ါ၊ သမီးလေးခိုင်တို့ အားလုံး ကျန်းမာပျော်ရွှင်ပါစေနော်။
အင်း...ဓာတ်ပုံလေးတွေနဲ့ ဝေေ၀ဆာဆာ တင်ပြထားတော့ ကိုယ်တိုင်နီးပါး အလည်သွားရသလို ခံစားရပါတယ် မ၀ါရေ..
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
yu ya
မမ၀ါ ပျော်စရာခရီးလေး...သွားချင်လိုက်တာ...အဲ့လို ဘုန်းကြီးကျောင်းတွေ သွားချင်တယ်...ဓာတ်ပုံရိုက်ခွင့် မရှိဘူးဆိုတော့..နောင့်တို့ မမြင်ဖူးဘူးပေါ့နော်...။ မမ၀ါ တို့ရောက်ဖူးခွင့် ရတာ ကံကောင်းလိုက်တာ..။
မိသားစုခရီးလေး ... အားကျပါသည်။ အဲလိုလေး သွားချင်သေးတယ်။ မ၀ါပုံလေးတွေ လှတယ်။ သမီးက အတော်သွက်မဲ့ပုံပဲ။
Post a Comment