Saturday, January 31, 2009
ဂျပန်မှာကျောင်းတက်ကြမယ်ဆိုရင်
မင်္ဂလာပါရှင်။
ကျမရေးခဲ့တဲ့ stay in japan
ပို့စ်လေးမှာ ညီမလေးဖူးဖူးမေးထားတဲ့ မေးခွန်းလေးကိုတတ်နိုင်သလောက်၊ သိသလောက်ရေးပြရင်း အသုံးဝင်မယ့် information လေးတွေ မျှဝေလိုက်ပါတယ်။
စင်ကာပူ၊ အော်စီတို့မှာ ကျောင်းတက်ရင်ဘယ်လောက်ကုန်လဲမသိပေမယ့်၊ သူများတွေအဆိုအရ ဂျပန်မှာကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းတက်မယ်ဆိုရင် အနောက်နိုင်ငံတွေမှာထက် အများကြီးသက်သာတယ်လို့ဆိုပါတယ်ရှင်။ ဂျပန်မှာ တက္ကသိုလ်အနေနဲ့ အစိုးရပိုင် public universities တွေနဲ့ ပုဂ္ဂလိကပိုင် private universities တွေဆိုပြီးရှိပါတယ်။ ကျောင်းလခ၊
ဝင်ကြေးတွေအနေနဲ့ အစိုးရတက္ကသိုလ်တွေက ဈေးသက်သာပေမယ့်၊ ၀င်ခွင့်ပိုခက်ပါတယ်။ နိုင်ငံခြားကျောင်းသားတွေအတွက်တော့၊ သက်ဆိုင်ရာပါမောက္ခရဲ့acceptance letter ရပြီးရင်ဝင်ခွင့်ရတာများတယ်လို့သိရပါတယ်။
ပညာသင်ဆုနဲ့ကျောင်းလာတက်ရရင်တော့ အကောင်းဆုံးဘဲမို့ ပထမဆုံး ပါမောက္ခနဲ့ဆက်သွယ်တဲ့အချိန်မှာ ပညာသင်ဆုရနိုင်မရနိုင် အရင်စုံစမ်းသင့်ပါတယ်။ အလုပ်လုပ်ရင်းကျောင်းလခပေးပြီးကျောင်းတက်နေကြတဲ့သူတွေရှိပေမယ့်၊ ကိုယ်စိတ်ပင်ပန်းတာရယ်၊ ကျောင်းသားဗီဇာနဲ့ဆို တစ်ပတ်ကို ၂၈ နာရီထက်ပိုပြီးအလုပ်လုပ်ခွင့်မရှိတာရယ်..စတဲ့ အခက်အခဲလေးတွေရှိပါတယ်။ ကျောင်းတက်ပြီးမှ scholarship လျှောက်တာထက်၊ scholarship နဲ့ကျောင်းစတက်ရတာ အကောင်းဆုံးပါဘဲ။ ကိုယ်စိတ်
ဝင်စားတဲ့ကျောင်းရဲ့ home page မှာ scholarship တွေအကြောင်းရေးထားတတ်တာမို့ အရင်စုံစမ်းသင့်ပါတယ်။ ဥပမာအဖြစ်အမျိုးသားရဲ့ကျောင်းက ကျောင်းလခတွေ၊ scholarship နဲ့ တခြားအခွင့်အရေးတွေ နမူနာဖော်ပြလိုက်ပါတယ်။
Graduate Research Students
Application Charge: ¥9,800
Admission Fee: ¥84,600
Tuition fee (six months): ¥178,000
Graduate Students (Master, Doctoral courses)
Application Charge: ¥30,000
Admission Fee: ¥282,000
Tuition fee (six months): ¥267,900
ကလစ်ပြီး အကျယ်ချဲ့ကြည့်နိုင်ပါတယ်ရှင်။
ကိုယ့်ငွေနဲ့ကိုယ်ကျောင်းတက်တဲ့ကျောင်းသားတွေကို privately financed students (private students) လို့ခေါ်ပြီး ကျောင်းဝင်ကြေးနဲ့ လစဉ်ကျောင်းလခ (tuition fees) တွေ ကင်းလွတ်ခွင့်လျှောက်လို့ရပါတယ်။ တစ်ဝက် သို့မဟုတ် အပြည့် ကင်းလွတ်ခွင့်ရနိုင်ပါတယ်။
ကျောင်းတက်နေရင်းနဲ့ Japanese government scholarship နဲ့ private scholarships တွေလျှောက်နိုင်ပေမယ့် အပြိုင်အဆိုင်များပါတယ်။ သုတေသနအတွေ့အကြုံရှိသူတွေ၊ စာတမ်းဖတ်ကြား၊ တင်သွင်းဖူးသူတွေက အမှတ်ပိုရပြီး စကောလားရှစ်ရလွယ်ပါတယ်။ Japanese government scholarship ရရင်တော့ ကျောင်းလခအားလုံး-လုံးဝသွင်းစရာမလိုတော့ပါဘူး။ private scholarships တွေထဲကရရင်တော့ ကျောင်းလခဆက်သွင်းနေရမှာဖြစ်ပါတယ်။ အမျိုးသားတက်နေတဲ့ကျောင်းအပါအ၀င်၊ တချို့ကျောင်းတွေမှာ Global Center of Excellence Program ဆိုတဲ့အစီအစဉ်ကို ဂျပန်အစိုးရကချပေးထားပါတယ်။ အဲဒီအစီအစဉ်က ထူးချွန်တဲ့ကျောင်းသားတွေကို super-students အဖြစ်ရွေးပြီး ကိုယ့်စားရိတ်နဲ့ကိုယ်ကျောင်းတက်နေရတဲ့သူကို တစ်လ ၁၆ သောင်း၊Japanese government scholarship ကျောင်းသားကို တစ်လ ၅သောင်းပညာသင်ဆုပေးပါတယ်။ အများကြီးအထောက်အကူရတာမို့ အဲလိုအစီအစဉ်မျိုး ကိုယ်လျှောက်မယ့်ကျောင်းမှာရှိမရှိလည်း home page မှာစုံစမ်းထားသင့်ပါတယ်။
ဘွဲ့လွန်သင်တန်းတွေမှာ MSc နဲ့ PhD သင်တန်းတွေရှိပြီး၊ PhD သင်တန်းမှာ Medical/ Dental PhD သင်တန်းနဲ့ ၀ိဇ္ဇာ၊ သိပ္ပံ PhD သင်တန်းဆိုပြီး ၂ခုရှိပါတယ်ရှင်။
ဆရာဝန်တွေမှပဲ Medical / Dental PhDသင်တန်းကို တက်နိုင်တာမဟုတ်ပဲ ရိုးရိုး သိပ္ပံဘွဲ့ရတွေလည်း စာသင်နှစ် ၁၈နှစ်ပြည့်နေခဲ့ရင် တက်ခွင့်ရှိပါတယ် ၊ မြန်မာပြည်မှာ မာစတာဘွဲ့ပြီးပြီး ဂျပန်မှာဒေါက်တာဘွဲ့အတွက် Medical/ Dental PhD သင်တန်းတက်မယ်ဆိုရင် စာသင်နှစ်စုစုပေါင်း ၁၈ နှစ် ရှိရပါတယ်။ ရိုးရိုး ၀ိဇ္ဇာ ၊သိပ္ပံကျောင်း PhD သင်တန်းအတွက်က ၁၇ နှစ်ရှိရပါမယ်။ကျမတုန်းက အမျိုးသားရဲ့ ကျောင်းမှာ PhD ဆက်တက်ဖို့အတွက် ကြိုးစားခဲ့တာ Professor acceptance ရပေမယ့် စာသင်နှစ်စုစုပေါင်းက သူငယ်တန်းကနေ Msc ( Final) အထိ စာသင်နှစ်က စုစုပေါင်း ၁၇ နှစ်ပဲရှိနေခဲ့တာမို့ ကျောင်းသားရေးရာက လက်မခံခဲ့တာနဲ့ မတက်ဖြစ်ခဲ့ပါဘူး။ကျမတို့ တက္ကသိုလ်တက်တဲ့ အချိန်က တစ်နှစ်သင်တန်းတွေမဟုတ်ပဲ Qualify တန်းတွေကို ၆ လစီလောက်ပဲတက်ခဲ့ရလို့ နှစ်မပြည့်ဖြစ်ရတာပါ။ MSc သင်တန်းပဲ တက်ရင်တော့ရပါတယ်။ Msc သင်တန်းတက်မယ်ဆိုရင် စာသင်နှစ် ၁၆ နှစ်ရှိရင် တက်လို့ရပါတယ်ရှင်။ နောက်တနည်းက Research Student ဆိုပြီး၊ ဘွဲ့မရပေမယ့် စာသင်နှစ် ၁နှစ်လိုရင် ၁နှစ်၊ ၂နှစ်လိုရင် ၂နှစ် အရင်တက်တာမျိုးလုပ်လို့ရပါတယ်။ ကိုယ့်စားရိတ်နဲ့ကိုယ်တက်ရတဲ့သူတွေအတွက်တော့ ကျောင်းလခအပိုကုန်တာပေါ့လေ။
ဘွဲ့လွန်တက်မယ့်သူတွေအတွက် ဘွဲ့လက်မှတ်၊ အမှတ်စာရင်း နဲ့ ကိုယ်တက်ခဲ့တဲ့တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးရဲ့ထောက်ခံစာတွေလိုပါတယ်။ အင်္ဂလိပ်လိုဘာသာပြန်ဖို့လိုရင်ပြန်ပြီး ၀င်ခွင့်လျှောက်တဲ့အချိန်မှာတင်ရပါတယ်။ ကိုယ်တက်မယ့်သင်တန်းမှာ ဘာသုတေသနလုပ်မယ်ဆိုတာကိုလည်း၊ research plan ရေးပြီးတင်ရပါတယ်။ ဒါကြောင့် ကိုယ်တက်မယ့်ဘာသာရပ်နဲ့ပတ်သက်ပြီး ဘာလုပ်ချင်တယ်ဆိုတာကို ကြိုစဉ်းစားထားဖို့လိုပါတယ်။ နားလည်တဲ့ဆရာတွေဆီမှာ အကူအညီတောင်းလို့လည်းရနိုင်ပါတယ်ရှင်။ ဘွဲ့လွန်တက်မယ့်သူတွေအတွက် ဘွဲ့ရဖို့ လိုအပ်တဲ့စာတမ်းကို အင်္ဂလိပ်လိုဘဲရေးပြီး တင်ရမှာမို့လို့အင်္ဂလိပ်စာကျွမ်းကျင်မှုအဓိကဖြစ်ပြီး၊ ဂျပန်စာကတော့ တတ်ထားရင် နေ့စဉ်ဘ၀အတွက်၊ အချိန်ပိုင်းအလုပ်အတွက်အဆင်ပြေပါတယ်။
အခုပြောခဲ့တာတွေကတော့၊ ဂျပန်တက္ကသိုလ်တစ်ခုခုကိုတိုက်ရိုက်လျှောက်ပြီး၊ မာစတာဘွဲ့၊ ဒေါက်တာဘွဲ့တွေအတွက်တက်တာတွေပါ။ တချို့ကတော့၊ မြန်မာပြည်မှာ ၁၀တန်းအောင်ပြီး တက္ကသိုလ်ကဘွဲ့မရခင်မှာ၊ ဂျပန်နိုင်ငံက ဂျပန်စာသင်ကျောင်းမှာဝင်ခွင့်လျှောက်၊
ဝင်ကြေးကျောင်းလခတွေသွင်းပြီး၊ တစ်နှစ်လောက် ဂျပန်စာသီးသန့်သင်ကြတာတွေ့ဖူးပါတယ်။ ပြီးမှတက္ကသိုလ်တစ်ခုခုကို undergraduate ဘွဲ့ကြိုကျောင်းသားအနေနဲ့ပြန်လျှောက်ပြီး ရိုးရိုးဘွဲ့တစ်ခုအတွက်တက်တာပါ။ မြန်မာပြည်ကဘွဲ့တစ်ခုမရခဲ့သေးတဲ့သူတွေ လိုက်လေ့ရှိတဲ့လမ်းပါ။ ဂျပန်စာကျောင်းအတွက် တစ်နှစ်သောင်း ၄၀-၅၀လောက်သွင်းရတယ်လို့ထင်ပါတယ်။ (မြန်မာငွေ သိန်း၅၀-၆၀ခန့်) ဂျပန်တက္ကသိုလ်မှာဘွဲ့ကြိုသင်တန်းတက်ဖို့က၊ စာသင်နှစ်စုစုပေါင်း ၁၂ နှစ်သင်ထားပြီးသူဖြစ်ရပါတယ်။ ဒါကြောင့် မြန်မာပြည်မှာတက္ကသိုလ် ပထမနှစ်ပြီးမှ စာသင်နှစ် ၁၂ နှစ်ပြည့်ပါတယ်။ ဘွဲ့ကြိုတက်မယ့်သူတွေဟာ ဂျပန်စာကျွမ်းကျင်ဖို့လိုပါတယ်။ ဂျပန်လိုဘဲသင်ရဖြေရမှာမို့လို့ပါ။
ကဲ..ဒီလောက်ဆိုရင်တော့ အိုင်ဒီယာရလောက်ပြီထင်ပါတယ်ညီမလေးဖူးဖူးရေ။
30 Top Japanese Universities
1 University of Tokyo
2 Kyoto University
3 Osaka University
4 Tokyo Institute of Technology
5 Tohoku University
6 Keio University
7 Kyushu University
8 Nagoya University
9 Hokkaido University
10 Tsukuba University
11 Kobe University
12 Chiba University
13 Waseda University
14 Hiroshima University
15 Kanazawa University
16 Okayama University
17 Tokyo University of Science
18 Tokyo Metropolitan University
19 Tokyo Medical and Dental University
20 Osaka City University
21 Niigata University
22 Kumamoto University
23 Tokushima University
24 Osaka Prefectural University
25 Gifu University
26 Tokyo University of Agriculture and Technology
27 Yokohama National University
28 Yamaguchi University
29 Nagoya City University
30 Kagoshima University
သိထားသင့်တာလေးတွေ
Asia Develoment Bank Scholarship
Study in Japan
Study in Japan Comprehensive guide
Scholarships for International Students in Japan by JASSO
Educational requirements to apply undergraduate, post-graduate courses
ကဲ.. ဂျပန်မှာကျောင်းတက်ချင်ကြတဲ့ မောင်လေးတွေ ညီမလေးတွေအတွက် တတ်နိုင်သလောက် ပြည့်စုံအောင်ရှာဖွေတင်ပြပေးထားပါတယ်နော်။
အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
Friday, January 30, 2009
ဘ၀ကောင်းတစ်ခုရချင်ရင် ငါးပါးသီလလုံခြုံမှဖြစ်မယ်
အားလုံးပဲ မင်္ဂလာပါ။ ( စိုင်းစိုင်းခမ်းလှိုင် အော်သလိုမျိုး စင်ပေါ်ကနေအကျယ်ကြီးအော်လိုက်ချင်တာပါ။)ဟတ်ဟတ်
တွတ်ပီ အခုတလောကံမကောင်းပါ။ အဲ.. ကျမ အခုတလောကံမကောင်းပါရှင်။ ဖြစ်နိုင်မှာပါ ၊ ကျမကအခုတလော ဘုရား ၊ တရားတောင် သေခြာမလုပ်ဖြစ်ပဲ ဘလော့နဲ့ နှစ်ပါးသွားနေခဲ့တာလေ။ :D တစ်ခါတလေတော့လည်း ဘလော့တွေအများကြီးကို စာတွေလိုက်ဖတ်ဖြစ်ခဲ့တယ်။ တအိမ်ဝင် တစ်အိမ်ထွက်နဲ့ မပြီးတော့ပါဘူး။ စာရေးရမှာ ပျင်းနေပြန်တော့ စီဘုံးမှာ အော်နှုတ်ဆက်ဖြစ်တာလဲရှိ ၊ အော်မနှုတ်ဆက်ဖြစ်ခဲ့တာလဲရှိပေါ့နော်။ ကိုယ်တိုင် ပို့စ်ရေးရမှာကိုတော့ အရမ်းပျင်းနေမိတာပါ။ဒါပေမယ့် ကျမရေးရပါဦးမယ်လေ ၊ ကျမမှာ ကျမကိုလာရောက်အားပေးနေကြတဲ့ မောင်နှမတွေ အများကြီးရှိနေတာပဲ ။ အေးအေးဆေးဆေး စာလေးတွေ ရေးနေဦးမှာပါရှင်။ စိတ်မပြတ်မချင်းရယ်ပေါ့နော်။
လာလည်သူအားလုံးကိုလေးစားပါတယ်။ ကျမပို့စ်လေးတွေကို အချိန်ကုန်ခံပြီး လာရောက်ဖတ်ရှုဝေဖန်ပေးသူတွေကိုလဲ ကျမက မြတ်နိုးတန်ဖိုးထားပါတယ်ရှင်။ ကျမရေးတာတွေကို မကြိုက်ရင် ၊ ဝေဖန်ချင်ခဲ့ရင် နံမည်ဖော်ပြီး ဝေဖန်အကြံပြုချက်လေးတွေကို လေးစား ခင်မင်စွာနဲ့ လက်ခံနေပြီးသားပါရှင်။ ကျမ ဘယ်သူ့ကိုမှ ရန်မလိုလိုပါဘူး။ ကျမကို ရန်လိုနေတဲ့သူကိုလည်း ကျမအနူးအညွတ်တောင်းပန်
ပါရစေနော်။ ဥပမာ ..pu pu တို့ ၊ အမည်မဖော်လိုသူ နာမည်လွှဲတွေကိုပြောတာပါရှင်။ ကျမ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မိုက်မိုက်ရိုင်းရိုင်း စကားမပြောဆိုခဲ့ဘူးပါဘူး။ကျမ သူများဘလော့မှာ သွားရောက် Comment ရေးတဲ့ အခါတိုင်းမှာလဲ ဘယ်တုန်းကမှ နာမည်ဝှက်နဲ့ မရေးခဲ့ဘူးပါဘူး။ ကိုယ့်နာမည်နဲ့ ကိုယ့်လိပ်စာပေးပြီးကိုယ်မှန်တယ် ထင်တာကိုပြောဆိုတင်ပြရဲခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်ကိုကြည့်ရတာ ကျမကို ပုဂ္ဂိုလ်ရေးအရ မုန်းနေတဲ့ပုံပါပဲ။ကျမ ဒီဘလော့အလုပ်ကိုလုပ်နေတာ ကျမရဲ့အမျိုးသားခွင့်ပြုလို့ပါ။ကျမရဲ့ အမျိုးသားက ဘလော့အလုပ်ကိုဆက်မလုပ်နဲ့တော့ ပိတ်တော့ ဆိုရင်တော့ ကျမအမျိုးသားရဲ့စကားကိုကျမနားထောင်ရမှာပါ။ ဒါပေမယ့် တစ်ခါတလေ ကျမက ဘလော့ပိတ်ချင်စိတ်ပေါက်တာတောင်မှပဲ အမျိုးသားက ကျမမှာ အဖော်မရှိဖြစ်မှာစိုးလို့ ၊ ဘလော့ဂါလောကသားက ကိုယ်နဲ့ ရင်းနှီးခင်မင်နေသူတွေအားလုံးကလဲ မိကောင်းဖခင် လူယဉ်ကျေးသားသမီးတွေဖြစ်နေလို့ ကျမကို စိတ်ချလက်ချ ဘလော့ရေးခိုင်းတားပါတယ်ရှင်။သူများကို မတိုက်ခိုက် ၊မပုတ်ခတ်မိစေနဲ့ မှန်တယ်ထင်ရင် ဆက်သာလုပ်ဆိုပြီး အမျိုးသားက ခွင့်ပြုထားပြီးသားပါ။
ကျမရေးတဲ့ ပို့စ်တွေမှာ ကျမအမျိုးသားအကြောင်း ၊ ကျမသမီးလေးအကြောင်းတွေ အကုန်သိကြအောင် ထည့်ရေးပြီးသားမို့ မောင်နှမတွေအားလုံးက ကျမဟာ အိမ်ထောင်ရှင် ၊ အသက် ၃၇ နှစ် ( ၄၀ နီးပါး) ဘလော့ဂင်နေသူ အစ်မကြီးတစ်ယောက်ဆိုတာကို သိပြီးကြသားပဲမို့ တချို့ဆို ကျမကို အစ်မ၀ါ၊ မမ၀ါ ၊ မ၀ါ ၊ တီတီဝါ ၊မကြီး၊ ကြီးဝါ ၊ ဒေါ်ကြီးဝါ နဲ့ အမျိုးမျိုး ခေါ်ခဲ့ကြတာပါ။ ကျမကလည်း ဘယ်သူတွေ ဘယ်လိုခေါ်ခေါ် အားလုံးကို ၀ဲလ်ကမ်းပါပဲရှင်။ ကျမက ယဉ်ကျေးဖော်ရွေကြတဲ့ ဘလော့ဂါလောက ကမောင်နှမတွေအားလုံးကို ခင်ပါတယ် ၊ သံယောဇဉ်ရှိပါတယ်။ အဲဒါကြောင့်မို့ အားလုံးကို မောင်လေးတန် မောင်လေး၊ ညီမလေးတန် ညီမလေး၊ အစ်ကိုကြီးတန်အစ်ကိုကြီး၊ အစ်မအရွယ် ဆိုရင်လဲ မမရေ..ဆိုပြီး စိတ်ရင်းရှိတဲ့ အတိုင်းပဲပေါင်းသင်းခဲ့ပါတယ်။ ကျမမှာ ချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမတွေ အများကြီးရှိနေပါတယ်။ အဲဒီတော့ လူတစ်သောင်းမှာ တစ်ယောက်လောက်သောသူက ကျမကို အမြင်မကြည်ဖြစ်တာနဲ့ ကျမနဲနဲစိတ်လေသွားတာကလွဲလို့ အေးဆေးပါရှင်။
ကျမတို့ဟာ မြန်မာလူမျိုးအချင်းချင်း ၊ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာမို့ ကျမကလဲဘယ်သူ့ကိုမှ ရန်မလိုခဲ့ရပါဘူး။ ကျမကို မကျေနပ်တဲ့သူတွေအားလုံးကို ရင်ထဲကနေ တကယ်ပဲ မေတ္တာပို့လိုက်မိပါတယ်။ ငြိမ်းအေးနိုင်ကြပါစေ လို့။ ကျမလဲ ငြိမ်းအေးပျော်ရွှင်နေပါတယ် ၊ ကျမကငြိမ်းအေးပျော်ရွှင်နေပေမယ့် ကျမကို မကျေနပ်တဲ့သူတွေက ပူလောင်နေကြမှာစိုးလို့ မေတ္တာရပ်ခံပါရစေရှင်။ မိကောင်းဖခင် သားသမီးလေးတွေပီပီ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ပေါ့နော်။ အားလုံးကို လေးစားပါတယ်။
ဒါနဲ့ ကျမဒီနေ့ အရှင်ဆန္ဒာဓိကရဲ့ စာအုပ်လေးတစ်အုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ကဲ.. ကျမချစ်သော မိတ်ဆွေ မောင်နှမတွေကို မျှဝေလိုက်ပါရစေနော်။နောက်ပြီးတော့ မနိုင်းနိုင်းစနေရေးထားတဲ့ ဘယ်သူအဆင့်အတန်းမရှိသလဲ ပို့စ်လေးကိုလဲ သွားရောက်ဖတ်ဖြစ်ခဲ့ပါတယ်။တော်တော်လေးကောင်းပါတယ်ရှင်။စိတ်ဝင်စားကြမယ်ဆိုရင် သွားရောက်ဖတ်ရှုကြဖို့ ညွှန်းဆိုလိုက်ပါရစေနော်။
*************************************************************
လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။
ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။
စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။
အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။
လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။
ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။
လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။
လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။
အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။
အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။
မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။ ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။
မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။
သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။
ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။
ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။
သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။
ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။
အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)
.....................................................
ဗုဒ္ဓစကား....
တရားမြှားတို့...
ကြားသူရင်ကို စိုက်စေသတည်း....။
မောင်စိန်ဝင်း ( ပုတီးကုန်း)
အားလုံးကိုလေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
တောင်းပန်လွှာ
မင်္ဂလာပါရှင်။
ဒီနေ့မနက် ကျမဆီကို ကျမနဲ့ အလှပြင်ခြင်း ပို့စ်လေးနဲ့ ပတ်သက်ပြီး မေးလ်လေးတွေဝင်လာလို့
ဝမ်းသာကျေနပ်ဖြစ်ခဲ့ရပါတယ်။စာရေးလာခဲ့ကြတဲ့ (မ)မေဒေး နဲ့ (မ)Superlane တို့ကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒါပေမယ့် ဒီပို့စ်လေးနဲ့ ပတ်သက်ပြီးကြိုက်နှစ်သက်သူတွေရှိကြသလို ၊ ကျမရဲ့ပေါ့ဆမှုကြောင့် ကျမရေးထားတာကို ကြွားသလိုထင်ပြီး မကြိုက်မနှစ်သက်တဲ့ ကျမရဲ့စာဖတ်သူမိတ်ဆွေတချို့က စီဘုံးမှာ ဒီနေ့လာရေးသွားကြတာမို့ ကျမရေးတာ ကြွားသလိုဖြစ်သွားရင် တောင်းပန်အပ်ပါတယ်ရှင်။
မိန်းခလေးတွေနဲ့ ပတ်သက်ပြီး အလှအပ ပစ္စည်းကြော်ငြာကြရာမှာ ဈေးနှုန်းတန်ဖိုးလေးတွေပါ ထည့်ကြော်ငြာပေးတတ်ကြတာဟာ အထူးအဆန်းတစ်ခု မဟုတ်ဘူးလို့ ကျမထင်မြင်မိပြီး အလှအပ ပစ္စည်းလေးတွေရဲ့ တန်ဖိုးလေးတွေကို ကျမရေးသားခဲ့ခြင်းသာဖြစ်ပါတယ်ရှင်။ ကျမကလည်း ပိုက်ဆံတွေ အရမ်းရှိနေလို့ ဒီအလှကုန်ပစ္စည်းတွေကို ၀ယ်သုံးနေတာ မဟုတ်ရပါဘူး။ ဂျပန်နိုင်ငံမှာနေပြီး ဂျပန်နိုင်ငံနဲ့ကိုက်ညီတဲ့ ၊ ကိုယ်နဲ့လည်းအသုံးတည့်တဲ့ ပစ္စည်းဖြစ်ခြင်းမို့သာ မတတ်သာလို့ ၀ယ်သုံးဖြစ်ခဲ့ခြင်းသာဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ပိုက်ဆံမကုန်ပဲနဲ့ မြန်မာပြည်မှာတုန်းကလို ပရိုမီနာ နဲ့ သနပ်ခါးလိမ်းပြီး နေရတာကမှ ငွေကုန်သက်သာပြီး ပိုလဲ ကြိုက်နှစ်သက်မိမှာပါ။
ကျမဒီရောက်တော့ အသားအရေပျက်စီးပြီး အဆင်မပြေဖြစ်လွန်းလို့သာ ဒီအလှပြင်ပစ္စည်းတွေကို ၀ယ်သုံးဖြစ်ကြောင်းနဲ့ နိုင်ငံခြားမှာရောက်နေပြီး ကျမလိုအသားအရည်နဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်ခဲ့ရင် ကျမတုန်းကလို ဟိုဟာသုံးရကောင်းနိုးနိုး ၊ ဒီဟာသုံးရ ကောင်းနိုးနိုးနဲ့ ပိုက်ဆံပိုကုန် ၊စိတ်ညစ်မခံရလေအောင် ကျမနဲ့အသုံးတည့်တဲ့ အလှပြင် ပစ္စည်းလေးတွေ အကြောင်းကို မျှဝေပေးထားခြင်းသာဖြစ်ပါတယ်ရှင်။
ကျမရဲ့ဘလော့လေးကို အမျိုးသမီးစာဖတ်သူပရိဿတ်က ပိုပြီးများများလာတာကိုသိရသလို ၊ မိန်းခလေးအတော်များများကလည်း အလှအပဆိုရင် စိတ်ဝင်စားတတ်ကြတာမို့ ကျမနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ပို့စ်လေးတွေရေးသား တင်ပြခြင်းတာဖြစ်ပါတယ်ရှင်။ ကျမသုံးနေတဲ့ ပစ္စည်းတွေဟာ ဂျပန်ပြည်ရဲ့လူနေမှုစရိတ်နဲ့တွက်ကြည့်ရင် ဆိုင်မှာ တစ်ပတ်စားလောက်တဲ့ ငွေတွေမဟုတ်ရပါဘူးရှင်။ မြန်မာငွေနဲ့တွက်ရင်သာ ဈေးများနေတာပါ။ ဂျပန်ငွေနဲ့ ဂျပန်အသုံးစရိတ်နဲ့ တွက်ရင်တော့ သာမာန်အသုံးငွေမျှသာရှိပါတယ်ရှင်။ ဂျပန်မှာ ဘာပဲ ဖြစ်ဖြစ်ဈေးကြီးတတ်ပါတယ်။ ယန်း၁၀၀ တန်တောင်မှ မြန်မာငွေနဲ့ တွက်ရင် တစ်ထောင်ကျော်နေတာမို့ မြန်မာငွေနဲ့ တွက်သုံးနေရင်တော့ ဘာမှကို ၀ယ်ဖြစ်တော့မှာ မဟုတ်ပါဘူးရှင်။ကျမလည်း နိုင်ငံခြား ရောက်စကတော့ အဲဒီလိုမြန်မာငွေနဲ့ပဲ တွက်သုံးလာခဲ့တာပါ။ နောက်တော့လဲ အရမ်းကြီးချွေတာသုံးနေပြီး စိတ်ပင်ပန်းနေရင် နိုင်ငံခြားမှာနေရတာက အစ ပျော်ရွှင်မှုရှိမလာတာကြောင့် နောက်ပိုင်းမှာ အတန်အသင့်လိုအပ်တာလေးတွေကို
ဝယ် သုံးစွဲလာခဲ့ရခြင်းသာဖြစ်ပါတယ်။အဲဒီအတွက်နဲ့ တော့ နားလည်မှု မလွဲစေချင်ပါဘူးရှင်။
နောက်တစ်ခုကတော့.. ကျမရေးခဲ့တဲ့ "ဘ၀အတွက်အလုံခြုံဆုံးအရာ" ပို့စ်လေးနဲ့ပတ်သက်ပြီး Anonymous တစ်ဦးက ထောက်ပြပြီး မေးလာလို့ ကျမဒီပို့စ်ကို ဖျက်လိုက်ပါတယ်ရှင်။ ပို့စ်လေးရဲ့ အောက်ဆုံးမှာ
" ဒီပို့စ်လေးဟာ ဖတ်ဖြစ်ခဲ့သော မြတ်ထွဋ်ညွန့် (ဆေး ၂ ) ရဲ့ဇာတ်လမ်းလေးကို ပြန်လည်ရေးဖွဲ့ တည်းဖြတ်ခံစားပြီး မောင်လေး၊ ညီမလေးများအတွက် ပညာပေးပို့စ်လေးဖြစ်တာမို့ မျှဝေတင်ပြထားခြင်း ဖြစ်ပါတယ်ရှင်။ " လို့ စာရေးသူရဲ့ နာမည်ကို ဖော်ပြပြီးရေးခဲ့ပါတယ်။ ဒီလိုဖော်ပြပြီး မှတ်ချက်ကလေးရေးခဲ့တာကလဲ တကယ့်မူရင်း ဇာတ်လမ်းလေးဟာ ဇာတ်လမ်းပိုရှည်ပြီး တချို့ဇာတ်ကွက်တော်တော်များများကို ကျမဖြုတ်ချန်ခဲ့လိုက်လို့ အဲဒီလိုလေး ရေးသားခဲ့ရတာပါရှင်။ စာရေးသူရဲ့ ပို့စ်တစ်ခုလုံးကို ယူမသုံးဖြစ်ခဲ့တဲ့ အတွက် အဲဒီလိုရေးသားခဲ့ခြင်းသာဖြစ်ပါကြောင်းနဲ့ စာရေးသူရဲ့ ပို့စ်ကို တည်ဖြတ်ပြီး ပြန်လည်ဖော်ပြခြင်းဟာ ကျမအနေနဲ့ အမှားတစ်ခုလုပ်မိတယ်လို့ ယုံကြည်ခံစားမိတဲ့အတွက် ဒီပို့စ်လေးကို ကျမဖြုတ်လိုက်ရခြင်းပဲ ဖြစ်ပါတယ်ရှင်။ ဒီဇာတ်လမ်းလေးကို ကျမဖတ်မိခဲ့တာ တစ်နှစ်ကျော်နေပါပြီ၊ ဇာတ်လမ်းလေးကတော်တော် စိတ်ဝင်စားစရာကောင်းတဲ့ အတွက် တစ်နေ့နေ့မှာ မောင်လေး၊ညီမလေးတွေ ဖတ်ရလေအောင် ပြန်လည်မျှဝေလိုတဲ့ စိတ်ကူးလေးရှိနေခဲ့ပါတယ်။ ဒီပို့စ်လေးဟာ လူမှုရေးနဲ့ ကျန်းမာရေးပညာပေးပို့စ်လေးတစ်ခု ဖြစ်တယ်လို့လဲ ယုံကြည်မိတာပါပါတယ်ရှင်။ စာရေးသူ ဆရာမြတ်ထွဋ်ညွန့် ကိုလဲ လေးစားပါတယ်။ ဒါကြောင့်မို့ ဆရာ့ရဲ့ နာမည်ကို ဖော်ပြပြီး ပို့စ်လေးတစ်ခုအဖြစ် ပြန်လည်မျှဝေခဲ့ခြင်းသာဖြစ်ပါကြောင်း ၊ ကျမဘက်မှ မှားသွားခဲ့သည်ရှိပါက စာဖတ်သူတွေအားလုံးကို တောင်းပန်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ရှင်။
အားလုံးကိုလေးစားလျှက်
ဝါ၀ါခိုင်မင်း
Tuesday, January 27, 2009
ကျမနဲ့ အလှပြင်ခြင်း
မင်္ဂလာပါရှင်။
မိန်းကလေးတော်တော်များများဟာ အလှပြင်ခြင်းကို စိတ်ဝင်စားကြပါတယ်။ကျမလည်း အလှပြင်ခြင်းကို အတော်အသင့်တော့ စိတ်ဝင်စားပါတယ်ရှင်။ကျမကအချိန်ယူပြီး အလှပြင်ရမှာကိုတော့ ပျင်းတတ်ပါတယ်။
မြန်မာပြည်မှာနေစဉ်က သနပ်ခါးလိမ်းရတာကို အလွန်နှစ်သက်ခဲ့ပေမယ့် ဒီကိုရောက်တော့ သနပ်ခါး မလိမ်းဖြစ်တော့ပါဘူး။ဒီက ရာသီဥတုက သနပ်ခါးလိမ်းလို့ အဆင်မပြေလို့ပါ။ မြန်မာပြည်မှာ မျက်နှာအောက်ခံ ပရိုမီနာကို အစက်ကလေးတွေချ နဲနဲပါးပါးလေးလူးပြီးရင် အပေါ်က ရွှေပြည်နန်းသနပ်ခါးမွှေးမွှေးလေးကို လိမ်းပြီး ပါးကွက်ကလေးကွက်ပြီးနေရတာကို တော်တော်လေးနှစ်သက်ခဲ့တာပါ။ သွားစရာ ၊လာစရာရှိမှ REVLON မိတ်ကပ်အရည်လေးကိုလူးပြီး REVLON Powder လေးပုတ်လိုက်ရင် အလှပြင်ခြင်းက ပြီးသွားပါပြီ။ နှုတ်ခမ်းနီလေးဆိုး ၊ မျက်ခုံးလေးနဲနဲဆွဲပေါ့နော်။ :D
မြန်မာပြည်မှာနေစဉ်က ကျမရဲ့အသားအရည်ကိုလှတယ်လို့ တော်တော်များများကပြောကြပါတယ်။ကျမ ဘာမှ ထွေထွေထူးထူးမသုံးခဲ့ ၊မလိမ်းခဲ့ပါဘူး။ Lotion တောင်မသုံးခဲ့တာပါ။
ကျမ ဂျပန်ကိုလာတော့ သုံးလက်စ ပရိုမီနာဘူးလေးရယ်၊ရွှေပြည်နန်းသနပ်ခါးဘူးကြီးရယ် ၊ REVLON မိတ်ကပ်အရည်လေးနဲ့ REVLON Powder ၊ REVLON မျက်နှာသစ်ဆပ်ပြာရည်တို့ကိုပဲ အလှပြင်ခြင်းကိစ္စအတွက် သယ်ဆောင်လာခဲ့ပါတယ်။ဂျပန်ရောက်ရောက်ချင်း ပရိုမီနာလိမ်းတာရနေပေမယ့် တဖြေးဖြေးနဲ့ အသားအရေကပြောင်းလာပြီး ပရိုမီနာက မျက်နှာမှာဆွဲလို့ လုံးဝမရတော့ပါဘူး။အဲဒါနဲ့ REVLON set ကလေးကိုပဲသုံးလာရင်းနဲ့ အဆင်ပြေနေပြီးတော့ ၊ ၆ လလောက်အကြာမှာ အသားအရေတွေခြောက်လာပြီး ၊ မျက်နှာလဲကြည်ကြည်လင်လင်မရှိ ၊ မိတ်ကပ်လိမ်းရင် အဖုတွေထွက်လာပါတော့တယ်။ REVLON set ကတစ်ဘူးသုံးတာ ကုန်သွားလို့ အဆင်ပြေနေတာနဲ့ ကိုယ်သုံးတဲ့အတိုင်းဝယ်စေပြီး အစ်မကိုလူကြုံနဲ့ပို့ခိုင်းခဲ့တာပါ။ဒုတိယရောက်လာတဲ့ဘူးကိုဆက်သုံးတာနဲ့ အဆင်မပြေတော့ပါဘူး။ မျက်နှာလဲ အသားခြောက်ခြောက်ကြီးနဲ့ တော်တော်စိတ်ညစ်စရာကောင်းသွားခဲ့တာပါ။ အဲဒါနဲ့ SHISEIDO ကို Set လိုက်ဝယ်ပြီး သုံးဖြစ်ခဲ့ပါတယ်။ SHISEIDO က Skin care အတွက်တော်တော်ကောင်းပေမယ့် 2 sets လောက်သုံးပြီးတဲ့ အထိ အသားအရည်က သိသိသာသာကောင်းမလာပါဘူး။
အဲဒါနဲ့ ဒီမှာနေတာကြာပြီဖြစ်တဲ့ ကျမရဲ့ ညီမလေးတစ်ယောက်ကညွှန်းတာနဲ့ ARSOA မိတ်ကပ်တွေကို စသုံးဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ARSOA ကို Set လိုက်ဝယ်သုံးလာတာ တစ်နှစ်ကျော်သွားခဲ့ပါပြီ ။ မြန်မာပြည်မှာနေတုန်းကလောက် အသားအရည်ပြန်လှမလာပေမယ့် ၊ အရင်ကထက်စာရင်တော့ တော်တော်လေး အဆင်ပြေတယ်လို့ ပြောရပါမယ်။ မြန်မာပြည်မှာတုန်းကလိုတော့ အသားအရည်က ဘယ်ပြန်လှနိုင်မှာလဲနော်. ကျမက မြန်မာပြည်ကနေခွဲလာတာ ၄ နှစ်ရှိသွားသလို အသက်ကလဲ ၄နှစ်ပိုကြီးလာခဲ့ပြီပဲလေ။
ကျမအသားအရည်က မြန်မာရာသီဥတုနဲ့မှ အဆင်ပြေတာပါ။ ချွှေးထွက်နေမှကျမရဲ့အသားအရည်ကချွှေးပေါက်ပွင့်ပြီး ကြည်ကြည်လင်လင်လေးဖြစ်ပြီး အသားအရည်လှတယ်လို့ ထင်မိပါတယ်။အခု ဂျပန်မှာက အေးနေတာက များများဆိုတော့ ရာသီဥတုကိုလိုက်ပြီး Skin care တွေကို မဖြစ်မနေသုံးနေရပါတယ်။ အိပ်ရာမ၀င်ခင်ညတိုင်းမိတ်ကပ်တွေကို Make up remover နဲ့ဖယ်ပြီး မျက်နှာသစ်ဆပ်ပြာနဲ့သေခြာမျက်နှာသစ် ညလိမ်းခရင်လိမ်းရမှာကို အေးလွန်းတာနဲ့ပဲ ညစဉ်မှန်မှန်မလုပ်ဖြစ်တာလဲ မကောင်းပါဘူး။ရာသီဥတုက အေးလွန်းတော့ ကျမလဲ တခါတလေပျင်းပြီး မျက်နှာမဆေးပဲ အိပ်လိုက်မိတဲ့ ညတွေလဲ အများကြီးမို့ ကိုယ့်ရဲ့အားနည်းချက်လဲပါတာပေါ့လေ။
ဒါပေမယ့် ဒီ ARSOA SET ကလေးက သေသေခြာခြာလေးသုံးဖြစ်ရင်တော့ တော်တော်လေးအကျိုးဖြစ်တာကိုတွေ့ရပါတယ်။
ကဲ..ကျမသုံးတဲ့ အဆင့်ဆင့်ကိုပြောပြပါမယ်နော်....
ကျမသုံးတဲ့ ARSOA Set
၁.ARSOA မျက်နှာသစ်ဆပ်ပြာခဲနဲ့ အရင် မျက်နှာသစ်ရပါမယ်။
တန်ဖိုး- 4660 ယန်း
၂.ဒီ CELL CLEY နဲ့ မျက်နှာကို ပေါင်းတင်ရပါတယ်။ ( ဒါက တစ်ပတ် တစ်ခါလောက်လုပ်ရင် အဆင်ပြေပါတယ်။)
တန်ဖိုး- 4200 ယန်း
၃.မျက်နှာကို ပေါင်းတင်ပြီးတာနဲ့ CELL LOTION ကိုအရင်ဆုံးလိမ်းရပါမယ်။
တန်ဖိုး- 6615 ယန်း (ဘူးကြီး)
ဘူးသေးကတော့ 3990 ယန်းပါ။
၎.ပြီးရင် ဒီ CELL ESSENCE ကို လိမ်းရပါမယ်။ဒီ CELL ESSENCE က Main ဖြစ်သလို ဈေးလဲအကြီးဆုံးပါပဲ။
တန်ဖိုး- 13650 ယန်း
၅.ဒါလေးက နွေရာသီမှာထည့်လိမ်းရတဲ့ SP prepare Lotion ပါ။
တန်ဖိုး- 3150 ယန်း
၆.ပြီးတာနဲ့ Faundation အခြောက်ကို လိမ်းပါတယ်။
တန်ဖိုး- 5040 ယန်း
၇.ဘူးအသေးလေးက နှုတ်ခမ်းနီဘူးပါ။အရောင် ၃မျိုးပါပါတယ်.
တန်ဖိုး- 2820 ယန်း
၈. ARSOA Powder ပါ။
တန်ဖိုး- 4725 ယန်းပါ။
ဒီပေါင်ဒါလေးလိမ်းပြီးသွားရင်တော့ မိတ်ကပ်လိမ်းတဲ့ အဆင့်ဆင့်လေးပြီးသွားပါပြီ။
ကျမသုံးတဲ့ ရေမွှေးဘူးလေးတွေပါ။
ကျမရဲ့ လက်သဲနီလေးတွေနော်. ( ညီမလေးတွေကြိုက်တဲ့ အရောင်ယူသွားကြပါ။) :D
ကဲ..ကျမသုံးနေတဲ့ အလှပြင် ပစ္စည်းလေးတွေ အကြောင်းကို ရေးပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ARSOA မိတ်ကပ်လေးတွေကို
ဝယ်ချင်ရင်တော့ ကျမကို ဆက်သွယ်နိုင်ပါတယ်။ ARSOA မိတ်ကပ်ဘူးတိုင်းမှာ ဈေးရင်းတွေထည့်ရေးထားတာမို့ ဈေးများမှာ ပူစရာမလိုပါဘူးရှင်။ :D နောက်ဆို ကျမက ဒီ ARSOA မိတ်ကပ်ကို မြန်မာပြည်ကိုသွင်းရမလားလို့ စဉ်းစားနေတာပါ။ ဟတ်ဟတ်.
အခုကြော်ငြာဝင်ထားတာမဟုတ်ဖူးနော်။ မိတ်ဆက်ပေးထားတာပါ။ စိတ်ဝင်စားမယ်ဆိုရင် သုံးကြည့်နိုင်ကြပါတယ်။
အားလုံးပဲပျော်ရွှင်ကြပါစေ။
ARSOA set ကိုသုံးပြီး Facial Care လုပ်ခဲ့ကြတာကို ကျမရေးပြီးခဲ့တာမို့ စိတ်ဝင်စားမယ်ဆိုရင် ဒီမှာ ဖတ်နိုင်ကြပါတယ်ရှင်။
အားလုံးကိုလေးစား ခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
Thursday, January 22, 2009
Friend Forever
"အချစ်နဲ့တွေ့သွားရင်လူတွေဟာ ပြောင်းလဲသွားတတ်တယ်" တဲ့
(၁)
သူမဟာ ငယ်ငယ်ကတည်းက အချစ်ဆိုတာကို မယုံကြည်ခဲ့သလို ၊ စိတ်လည်းမ၀င်စားခဲ့မိပါဘူး။ အထက်တန်းကျောင်းသူဘ၀လောက်မှာကတည်းက ရည်းစားတွေထားပြီး၊ အချစ်တွေရှာနေကြတဲ့သူတွေကိုလည်း အထင်မကြီးတတ်ခဲ့ပါဘူး။ သူမဟာ ငယ်ငယ်ကတည်းက မာနကြီးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်သူမမှာ အပေါင်းအသင်းမိတ်ဆွေ သိတ်မရှိခဲ့ဘူးလေ။ သူမက သူငယ်ချင်းဆိုရင်လဲ ရွေးပြီးပေါင်းတတ်ခဲ့ပါတယ်။ ရွာကနေကျောင်းလာတက်ပြီး တစ်ယောက်တည်းအဆောင်မှာ ဆင်းဆင်းရဲရဲနေနေရတဲ့ သူငယ်ချင်းမလေးဟာ သူမရဲ့ အခင်မင်ဆုံးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ သူမရဲ့သူငယ်ချင်းမလေးကို သူမအိမ်မှာ ညစဉ်လိုလိုအိမ်ခေါ်ပြီး စာအတူကျက်ဖြစ်ခဲ့တယ်။ စားစရာရှိရင် အတူတူစားခဲ့ပါတယ်။ သူမသူငယ်ချင်းအတွက် သူမရဲ့ အ
ဝတ်အစားတွေကို မကြာခဏဝေမျှပေးခဲ့ပါတယ်။ သူမငယ်ငယ်က မေမေက သူမကို ပေါ်သမျှအ၀တ်အစား စပို့ရှပ်ကလေးတွေအားလုံးလိုလို ကိုယ်ပေါ်ရောက်စေခဲ့တယ်။ သူမကလည်း ငယ်ငယ်ကတည်းက အ၀တ်အစား သတ်သတ်ရပ်ရပ်ဝတ်တာကြိုက်တယ်လေ။ အ
ဝတ်တွေဆို ငယ်ငယ်ကတည်းက မီးပူပြောင်နေအောင်တိုက်တတ်ခဲ့တယ်။ ငယ်ငယ်တုန်းက လျှပ်စစ်မီးပူနဲ့ မီးပူတိုက်ရတာ မဟုတ်ပဲ မီးသွေးမီးပူနဲ့ မီးပူတိုက်ခဲ့ရတာလေ။ များသောအားဖြင့် မေမေက မီးပူတိုက်ပေးခဲ့ပေမယ့် သူမကျောင်းအားရက်တွေမှာ သူမကိုယ်တိုင်ပဲ အ၀တ်အစားတွေကို မီးပူတိုက်ဖြစ်ခဲ့ပါတယ်။ အ၀တ်ဗီရိုထဲမှာ အ၀တ်လေးတွေ စီနေတာကိုမြင်ရရင် သူမ အရမ်းသဘောကျနှစ်ခြိုက်ခဲ့ တာလေ။
(၂ )
သူမကျောင်းပိတ်ရက်တွေမှာ သူမရဲ့သူငယ်ချင်းမလေးက ရွာကိုမပြန်ဖြစ်ရင် သူမအိမ်မှာပဲ စားသောက်ပြီး အတူနေဖြစ်ခဲ့ကြပါတယ်။သူမ မီးပူတိုက်ရင် သူမသူငယ်ချင်းမလေးကလည်း ၀င်တိုက်ပေးခဲ့ပါတယ်။သူမရဲ့ သူငယ်ချင်းမလေးက ဒီအကျီင်္လေးက လှလိုက်တာနော် ဆိုရင် သူမက သူမသူငယ်ချင်းမလေးလိုချင်မယ်ထင်တဲ့ အကျီင်္လေးတွေ တချို့ကို ဝေမျှပေးဖြစ်ခဲ့ပါတယ်။ ရွာကနေကျောင်းလာတက်တာဆိုတော့ သူငယ်ချင်းမလေးက အ၀တ်အစားဆို သိတ်မ၀ယ်နိုင်တာမို့ သူမတတ်နိုင်သလောက် ဝေမျှပေးခဲ့တာပါ။ အသစ်တွေကိုတော့ သူမလဲ မပေးနိုင်ခဲ့ဘူးပေါ့နော်၊ မေမေ က သူမ၀တ်ဖို့ဝယ်ထားပေးတာလေ။သူမ သူမ သူငယ်ချင်းကိုပေးဖြစ်ခဲ့တာက တပတ်နွမ်းလေးတွေများပါတယ်၊ တပတ်နွမ်းဆိုပေမယ့်လဲ အရမ်းဟောင်းသေးတာမဟုတ်ပါဘူး၊သူမ ၄ ၊၅ ခေါက်လောက်ဝတ်ပြီးသားလေးတွေကို ပေးခဲ့တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရွာကနေကျောင်းလာတက်တဲ့ သူမသူငယ်ချင်းအတွက် အဆင်ပြေမယ်လို့ထင်ခဲ့ပါတယ်။
(၃)
သူမရဲ့သူငယ်ချင်းမလေးဟာ သူမအိမ်မှာ စားအတူ၊သောက်အတူနေလာကြပြီးမှ နောက်တော့ သူမအိမ်ကိုမလာတော့ပါဘူး။ဘာဖြစ်လို့မလာတာလဲဆိုတာကို သူမလဲ စဉ်းစားလို့မရအောင်ဖြစ်မိခဲ့ပါတယ်။ တစ်နေ့မှာ သူမ အလှုပွဲသွားစရာရှိလို့ သူမမေမေက သူမရဲ့ အ၀ါရောင်အကျီင်္လှလှကလေးကို ၀တ်ဖို့ ပြောတော့ သူမဟာ သူမအရမ်းကြိုက်တဲ့ ဇာအကျီင်္အ၀ါရောင်လေးကို ရှာမတွေ့နေခဲ့ပါဘူး။ အဲဒါကို တနေရာရာမှာ အထားမှားတယ်ပဲ ထင်ခဲ့မိတယ်လေ ၊ အဲဒါနဲ့ မေမေက နောက်တမျိုး
ဝတ်ခိုင်းတော့လည်း အဲဒီအင်္ကျီလေးပါရှာမတွေ့တော့တာပါ။ မေမေကတော့ သမီးတနေရာမှာ အထားမှားနေပြီထင်တယ်ဆိုပြီး အဆင်ပြေတဲ့ အကျီင်္လေးကိုပဲ ၀တ်ပြီးသွားဖြစ်ခဲ့ပါတယ်။
(၄)
သူမရဲ့ သူငယ်ချင်းတစ်ယောက်က သူမအိမ်မှာလာနေသွားတဲ့သူငယ်ချင်းမလေးကိုညကရုပ်ရှင်ရုံမှာ တွေ့ကြောင်း ၊ သူမပေးထားတဲ့ အကျီင်္လေးဝတ်ထားတာတွေ့ကြောင်း ၊ လှနေကြောင်းပြောပြခဲ့လို့ သူမ သူမရဲ့သူငယ်ချင်းမလေးကို သတိရမိပြီး ကျောင်းပိတ်ရက်မှာ သူမသူငယ်ချင်းနေတဲ့ အဆောင်ကိုရောက်သွားခဲ့ပါတယ်။ အဆောင်ဆိုတော့ ကျောင်းပိတ်ရင် ကျောင်းသူတော်တော်များများက မိမိအိမ်တွေ၊ရွာတွေကိုပြန်ကြတာဆိုတော့ အဆောင်မှာ သူငယ်ချင်းမလေးကလွဲလို့ တခြားသူတွေ ရှိမနေခဲ့ပါဘူး။ သူမ သူမရဲ့သူငယ်ချင်းမလေးရဲ့ အဆောင်ရှေ့ရောက်တော့ သူမသူငယ်ချင်းမလေးက သူမကိုမြင်တာနဲ့ မျက်နှာပျက်နေပါတော့တယ်။ သူမက သူငယ်ချင်းမလေးကိုနေကောင်းလားလို့မေးပြီး အဆောင်ထဲဝင်သွားတော့ အဆောင်ပြတင်းပေါက်ကနေ လှမ်းကြည့်တာနဲ့ မြင်နိုင်တဲ့ ကြိုးတမ်းမှာ သူမပျောက်နေတဲ့ ဇာအကျီင်္လေး နှစ်ထည်အပါအ၀င် သူမရဲ့ အကျီင်္တော်တော်များများဟာ ကြိုးတမ်းပေါ်မှာနေရာယူနေကြပါတယ်။ သူမဟာ သူမသူငယ်ချင်းမလေးကိုကြည့်လိုက် ကြိုးတမ်းပေါ်က သူမ မပေးထားတဲ့ သူမရဲ့အကျီင်္တွေကိုကြည့်လိုက်နဲ့ ဘာမှမပြောနိုင်တော့ပဲ သူမအိမ်ကိုပြန်ဖြစ်ခဲ့ပါတယ်။သူမရဲ့လက်ထဲမှာကိုင်လာတဲ့ သူမသူငယ်ချင်းမလေးအတွက် စားစရာတချို့ကို သူမခုံပေါ်မှာတင်ပေးခဲ့ရင်းနဲ့ နှုတ်မဆက်ပဲ ထွက်ခွါခဲ့ပါတော့တယ်။
(၅)
သူမဟာ ငယ်ငယ်ကတည်းက အပေါင်းအသင်းကိုရွေးထားတတ်ပါတယ်၊လူတိုင်းကို မပေါင်းသင်းတတ်ခဲ့ပါဘူး။လူမှုရေးညံ့ဖျင်းခဲ့ပါတယ်။ တကယ်တော့ သူမဟာ သူမသူငယ်ချင်းလေးအပေါ်မှာ လူအကဲခတ်ညံ့သွားခဲ့တာပါ။သူမက သူမသူငယ်ချင်းမလေးကို စာလည်းကျက်ရင်း ရည်းစားမထားဘို့လဲ တိုက်တွန်းတတ်ခဲ့သူပါ။ဒါပေမယ့် သူမ မသိခင်အချိန်မှာ သူမရဲ့သူငယ်ချင်းမလေးဟာ ကျောင်းသားမဟုတ်ပဲ အပြင်က လူတစ်ယောက်နဲ့ ချစ်ခင်နေပြီး အချစ်အတွက်ကြောင့် ပိုလှချင်ပြီး အမှားတွေလုပ်ခဲ့ပါတယ်၊ အချစ်အတွက်ကြောင့် သူမရဲ့သူငယ်ချင်းမလေးဟာ သူမအပေါ်မှာ ပြောင်းလဲသွားခဲ့တာပါလားလို့ သူမကောက်ချက်ချလိုက်မိပါတော့တယ်။သူမဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းနဲ့ ပတ်သက်ရင် ကံမကောင်းတတ်ပါဘူး။ အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ ကွဲကွာတတ်ခဲ့ရပါတယ်။ဒါပေမယ့် သူမရဲ့သူငယ်ချင်းတွေကို သူမ အခုအချိန်အထိ သတိရနေဆဲပါပဲလေ။အဲဒီသူငယ်ချင်းမလေးဟာ သူမကိုစာရေးပြီးတောင်းပန်ခဲ့ဘူးပါတယ်။ဘာပဲဖြစ်ဖြစ် သူမရဲ့သူငယ်ချင်းမလေးဟာ အခုအထိသူမရဲ့သူငယ်ချင်းဖြစ်နေဆဲပါပဲ။
သူငယ်ချင်းနဲ့ မိသားစု ကျန်းမာပျော်ရွှင်ကြပါစေ။
( ရေးဖို့ရည်ရွယ်တာကတခြား၊ ရေးဖြစ်တာက တခြားဖြစ်သွားပါတယ်ရှင်။ ရေးနေရင်းနဲ့ ဒီအဖြစ်အပျက်ကလေးကို သတိရမိသွားလို့ပါ။ရေးဖို့ ရည်ရွယ်တာက အချစ်ကြောင့်ပြောင်းလဲသွားတဲ့ သူမရဲ့အကြောင်းပါရှင်။ဆက်ရန်ပေါ့နော်။) :D
အားလုံးပဲ အဆင်ပြေပျော်ရွှင်ကြပါစေ။
လေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
Tuesday, January 20, 2009
Stay in Japan
မင်္ဂလာပါရှင်.
ကျမရဲ့စာဖတ်ပရိသတ်တစ်ဦးက ဂျပန်မှာအလုပ်လုပ်လိုကြောင်း ၊ ဘယ်လိုလာနိုင်မလဲဆိုတာ ကူညီပေးစေလိုကြောင်း၊သူ့ရဲ့ အမျိုးသမီး ညီမလေးက ဂျပန်မှာရှိနေတဲ့ အတွက် ဘယ်လိုနည်းလမ်းနဲ့ လာရင်အဆင်ပြေနိုင်မယ်ဆိုတာ အကူအညီပေးစေလိုကြောင်းမေးလ်ပို့လာတဲ့ အတွက် တစ်ယောက်တည်းကိုစာမပြန်တော့ပဲ ဂျပန်လာလိုသူတွေ၊ ဂျပန်မှာ အလုပ်လာလုပ်လိုသူတွေ သိရှိနိုင်စေရန်အတွက် ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ်ရှင်။
တဆက်တည်းမှာပဲ မောင်ငယ်တစ်ယောက်က စင်္ကာပူမှာအလုပ်ဆက်လုပ်ဖို့ အဆင်မပြေတော့ပဲ ပြန်ဖို့နှုတ်ဆက်ထားတဲ့ ပို့စ်လေးကိုဖတ်မိပြီး စိတ်မကောင်းဖြစ်မိတာနဲ့ ဒီပိုစ့်လေးကိုဆက်ရေးဖြစ်လိုက်ပါတယ်ရှင်။
ဂျပန်မှာ ကွန်ပြူတာနဲ့ပတ်သက်ပြီး ဒီဇိုင်းဆွဲတာ၊ Software ရေးတာ၊ ၀က်ဘ်ဆိုဒ်နဲ့ပတ်သက်တာတွေကျွမ်းကျင်တဲ့သူတွေက
ဝင်ငွေတော်တော်ကောင်းကြပါတယ်။ကျမအမျိုးသားရဲ့သူငယ်ချင်း အိန္ဒိယကဆရာဝန်မလေးရဲ့ အမျိုးသားက အင်ဂျင်နီယာဖြစ်ပြီး ဒီမှာWeb maintenance အလုပ်ရပြီး ကြီးပွားနေတာမို့ ၀င်
ငွေဘယ်လောက်ရသလဲမေးကြည့်တော့ တစ်လကို သောင်း၈၀ ကျော်ဝင်တယ်လို့သိရပါတယ်ရှင်။ မြန်မာငွေနဲ့ ဆိုရင် တစ်လကို သိန်းတစ်ရာကျော်ပေါ့နော်။ အဲဒီလို ၀င်ငွေကောင်းတဲ့ အလုပ်မျိုးကို အခွင့်အရေးရှိခဲ့မယ်ဆိုရင် ၀င်ရောက်နိုင်ကြစေရန် ရည်ရွယ်ပြီးတော့ မျှဝေလိုပါတယ်ရှင်။
သူပေးတဲ့ အလုပ်ရှာပေးတဲ့အေဂျင်စီလင့်ခ်ကလေးကတော့ ဒီမှာ ပါရှင်။သူကလဲ အင်တာနက်ကနေတဆင့်ပဲ အလုပ်လျှောက်ခဲ့တာလို့ဆိုပါတယ်။ စိတ်ဝင်စားကြမယ်ဆိုရင် ဒီလင့်ခ်ကလေးကနေ အလုပ်လျှောက်ကြည့်ကြပါလို့ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်။ အလုပ်လျှောက်တာက ဂျပန်လည်းခုတလောစီးပွားကျနေတော့ ချက်ချင်းရမယ်မရဘူးမပြောနိုင်ပါဘူး။ လောလောဆယ်အလုပ်ဗီဇာနဲ့မဟုတ်ဘဲ၊ ကျွန်မလို dependent ဗီဇာနဲ့လာလိုသူတွေအတွက် လိုအပ်တဲ့အဆင့်တွေကိုမျှဝေလိုက်ပါတယ်။
ဂျပန်ကပေးတဲ့ဗီဇာအမျိုးအစားတွေပါ။
မောင်လေးရဲ့ အမျိုးသမီးညီမလေးက ကျောင်းသူပါ။မကြာခင်လပ်ထပ်ကြဖို့ ရည်ရွယ်ထားကြတဲ့သူတွေမို့ ဂျပန်မှာ အလုပ်အတူတူလုပ်ချင်ကြောင်းကိုရေးသားထားပါတယ်။
ပထမမြန်မာပြည်ဖက်က၊ လက်ထပ်စာချုပ်၊ အိမ်ထောင်စုဇယားတို့ကို ဂျပန်ဘာသာပြန်ရပါတယ်။ ပြီးတော့ ဒီစာရွက်စာတမ်းတွေကိုဂျပန်ကိုပို့ပေးရပါတယ်။ ဂျပန်မှာရှိနေတဲ့ ဖိတ်ခေါ်မယ့်သူက ဂျပန် Immigration မှာ လိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့အတူ လျှောက်လွှာတင်ထားရပါတယ်။ လိုအပ်တာတွေ ဒီမှာဒေါင်းလုပ်လုပ်နိုင်ပါတယ်။ အဲဒီကမှ နှစ်လလောက်အကြာမှာ COE (Certificate of Eligibility) ဆိုတဲ့ ခေါ်လို့ရတဲ့စာကျလာရင် မြန်မာပြည်ကိုပြန်ပို့ပေးရပါတယ်။မြန်မာပြည်ကဂျပန်သံရုံးကိုမှာအဲဒီCOE နဲ့အတူ ဗီဇာလျှောက်ရပါတယ်။ ပညာတော်သင်ကျောင်းသားရဲ့ အမျိုးသမီး၊ အမျိုးသား ဆိုရင် သိပ်အခက်အခဲမရှိပါဘူး ၊တစ်ပတ်လောက်အတွင်းမှာ ဗီဇာကျပြီး ဂျပန်ကိုလိုက်လာလို့ရပါပြီ။ ဖြစ်နိုင်ရင် ဒီကိုရောက်ပြီးမှ အလုပ်ရှာရတာထက် အင်တာနက်ကနေအလုပ်လျှောက်ထားပြီး အဆင်ပြေလို့လာလို့ရခဲ့ရင် ကိုယ့်အတွက်ဘာမှပူစရာမလိုအောင် Company ကစီစဉ်ပေးတာတွေရှိပါတယ်။ဘွဲ့တွေအများကြီးရထားပြီးမှတော့ Internet ကနေ အလုပ်တွေ တစ်ခုမရတစ်ခုလျှောက်ထားကြည့်လိုက်ပါ။ ကံကောင်းရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒီရောက်မှ အလုပ်ရှာရမယ်ဆိုရင် နေစရိတ်၊စားစရိတ်နဲ့ လောလောဆယ် ကိုယ်ကြိုက်တဲ့ အလုပ်မရခဲ့ရင် အဆင်မပြေဖြစ်မှာစိုးလို့ပါ။
(အလုပ်တိုင်းကတော့ သောင်း၈၀ ၀င်ငွေ မရနိုင်ပါဘူးနော်။ ကံကောင်းရင် သောင်း၈၀ လောက်အထိဝင်ငွေရှိကြောင်းပဲပြောပြပေးထားတာပါ။ ဂျပန်မှာ ပုံမှန်ဝင်ငွေက သောင်း ၃၀ ၊ ၄၀ လောက်ရတတ်ကြပါတယ်။ ဒါလဲ ဘာပဲဖြစ်ဖြစ် မဆိုးဘူးပေါ့နော်။ )
ဂျပန်ကို မိသားစုအလည်အပတ်ခေါ်လိုသူတွေအတွက်.
ဒါတွေကမြန်မာပြည်ကလာမယ့်သူတွေလိုအပ်တာပါ။
ဒါတွေကဂျပန်မှာရှိနေတဲ့ဖိတ်ခေါ်မယ့်သူကပို့ပေးရမယ့်စာရွက်စာတမ်းတွေပါ။
( ပုံများကို ကလစ်လုပ်ပြီး အကျယ်ချဲ့ကြည့်နိုင်ပါတယ်ရှင်။)
အားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။
လေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
C box မှာအရုပ်ကလေးတွေထည့်ရအောင်
မင်္ဂလာပါရှင်။
စီဘုံးမှာ အရုပ်ကလေးတွေထည့်ထားတာကို ညီမလေးတွေက "စီဘုံးမှာအရုပ်လေးတွေ ဘယ်လိုထည့်ရပါသလဲ မမရေ "လို့ လာမေးထားကြပေမယ့် ပြန်မဖြေဖြစ်ခဲ့ပါဘူး။ မေးသွားတာလေးတွေကိုတော့ တစ်နေ့နေ့မှာ ပြန်ဖြေပေးပါမယ်လို့ တွေးထားခဲ့ပါတယ်။မနေ့တုန်းက မမခင်ဦးမေ စီဘုံးမှာ အရုပ်လေးတွေ ဘယ်လိုထည့်လို့ရတယ် ဆိုတာကို ပို့စ်လေးတင်ထားတာနဲ့ မမခင်ဦးမေ ထံအလည်သွားပြီးဖတ်နိုင်ကြပါကြောင်း အသိပေးလိုက်ရပါတယ်နော်။မမခင်ဦးမေ ထံမှာ စုံစုံလင်လင်လေးရေးထားပေးပါတယ်။သဘောကျနှစ်ခြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။
ပြီးတော့ ကျမက အောက်ပါလင့်ခ်ကလေးနှစ်ခုကို လက်ဆောင်ထည့်ပေးလိုက်ပါတယ်ရှင်။ကျမရဲ့ စီဘုံးထဲကအရုပ်တွေက ဒီလင့်ခ်လေးတွေဆီက ကူးယူဖော်ပြထားခြင်းပဲဖြစ်ပါတယ်ရှင်။
http://www.bigoo.ws/Images/birthday/14-23-1667.htm
Winnie -the -pooh အရုပ်ကလေးတွေပါ
ကျမက အရုပ်ကလေးတွေကို စီဘုံးထဲမှာ ဘယ်လိုထည့်လဲဆိုရင်တော့ Mozilla firefox နဲ့ အရင် ဘလော့ဂ်ကိုဖွင့်ပြီး၊ c .box အောက်နားမှာ Get a c.box ကို Click ပါ။ ပြီးရင် Sing in လုပ်ပါ။
Feature မှာ
Options ကို ကလစ်ရင် ပေါ်လာတဲ့အထဲက Smiles ကိုကလစ်ရပါတယ်ရှင်။ Smiles ကို ကလစ်ပြီးတာနဲ့ စီဘောက်မှာပေါ်နေတဲ့ အရုပ်ကလေးတွေကိုတွေ့ရပါမယ်။အဲ့ဒီလင့်ခ်လေးတွေနေရာ(URL)မှာ လင့်အသစ်လေးတွေကို ထည့်ပြီးတာနဲ့ Code နေရာမှာ ကိုယ်ရေးချင်တဲ့ အမှတ်အသားလေးတွေ ရေးပြီး Save လုပ်ပြီးရင်ရပါပြီရှင်။ Link လေးကို ထည့်ပြီးတာနဲ့ Pic နေရာမှာ ကိုယ်ကူးခဲ့တဲ့ အရုပ်လေးပေါ်လာပါလိမ့်မယ်။
ကျမဆိုရင် စားတဲ့ပုံလေးတွေဆို မြန်မာလို "စား " လို့ရေးထားလိုက်ပါတယ်။ အဲ့ဒီတော့ စီဘုံးမှာလာရေးတဲ့ သူတွေက "စား"ပါတဲ့ စာကြောင်းဆိုရင် အဲဒီအရုပ်လေးပေါ်နေပါတယ်။New Row လေးကို ဆက်နှိပ်ပြီး လင့်ခ်လေးတွေ အများကြီးထည့်နိုင်ပါတယ်ရှင်။
လင့်ခ်ကလေးတွေရအောင် ဘယ်လိုကူးရသလဲဆိုရင်တော့ ..ကိုယ့်ဘလော့ကို Firefox နဲ့ အရင်ဖွင့်ပြီးရင် ကျမစီဘုံးမှာရှိနေတဲ့ အရုပ်ကလေးတွေကို right click နှိပ်ပြီး Copy image location နဲ့ ကူးရပါတယ်။ ရလာတဲ့ လင့်ခ်ကို ကျမအပေါ်မှာပြောထားတဲ့ အတိုင်း ထည့်လိုက်ရင် ရပါပြီ။ သင်္ကေတလေးတွေကိုတော့ ကိုယ်အဆင်ပြေသလို ရေးနိုင်ပါတယ်။ တစ်ခါလုပ်ပြီးတိုင်း Save ပြန်လုပ်ဖို့တော့ မမေ့ပါနဲ့ရှင်။အဲဒါဆိုရင် OK သွားပါပြီ။ ကျမက Microsoft Internet Explorer နဲ့ သုံးတာများတော့ အဲ့ဒါနဲ့ဖွင့်ရင် လင့်ခ်လုံးဝယူလို့မရ ဖြစ်နေပါတယ်။ Firefox နဲ့ ၀င်တော့မှ အဆင်ပြေတာမို့ Firefox နဲ့ဝင်ဘို့ညွှန်းရတာပါ။ ဒါလေးကတော့ ကျမသိသလောက် မျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်ရှင်။ စုံစုံလင်လင်သိချင်ရင်တော့ မမခင်ဦးမေ ဆီမှာ သွားဖတ်နိုင်ပါတယ်၊ သေခြာရှင်းပြပေးထားပါတယ်လို့ ညွှန်းပါရစေနော်။
..........................................................
1. Fairfox နဲ့ဘလော့ကိုဖွင့်ပါ။
2.ကျမဘလော့ဂ်ရဲ့ စီဘုံးမှ လိုချင်တဲ့အရုပ်ကလေးတွေကို right click နှိပ်ပြီး Copy Image Location နဲ့ ကူးပါ။ ( ဘယ် C.box ကအရုပ်မဆို ကူးလို့ ရနိုင်ပါတယ်။)
3.မိမိစီဘုံးမှ Get a Cbox ကို ကလစ်ပြီး Sing in လုပ်ပါ။
4.Features အောက်က Options ကို ကလစ်ရင် Smiles ပေါ်လာပါမယ်။ Smiles ကို ကလစ်ပြီး ခဏစောင့်ရင် မိမိစီဘုံးမှာ ရှိနေတဲ့ အရုပ်ကလေးတွေကိုတွေ့ရပါမယ်။
5.New Row ကို ကလစ်ရင် လင့်ခ်ထားဖို့နေရာပေါ်လာပါမယ်။ URL နေရာမှာ ကျမစီဘုံးကနေ ကော်ပီလုပ်လာတဲ့ အရုပ်လေးကို paste နဲ့ ထည့်လိုက်ရင် ရှေ့မှာ အရုပ်ပုံလေးပေါ်လာခဲ့ရင် OK ပါပြီ။ Code ကိုယ်ထည့်ချင်တဲ့ သင်္ကေတလေးတွေကိုထည့်ပါ။ ( ဥပမာ.. :c , :d, :f, )
6.ပြီးတာနဲ့ Save လုပ်ဖို့မမေ့ပါနဲ့နော်။ Save မလုပ်ဖြစ်ရင် ကူးလာတာလေးတွေ ပျောက်ကုန်ပါမယ်။
( ပိုရှင်းအောင် အချက်ကလေးနဲ့ ရေးပြီး ထပ်ထည့်ပေးလိုက်တာပါရှင်။ စီဘုံးမှာ အရုပ်ကလေးတွေထည့်ပြီး ပျော်ရွှင်နိုင်ကြပါစေ။)
အဆင်ပြေကြပါစေ။
လေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
Monday, January 19, 2009
ဆရာစံဇာဏီဘို တစ်ပတ်စာဗေဒင်
မင်္ဂလာပါရှင်။
ဆရာစံဇာဏီဘို ရဲ့ တစ်ပတ်စာဗေဒင်လေးတွေ့လို့ မောင်နှမတွေဖတ်ရလေအောင် မျှဝေလိုက်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။
လေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
စားကြမယ်ကွဲ့ကောင်းကောင်း
မင်္ဂလာပါရှင်။
ဒီရက်ပိုင်းတွေမှာ စိတ်ကူးပေါက်ရာလေးတွေ ချက်စားဖြစ်ပါတယ်။စားဖြစ်တိုင်းလဲ မောင်နှမတွေကို သတိရမိနေပါတယ်။ အနေနီးရင်များ အားလုံးကို မုန့်ခေါ်ကျွေးဖို့ စားတိုင်းသတိရဖြစ်ပါတယ်ရှင်။ တကယ်ပါ။ တစ်ခုခု ချက်စားဖြစ်တိုင်း အချိန်ရရင် ဘလော့ပေါ်တင်ဖို့ ဓါတ်ပုံရိုက်ထားလိုက်မိပါတယ်။ အဲ..ချက်နေရင်း ဗိုက်အရမ်းဆာရင်တော့ ဓါတ်ပုံရိုက်ထားဖို့ သတိမရနိုင်တော့ ပဲ စားလိုက်ကြတာ ကုန်သွားပါလေရော။ ဟတ်ဟတ်
မောင်လေးတွေ ၊ ညီမလေးတွေက တခါတလေ မုန့်လာတောင်းစားတတ်တယ်လေ။ ဒါလေးတွေကတော့ မမ၀ါရဲ့
လက်ရာလေးတွေပါကွယ်။ ကောင်းတဲ့အခါကောင်းတတ်ပါတယ်။ မကောင်းတဲ့ အခါကျရင်တော့ ဆွေမျိုးမေ့သွားအောင် မကောင်း တတ်ပါဘူးကွယ်။ ဟီး.. အားလုံးကို လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ခေါပုတ်ကြော်
ဒီဆီတိုဖူးလေးက ညီမလေးခေါင်ခေါင်အတွက် ထပ်ထည့်လိုက်တာပါနော်။ ညီမလေးက ခေါပုတ်ကြော်ကို ဆီတိုဖူးလေးနဲ့ စားချင်လိုက်တာလို့ Comment မှာရေးသွားလို့ပါ။ ပြီးတော့ ညီမလေးကိုလဲ ချစ်လို့နော်။ ယောင်းမတော်ရမယ်။ ဟဟား.. ဟို ကြောင်လေးတော့ မျက်ခုံးတွေလှုတ်နေလောက်ပြီ။ :D
(ဒါနဲ့ကြုံတုန်းထည့်ရေးလိုက်ဦးမယ်။ မမ က ဆီတိုဖူးနဲ့ မုန်ညင်းချဉ်ကို အရမ်းကြိုက်လို့ မေမေတို့လာတော့ မှာလိုက်တာလေ။မေမေတို့ က အများကြီးယူလာပေးကြတာပေါ့။ ဒါပေမယ့် ဖြစ်ပုံကတော့ မပြောချင်တော့ပါဘူးရယ်။ဒါပေမယ့် ပြောပြရဦးမယ်။ ဟတ်ဟတ်.. မေမေ နဲ့ မမ တို့ က စလုံးကနေ ဒီကိုလာတော့ လေဆိပ်မှာ check in ၀င်တော့ မုန့်ညင်းချဉ်ထုတ်ကြီးနဲ့ ဆီတိုဖူးထုတ်တွေကို လက်ဆွဲအိတ်ထဲ ထည့်ခဲ့ကြတယ်တဲ့လေ။ အဲဒါအနံ့ရတော့ထုတ်ခိုင်းပြီး စလုံးမမတွေက ဘုတ်ခနဲ အမှိုက်ပုံးထဲ ပြစ်ထည့်လိုက်ပါရောတဲ့ဗျာ။ ဟီးးးး နှမျောလိုက်တာ.. သူတို့မို့ ရက်ရက်စက်စက် လုပ်ရက်တယ်။ :D )
(ထပ်ဖြည့်)..အခုပူပူနွေးနွေးကြော်စားဖြစ်တဲ့ တောင်ကြီးအခေါ် ဆန်လုံးစိကြော်။ G.talk ကနေမုန့်တောင်းစားတဲ့ ညီမလေးပုလဲလုံးအတွက်နော်။ :D
( ထပ်ဖြည့်)..ဒါက သမီးလေးညနေစာ စားဖို့အတွက် ကြော်လိုက်တာ ဂျပန်ဝက်အူချောင်းကြော်။
( ထပ်ဖြည့်)..ဒီလို ထန်းလျက်ရည်လေး ဆမ်းလိုက်တော့ ကချင်ပြည်နယ် အလွမ်းပြေ ထမင်းဂျိုးကြော်ပေါ့ကွယ်။ :D
ဝက်ခြေထောက်ဆွပ်ပြုတ်... ( ကိုယ်တိုင်ချက်ပြီး ကောင်းလှပြီလို့ထင်နေတာ၊ စားကြည့်မှ ဆားပေါ့နေတယ်) :D
ကြာဇံချက်နော်. :D
ရှောက်သီးသုတ်နော်..ကြက်သွန်သုတ်ဟုတ်ဖူး.. ဟတ်ဟတ်.. (ချဉ်တာနဲ့ ကြက်သွန်ထပ်ထည့်ရင်း ကြက်သွန်သုတ်ဖြစ်သွားတာပါရှင်။) :P
ဒါကတော့ အုန်းနို့ခေါက်ဆွဲလေးပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
အားလုံးကိုလေးစားခင်မင်ကျေးဇူးတင်လျှက်
ဝါ၀ါခိုင်မင်း
Saturday, January 17, 2009
ရင်မှရှိုက်သံ
ဒီနေ့မနက်စောစော သူမ အိပ်မက်ကနေလန့်နိုးလာခဲ့ပါတယ်။ အိပ်မက်ထဲမှာ သူမ ဖေဖေ့ကိုတွေ့တယ်လေ။ ဖေဖေ နဲ့သူမ စကားတွေအများကြီးပဲပြောကြပါတယ်။ သူမ ဖေဖေ့ကိုတွေ့ရတော့ အရမ်းကိုပျော်နေခဲ့တာပေါ့ ။ ဒါပေမယ့် စကားတွေ အကြာကြီးပြောကြပြီးတော့ ဖေဖေက သွားတော့မယ်တဲ့ ဖေဖေဘယ်ကိုသွားမှာလဲဆိုတော့ ဖေဖေက လေယာဉ်စီးပြီး ခရီးဝေးကိုသွားမှာတဲ့ အဲ့ဒါနဲ့ပဲ သူမ" ဖေဖေရေ..ဖေဖေရေ "လို့ ကလေးတစ်ယောက်လိုအော်ခေါ်ရင်းနဲ့ အိပ်မက်ကနေ လန့်နိုးသွားခဲ့ရပါတယ်။
သူမရင်ထဲမှာနင့်နေတယ် စိတ်မကောင်းဖြစ်နေမိတာ အခုမှမဟုတ်ပါဘူး။ ဒီလ ဇန်န၀ါရီလဟာ သူမဖေဖေ ဆေးရုံပေါ်မှာ ဝေဒနာပြင်းထန်စွာခံစားခဲ့ရတဲ့ရက်တွေမို့ သူမဖေဖေ့ကို ပိုပြီးသတိရနေမိခဲ့ပါတယ်။လွန်ခဲ့တဲ့ ၂၀၀၆ခုနှစ် ဇန်န၀ါရီလမှာ သူမ ဖေဖေ့အတွက် ဆုတွေတောင်းပေးခဲ့တယ်။ ဖေဖေ အမြန်ဆုံးပြန်ကျန်းမာပါစေ။ ဖေဖေ မသေပါစေနဲ့လို့ မျက်ရည်တွေ တထွေထွေစီးကျရင်းနဲ့ ဘုရားစဉ်ရှေ့မှာ သူမ ဆုတွေမပြတ်တောင်းဖြစ်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ...
သူမ အောက်မျက်ခမ်းတွေ ထူးထူးခြားခြားကိုလှုတ်နေခဲ့တာ နေ့စဉ်ရက်ဆက်လိုပါပဲ။သိသိသာသာပဲ မျက်ခမ်းတွေလှုတ်နေလို့ သူမ ဘုရားစာတွေကိုပိုရွတ်ပြီး မိသားစုအတွက် ကျန်းမာစေကြောင်းဆုတွေတောင်းနေမိပါတယ်။ သူမ က အဲဒီလို မျက်ခမ်းလှုတ်ခဲပါတယ်။လှုတ်ခဲ့ပြန်ရင်လဲ တစ်ခုခု အမှားကြုံရတော့မယ်ဆိုတာကို သူမကြိုသိနေသလိုပဲလေ။ အခုတကြိမ်က မျက်ခမ်းက သိသိသာသာကြီးကို ၂ ပတ်လောက်ဆက်လှုတ်နေခဲ့တာပါ။ အဲဒါနဲ့ သူမ ဖေဖေ နဲ့ မေမေ ဆီကို ဖုန်းဆက်လိုက်ပါတယ်။သူမ မျက်ခမ်းတွေ အရမ်းလှုတ်နေကြောင်း ၊ "ဖေဖေ နဲ့ မေမေတို့နေကောင်းကြရဲ့လား"လို့ မေးတော့ ဖေဖေ က "အားလုံးနေကောင်းကြပါတယ် သမီးရေ"တဲ့ လေ။ အဲ့ဒါနဲ့ သူမလဲ စိတ်ချပြီး အေးအေးဆေးဆေးပဲ နေခဲ့တယ်။ မျက်ခမ်းလှုတ်လာတိုင်းလဲ မျက်ခမ်းလေးကို လက်နဲ့ပွတ်ပြီး ဘုရားစာတွေဆိုလိုက်မိပါတယ်။မောင်လေးက ရန်ကုန်မှာနေတော့ မောင်လေးဆီဖုန်းဆက်မေးတော့လည်း နေကောင်းကြပါတယ်လို့ ပြောတာနဲ့ ကိုယ့်မိသားစု ၃ ဦးကျန်းမာအောင်ပဲ ဂရုစိုက်နေမိခဲ့ပါတယ်။
၂၀၀၆ ဇန်န၀ါရီ ၁ ရက်...
မောင်လေးကို New Year wish လုပ်ဖို့ ဖုန်းဆက်ဖြစ်တော့ မောင်လေးက မမ ရေ ဖေဖေ ဒီတခါနေမကောင်းတော်တော်ဖြစ်နေတယ်၊ ရန်ကုန်မှာဆေးခန်းလာပြတယ် ၊ အခုတော်တော်ပိန်သွားတယ်တဲ့ ၊ ဖေဖေ က မမ စိတ်ပူနေမှာစိုးလို့ မမကို လုံးဝ မပြောပါနဲ့ ဆိုပြီးမှာထားတာတဲ့ ၊ အခုကမပြောလို့မရတော့ဘူး၊ ဖေဖေနေမကောင်းဖြစ်နေတာ ဒီဇင်ဘာလ ကတည်းကပဲတဲ့။ မမဖုန်းဆက်ရင် မပြောပါနဲ့ ဆိုလို့ သူလဲမပြောခဲ့တာတဲ့။ အဲဒီလိုကြားတာနဲ့ ကျမ အရမ်းစိတ်ပူသွားခဲ့ပါတယ်။ ချက်ချင်းပဲ နယ်ကိုဖုန်းခေါ်တယ်၊ အိမ်မှာတော့ ဖုန်းမရှိဘူး၊ဖေဖေ့ရုံးကိုပဲခေါ်ရတယ်လေ၊ ဖေဖေရုံးကိုဖုန်းခေါ်တော့ အမြဲတမ်းကိုင်နေကျ ဖေဖေက ဖုန်းမကိုင်ပဲ ရုံးက
ဝန်ထမ်းတစ်ယောက်က ဥက္ကဌ နေမကောင်းဖြစ်နေတာနဲ့ ခွင့်ယူထားပါတယ် သမီးရေတဲ့။ သမီးဖေဖေ တော်တော်နေမကောင်းဖြစ်နေတာ သူက သမီးဖုန်းဆက်ရင်မပြောပါနဲ့ဆိုလို့ မပြောခဲ့ကြတာပါတဲ့ ။ အဲ့ဒီတော့မှ သူမလဲသတိထားမိသွားပါတယ်၊ အရင် တပတ်လောက်က သူမဖုန်းဆက်တော့ ရုံးချိန်ကြီးမှာ " ဥက္ကဌမရှိဘူး၊အိမ်ပြန်သွားလို့ ခဏနေမှထပ်ဆက်ပေးပါ"လို့ ပြောခဲ့တာကို သတိရမိသွားပါတယ်။ အဲ့ဒီနေ့မှာ သူမ ဖုန်းထပ်ဆက်ဖြစ်တော့ ဖေဖေရော၊ မေမေရော ဖုန်းနားမှာစောင့်နေခဲ့ပါတယ်၊ နေကောင်းကြတယ်ပဲပြောခဲ့ကြလို့ သူမစိတ်အေးနေခဲ့ မိတာပါ။ အခု မောင်လေးပြောပြတော့မှ သူမသိရတာလေ ၊ အဲဒါနဲ့ ဖုန်းလာကိုင်တဲ့သူကို သူမ ပြောလိုက်ပါတယ်၊ အခုချက်ချင်း ဖေဖေ့ကိုသွားပြောပေးပါ၊ ရန်ကုန် မဟာမြိုင်အထူးကုဆေးခန်းမှာ ချက်ချင်းဆေးရုံသွားတက်ပါလို့ မှာလိုက်ပါတယ်။
၂၀၀၆၊ ဇန်န၀ါရီ ၂ ရက်...
ရန်ကုန် မြေနီကုန်း မဟာမြိုင်အထူးကုဆေးရုံကြီး မှာ ဖေဖေ ဆေးရုံစတက်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ သူမဆေးရုံကိုဖုန်းဆက်တော့ ဖေဖေ နဲ့ပြောခဲ့ရပါတယ်။ ဖေဖေက "သက်သာပါတယ် သမီးရယ်။ သက်သာသွားမှာပါ"တဲ့။ "ဖေဖေ သက်သာအောင်၊ ရောဂါပျောက်အောင်ကုပါ၊သမီးအားလုံးစီစဉ်ပေးပါမယ်။ လိုအပ်တဲ့ ငွေကြေး သမီးဒီကနေ အကုန်ပို့ပေးပါမယ် ဖေဖေ ဘာမှ စိတ်မပူပါနဲ့" လို့ပြောတော့ "ဖေဖေသက်သာသွားမှာပါ သမီးရယ်"တဲ့ ။ အဲဒါနဲ့ သူမ စိတ်နဲနဲအေးသွားခဲ့ရပါတယ်။ နေ့တိုင်း ဆေးရုံကို ဖုန်းခေါ်တယ်။ တခါတလေ မောင်လေးလာကိုင်တယ် ၊ တခါတလေ ဖေဖေလာကိုင်တယ်၊ တခါတလေ အစောင့် နာ့စ်မလေးက လာကိုင်ပါတယ်။ ဖေဖေ နဲ့ ဖုန်း၃ ခါလောက်ပြောရပြီး ဇန်န၀ါရီ လ လယ်လောက်ကစပြီး ဖေဖေ နဲ့ မပြောနိုင်တော့ပါဘူး၊ ဖေဖေ နဲ့ပြောချင်တယ်၊ ဘာဖြစ်လို့ဖေဖေ ဖုန်းမကိုင်တာလဲ ဆိုတော့ မောင်လေးက ဖေဖေ ဒရစ်ပိုက်တွေချိတ်ထားရလို့ပါတဲ့ ၊ "ဖေဖေ သက်သာရဲ့လား မောင်လေး" ဆိုတော့ သက်တော့ သက်သာပါတယ်တဲ့ ၊ ကောင်းသွားမှာပါတဲ့ ၊ အဲဒါနဲ့ သူမမှာ ဘုရားမှာဆုတွေ အကြိမ်ကြိမ်တောင်းခဲ့ရပါတယ်။ ဖေဖေ အမြန်ဆုံး ကျန်းမာပါစေ။ ဖေဖေ မသေပါစေနဲ့လို့ ။
၂၀၀၆ ဖေဖော်ဝါရီ ၂ ရက်....
မောင်လေးဆီ ဖုန်းခေါ်ခဲ့ပါတယ်၊ ဒီကြားထဲမှာလဲ ဖုန်းခဏ ၊ခဏ ပဲခေါ်ဖြစ်ခဲ့ပါတယ်။ ဖေဖေ့အတွက်လိုအပ်မယ်ထင်တာမှန်သမျှ လုပ်ပေးဖို့ ၊ စစ်သင့်တာတွေ အကုန်စစ်ပေးဖို့ မောင်လေး နဲ့ သူမရဲ့ယောင်းမ မမတွေကို ပြောခဲ့ပါတယ်။ သူမတို့ ယုံကြည်ခဲ့တဲ့ ဗေဒင်ဆရာဆီလဲ မောင်လေးကိုသွားမေးခိုင်းခဲ့ပါသေးတယ်။ သူမ ဖေဖေ က ရောဂါပေါင်းစုံစစ် ၊ အထူးကုဆရာဝန်ကြီးပေါင်းစုံနဲ့ စစ်ခဲ့ပေမယ့် ဘာရောဂါဆိုတာ သေသေခြာခြာ မကွဲသေးပါဘူးတဲ့လေ။ အဲ့ဒီဆေးရုံမှာ သူမရဲ့ ၀မ်းကွဲညီမလေးတစ်ယောက်လဲ နာ့စ်လုပ်နေတာမို့ ညီမလေးကိုလဲ သူမအားကိုးခဲ့ပါတယ်။ အထူးကုဆရာဝန်ပေါင်းစုံ နဲ့ စစ်ခဲ့ပေမယ့် ဘာရောဂါမှန်းသေခြာကွဲကွဲပြားပြားမသိသေးပဲဖြစ်နေပါတယ်တဲ့ ။နောက်ဆုံးတော့ ငယ်ငယ်က ငှက်ဖျားရောဂါရှိခဲ့တဲ့ဖေဖေ က ငှက်ဖျားရောဂါက အမြစ်မပြတ်ပဲ တစ်နှစ်တခါလောက်ပြန်ပြန်ဖြစ်တတ်တာမို့ ငှက်ဖျားပိုးက အသဲထဲဝင်ပြီး အသဲပျက်စီးသွားသလိုလို၊ ကျောက်ကပ်ပဲပျက်စီးသွားသလိုလိုနဲ့ ဘာရောဂါဆိုတာကို အတိအကျမသိခဲ့ရတာပါ။ ဇန်န၀ါရီလ ၂၀ ကျော်လောက်ကတည်းက ကိုမာရနေပြီဖြစ်တဲ့ ဖေဖေ့ကို နေ့စဉ်အသက်ကယ်ဆေးတွေသွင်းပြီး ဆေးရုံကနေမဆင်းခိုင်းသေးပဲ ဆေးစစ်ချက်တွေလုပ်နေဆဲပဲလို့ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်..
မောင်လေးဆီ ဖုန်းဆက်တော့ မမရေ ဗေဒင်ဆရာက နယ်ကိုပြန်သယ်သွားရင် အသက်ရှင်မယ်လို့ပြောတယ်တဲ့၊ အဲ့ဒါနဲ့ သူမက ဘာမှမတတ်နိုင်တော့တာမို့ နောက်ဆုံးအနေနဲ့ ကံကိုပဲပုံယုံလိုက်ပြီး ဒါဆိုရင် နယ်ကိုအမြန်ဆုံးပြန်ခေါ်သွားပါ လို့မှာလိုက်တယ်။အဲဒီနေ့ပဲ ချက်ချင်း ဖေဖေ့ကို မဟာမြိုင်အထူးကုဆေးခန်းက ကားနဲ့ ဒရစ်ပိုက်ချိတ်ပြီး နာ့စ်အကူ နဲ့အတူ နယ်ကိုပြန်ခေါ်သွားပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်....
မေမေ့ဆီကို ဖုန်းဆက်တယ်။ မေမေ ကပြောတယ် ၊ "သမီးရေ သမီးဖုန်းလာတော့ ဖေဖေ့ကိုပြောလိုက်တယ်၊ အဖေကြီးရေ ..သမီးလေးဆီကဖုန်းလာလို့ သွားပြောလိုက်ဦးမယ်" ဆိုတော့ ဖေဖေ့လက်ကလေး လှုတ်လာတယ်တဲ့။ မျှော်လင့်ချက်မဲ့နေတဲ့ သူမ နဲနဲစိတ်ချမ်းသာသွားသလိုပါပဲ ၊ နောက်တော့ မောင်လေးနဲ့ ဖုန်းပြောခဲ့တယ်၊ မောင်လေးဆီက အခြေအနေအသေးစိတ်ကို သေခြာမေးခဲ့ပြီးတော့ မောင်လေးကို သူမမှာလိုက်ပါတယ်၊ ဖေဖေဟာ မေမေ့ကို စိတ်မချနေတာဖြစ်နေမယ် ထင်ပါတယ်၊ သူမ ကလဲ
အဝေးမှာ ၊ မောင်လေးကလဲ သူ့အလုပ်နဲ့သူ ရန်ကုန်မှာနေတော့ မောင်လေးရေ..ဖေဖေ့ကိုပြောပါ .. မေမေ ကိုမောင်လေးစောင့်ရှောက်မယ် ဆိုတဲ့ အကြောင်း ၊ မမ ကလဲ အဝေးကနေစောင့်ရှောက်မယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြပါ။ မဖြစ်နိုင်တော့ရင် အသက်ကယ်ဆေးတွေ ထပ်မသွင်းပါနဲ့တော့ ဖေဖေလဲ တစ်လကျော်လောက် ဝေဒနာတွေ အရမ်းခံစားနေရပြီ။ မဖြစ်နိုင်တော့ရင် ဖေဖေ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ မောင်လေးရေ လို့ မျက်ရည်တွေကြားထဲကနေ သူမ မောင်လေးကို မှာခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်..
သူမ စိတ်တွေ အရမ်းလှုတ်ရှားနေလို့ သူမ ဘုရားစဉ်ရှေ့မှာ အကြာကြီးထိုင်ပြီး ဘုရားစာတွေရွတ်၊ ဆုတွေတောင်းပြီးနေခဲ့တယ်။သူမ ဖေဖေ့ကို အသက်ရှင်ဖို့ မျှော်လင့်နေခဲ့ပါသေးတယ်။ဘုရားစဉ်ရှေ့မှာ အကြာကြီးငုတ်တုတ်ထိုင် ဆုတောင်းနေမိပြီး မြန်မာပြည်ကို ဖုန်းခေါ်လိုက်တယ်။ မောင်လေးက "ဖေဖေ အခုပဲဆုံးသွားပြီ မမ" တဲ့။ဖေဖေ့နံဘေးမှာ ဖေဖေက ပုဇင်းခံပေးခဲ့တဲ့ ဘုန်းကြီးက ဘုရားစာတွေ မပြတ်ရွတ်ပေးနေခဲ့တဲ့ အချိန်လေးမှာပဲ ဖေဖေ ဆုံးသွားခဲ့တာပါတဲ့။ သူမ အသံဆက်မထွက်နိုင်တော့ဘူး၊ မျက်ရည်တွေ စီးကျနေရင်း မောင်လေးကို ဘာတွေပြောပြီး၊ ဘာတွေမှာနေခဲ့တယ် ဆိုတာကိုတော့ သူမ မမှတ်မိနိုင်ခဲ့တော့ပါဘူး။
သြော်..ဘာလိုလိုနဲ့ သူမချစ်လှစွာသောဖေဖေ ဆုံးတာ နောက်ထပ်ရက်အနည်းငယ်ဆိုရင် ၃ နှစ်ပြည့်တော့မှာပါလား။သူမ ကတော့ မနေ့၊တစ်နေ့တုန်းကလိုပဲ ခံစားနေရဆဲပါပဲ ဖေဖေရယ်။ဖေဖေ ကွယ်လွန်ချိန်မှာ အသက် ၅၉ နှစ်ပဲရှိသေးတော့ ဖေဖေ လူလောကကြီးကိုခွဲခွါသွားရတာ အရမ်းစောနေသေးတယ်လို့ တွေးမိတိုင်း စိတ်မကောင်းဖြစ်မိနေဆဲပါပဲဖေဖေရယ်။ ဖေဖေ ကောင်းရာသုဂတိလားပါစေ။
အားလုံးကိုလေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
Thursday, January 15, 2009
Winter in Japan
မနက် ၇ နာရီ တိတိ....
ကလင်..ကလင်..ကလင်.... ကလင်.... ( ဖုန်းသံမဟုတ်ပါ) ( 1st alarm) Sleeping :D ( မနက် ၇နာရီ)
နောက်ထပ်၅မိနစ်အကြာ ....(2nd alarm ) ( ကု ကူ...ကု ကူ.. ကု..ကူ..ကု ကူ) :D ( ၇ နာရီ ၅မိနစ်)
ဖုန်းဖွင့် နောက်ထပ် ၅ မိနစ် အကြာမှာ alarm တစ်ခေါက်ထပ်ပေး။
( 3rd alarm )ကလင်..ကလင်... ကလင်... ကလင်.... ကလင်..( ၇ နာရီ ၁၀ မိနစ်) ဟွန်း..အိပ်ချင်လိုက်တာ..၀ါးးးးးးးးးးးးး အိပ်ရေးမ၀ဘူး၊ အိပ်ရာမထလို့လဲ မရတော့ဘူးလေ၊ မောင် နဲ့ သမီးလေးက ၈ နာရီဆိုရင်ကျောင်းသွားရတော့မှာ။ မျက်လုံးပိတ်ရက်နဲ့ အိပ်ရာထ ၊ ဟူးးးးးးးးး ချမ်းလိုက်တာ..တအားးး ကော်ဖီဖျော်ဘို့ ရေနွေးအိုးမီးပလပ်တပ်။ ၅ မိနစ်လောက် alarm ထပ်ပေးပြီး အိပ်ရာထဲပြန်ဝင်နှပ်။ ဟဟဟားးး ( ပြောကြတော့မယ် ..တီတီဝါ နပျင်းလို့ ) :D ခွီးးခွီးး
( 4th alarm )တီးတောင်..တီးတောင်..တီးတောင်...( ၇နာရီ ၁၅ မိနစ်) မှာ မထချင်ထချင်နဲ့ အိပ်ရာထရပါတယ်။ ချမ်းလိုက်တဲ့ ဂျပန်ဆောင်းရယ်။ အိပ်ရာထဲမှာက Electric sheet ဖွင့်ပြီး အိပ်တော့ အခင်းကနွေးနေတာနဲ့ အညောင်းပြေပြီး တကိုယ်လုံးနွေးနေတာလေ။အိပ်ရာထရမှာ နှမျောစရာကြီး..ဟီးး
မောင်နဲ့ မီးအတွက် ကော်ဖီဖျော် ၊ သမီးလေးအတွက် အိုဗာတင်းဖျော် ၊ ညကတည်းကမနက်စားဖို့ မုန့်ဟင်းခါး ချက်ထားခဲ့တာမို့ မုန့်ဟင်းခါးနဲ့ သောက်စရာလေးတွေ အသင့်ပြင်ဘို့ လုပ်ထား၊ သမီးလေးကို အိပ်ရာနှိုးတော့ ၇ နာရီ ၂၀ မိနစ်။ မျက်နှာသစ်၊သွားတိုက်၊ကိုယ်လက်သန့်စင်ပြီး အပြင်မှာ heater ဖွင့် အ၀တ်အစားလဲ ၊ ပြီးတာနဲ့ ပြင်ထားပေးတာတွေကိုစားပြီး ၊ ၈နာရီ မထိုးခင် ၅ မိနစ်မှာ သားအဖနှစ်ယောက် ကျောင်းကိုပြေးကြတော့တာပါပဲ။ ကလေးနှစ်ယောက်ကျောင်းသွားတာနဲ့ အိမ်သန့်ရှင်းရေးလေး ခဏလုပ် ၊ ကော်ဖီနဲ့ မုန့်ဟင်းခါးကို အေးအေးဆေးဆေးထိုင်စားပြီတာနဲ့ ဘုရားသောက်တော်ရေလဲ ၊ ထမင်းကျက်တာနဲ့ ဘုရာဆွမ်းတင် ၊ဘုရားရှိခိုးပြီးတာနဲ့ မနက်အတွက် အလုပ်ကိစ္စပြီးသွားပါပြီ။ ဒါပေမယ့် ဒီနေ့ အလုပ်သွားရမှာမို့ အလုပ်သွားဖို့ အိပ်ကိုအသင့်ပြင်ထားပြီး ကွန်ပြူတာစဉ်ရှေ့ရောက်လာပါတယ်။ မေးလ်လေးစစ်ဦးမယ်၊ ဘလော့ဂ်လေးခဏစစ်ဦးမယ်ပေါ့။ ဘလော့လေး ခဏစစ်မယ်ဆိုလိုက်ပေမယ့် အလည်လာပြီးနှုတ်ဆက်သွားကြတဲ့သူတွေကို ပြန်လည်နှုတ်ဆက်လိုက်တာ ၉ နာရီခွဲသွားပါလေရော။အလုပ်က ၁၁ နာရီမှ ၀င်ရမှာပါ။ အဲဒီအချိန်မှာပဲ ဖုန်းဝင်လာပါတယ်။ ဘယ်သူဖြစ်မလဲ မောင့်ဆီကပေါ့။ " မီးရေ ဒီနေ့အပြင်မှာ အရမ်းအေးတယ်နော် ၊ ဒီနေ့အပြင်သွားရမယ် မဟုတ်လား၊ အ၀တ်ကို နွေးနွေးထွေးထွေးဝတ်သွား၊ ခေါင်းအေးမယ် ဦးထုတ်ဆောင်း၊ လည်ပင်းမှာတဘက်ပတ် ၊ လက်အိပ်တွေသေခြာဝတ်ပြီးမှ သွားနော်။အရမ်းအေးတာပဲ" တဲ့.. ( ဟတ်ဟတ်.. တူဒို့တွေ နာ့ကိုပြောတော့မယ်၊ တူဒို့မပြောခင် နာအရင်ပြောထားမှ ၊ ဟဟ.. အားကျသွားကြတယ်ဟုတ် ) :D အားမကျကြပါနဲ့ဦး ကလေးတွေရယ်၊ အခုမှ အသက်ငယ်ငယ်လေးတွေရှိကြသေးတယ်..စာကျက်ကြ၊စာကျက်ကြ ... ဟတ် ဟတ် ( ကိုရန်အောင် ရယ်တာကို အတုခိုးပြီးရယ်ရင်း အကျင့်ပါသွားလို့ ဖျက်မရတော့ပါဘူး.ခွင့်လွတ်ပါ ကိုရန်အောင်ရေ. "မ" က အရမ်းချစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။) :D
အဲဒီလိုနဲ့ မောင် မှာသလိုသေသေခြာခြာဝတ်ပြီး အပြင်ထွက်တော့ (၀ိုးးး စူဂဲ... ချောဆာမုအိ ) သိလား..ဘာပြောတာလဲ..ဟတ်ဟတ်..
"၀ိုးးး အမလေး ချမ်းလိုက်တာအရမ်း" တဲ့ အဲ့လိုပဲဘာသာပြန်လိုက်ပါတယ်. ဟဟားးး တကယ်ဗျို့ နေကြီးပူနေပြီးတော့ လေအေးအေးကြီးတိုက်ပြီး အရမ်းကိုချမ်းနေတာလေ။အဲလို အရမ်းချမ်းရင် အပြင်ထွက်ရမှာကို စိတ်ညစ်တာ တအားပါပဲ။ ဒါပေမယ့် မတတ်နိုင်ပါဘူးလေ.. ဒီနေ့ အလုပ်ကသွားရဦးမှာမို့ အပြင်ထွက်ရပါတော့တယ်။ ကိုယ်ကသာချမ်းလွန်လွန်းလို့ နေစရာမရှိ အကျီင်္ဆိုရင် အထူဆုံးကိုဝတ် ၊ ခြေအိပ်ဆိုရင် အထူကြီးဝတ် ၊ လည်စည်းစည်း၊ နားရွက်ပါအုပ်တဲ့ ဦးထုတ်ကိုဆောင်း ၊ လက်အိပ်အထူကြီးကိုဝတ် ၊ တကိုယ်လုံးမှာပေါ်နေတာဆိုလို့ မျက်နှာတ၀ိုက်ပဲရှိတော့တယ်လေ. အဲဒါတောင် တခါတလေ Mask တပ်လိုက်သေးတာ၊ဒါပေမယ့် Mask တတ်ရင် အသက်ရှုကျပ်လို့ မျက်နှာကတော့ မတတ်နိုင်ဘူး ဖော်ထားရတော့တာပါပဲ။ ဒီနေ့ အရမ်းချမ်းလွန်းလို့ ကိုယ်က အဲဒီလိုနေရာလွတ်မရှိ အ၀တ်တွေနဲ့ ဖုံးထားပေမယ်... ဟော..တွေ့ပါပြီ. ဂျပန်မလေးတွေ ၀တ်ထားတာကြည့်ပါဦး သနားစရာကောင်းလိုက်တာ ၊ ချမ်းရှာမှာပဲလို့ သနားမိလိုက်ပါတယ်။ ဂျပန်မလေးတွေ ၀တ်ထားတာက ဂျင်းဘောင်းဘီပေါင်တိုလေးတွေ နဲ့လေ ၊ အကျီင်္လည်ပင်းကလဲ အပြဲလိုက်နဲ့..ဟူးးး ဟူးးးး သူတို့ကိုကြည့်ပြီးကိုယ်ပါ ပိုချမ်းသွားသလိုပါပဲ။
ဂျပန်မလေးတစ်ယောက်က ဂျင်းဘောင်းဘီပေါင်တိုနဲ့ Stocking ပါးပါးလေးဝတ်ထားတယ်။လည်ရှည်ဖိနပ် Long boot ကို စီးထားတယ်လေ။ သူကတော့ Stocking အပါးလေးဝတ်ထားတော့ထားပါတော့၊ နောက်တစ်ယောက်က ဘောင်းဘီပေါင်တိုလေးနဲ့ Stocking လုံးဝမ၀တ်ထားပါပဲ လည်ရှည်ဖိနပ်လေးတော့ ၀တ်ထားပါတယ်။ကိုယ့်ရဲ့အရှေ့မှာသွားနေကြတဲ့ သူမတို့နှစ်ယောက်ကိုကြည့်ရင်း ကျမကတော့ ပိုချမ်းလာသလိုကြီးခံစားခဲ့ရပါတယ်။ Stocking လုံးဝမ၀တ်ထားတဲ့ ဂျပန်မလေးရဲ့ ပေါင်တွေကလမ်းသွားရင်တုန်နေသလားလို့ထင်မိပါတယ်။ သူမကတော့ချမ်း မချမ်းမသိပါဘူး။ ကျမကသူ့ကိုယ်စားချမ်းပေးလိုက်လို့ တုန်နေတာလဲဖြစ်ချင်ဖြစ်မှာပါ။ :D
ကျမ ဂျပန်ဆောင်းကို ဖြတ်သန်းလာတာ ဒီနှစ်နဲ့ဆိုရင် ၄ နှစ်မြောက်ပါပဲ ။ သူတို့တွေကပဲ ငယ်ငယ်ကတည်းကနေသားကျနေကြတာလား၊ ကျမကပဲ နေသားတကျမဖြစ်နိုင်သေးပဲ အေးလွန်းနေတာလား မသိတော့ပါဘူးရှင်။ အရမ်းချမ်းလွန်းတဲ့ ဒီနေ့မှာ ကျမရဲ့ ပတ်ဝန်းကျင်မှာ ဘောင်းဘီတို ၊ mini စကတ်တိုနဲ့ ဂျပန်မလေးတွေ အများကြီးပါပဲ၊
သူတို့လေးတွေကိုကြည့်ပြီး ကျမဆုတစ်ခုတောင်းလိုက်မိပါတယ်၊ ဂျပန်ဆောင်းတွင်းကြီးရယ် မြန်မြန်ကုန်ပါတော့လို့လေ။ ဂျပန်မလေးတွေ အအေးမိမှာစိုးလို့ စေတနာနဲ့ မဟုတ်ပါဘူး၊ ကျမ အလွန်ချမ်းလွန်းလို့ပါရှင်။ :D
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။
( စိတ်ကူးပေါက်ရာမရေးတော့ဘူးဆိုပြီး ၊ စိတ်ကူးပေါက်ရာပဲရေးလိုက်မိပြန်ပါပြီ၊သွားပြီ..ရောဂါက ကျွမ်းနေပြီ ကုလို့မရတော့ဘူး။ တွေ့ပုချိပါရှင်။) :P
အားလုံးကိုလေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
( ပုံလေးတွေကို google search မှ ရှာထားခြင်းဖြစ်ပါတယ်၊ ကျမပုံ မပါပါ။ ) :D
Wednesday, January 14, 2009
ကျေးဇူးတင်လွှာ
မင်္ဂလာပါရှင်။
ဒီနေ့ကျမ ဘလော့ဂ်လေးတစ်ခုကို ကျေးဇူးတင်ကြောင်းပြောချင်လို့ ဒီပို့စ်လေးကိုရေးဖြစ်ပါတယ်ရှင်။ ကျမ ကျေးဇူးတင်မိတဲ့ ဘလော့ဂ်လေးကတော့ Shwedream ပဲဖြစ်ပါတယ်ရှင်။
လွန်ခဲ့တဲ့ ၂ပတ်လောက်က Shwedream မှာ ကျမရဲ့ ပို့စ်လေးတွေတင်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ ကျမက ကျမရဲ့ပို့စ် တစ်ခု၊ နှစ်ခုလောက်ပဲတင်ထားတယ်ထင်လို့ လိုက်ဖတ်ဖြစ်ရင်းနဲ့ အရင်ကတည်းက ကျမရဲ့ပို့စ်လေးတွေကို တင်ထားခဲ့တာ တွေ့ခဲ့ရတော့ အံ့သြမိခဲ့ပါတယ်ရှင်။ ကျမရေးထားတဲ့ ပို့စ်လေးတွေက ကျမရင်ထဲကလာသော ကျမရဲ့စိတ်ခံစားချက်တွေ ၊ ကျမအားတဲ့အချိန် ( မအားလဲ အားအောင်လုပ်ပြီးရတဲ့အချိန်)တွေမှာ အပျင်းပြေရေးထားခဲ့တဲ့ ပို့စ်လေးတွေဖြစ်လို့ တန်ဖိုးရှိတဲ့ ပို့စ်လေးတွေတစ်ခုမှရှိနေမယ် မထင်ခဲ့ပါဘူးရှင်။အဲဒီလို တန်ဖိုးမရှိတဲ့ ကျမရဲ့ပို့စ်လေးတွေကို တကူးတက စေတနာထားပြီးဖော်ပြပေးထားတဲ့အတွက် Shwedreamမှ admin နှင့်တကွ Shwedream အဖွဲ့ဝင်အားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်ရှင်။
စိတ်ကူးရတိုင်း ရေးချင်တာရေးနေမိတဲ့ကျမက စာဆက်ရေးရမှာတောင်လက်တွန့်သွားခဲ့ပါတယ်။အကြောင်းကတော့ ကျမရေးချင်တာရေးနေတာတွေကို ကျမရဲ့ဘလော့ဂ်စာမျက်နှာတစ်ခုတည်းပေါ်မှာသာမဟုတ်ပဲ တခြားဘလော့ဂ်လေးတစ်ခုဖြစ်တဲ့ Shwedream စာမျက်နှာမှာပါ ကျမရေးတဲ့ စာတွေကို တန်ဖိုးထားပြီး ပို့စ်တိုင်းလိုလိုကို တင်ပေးနေတဲ့အတွက် စာရေးဖို့ကို အားတုန့်အားနာဖြစ်မိသွားပါတယ်ရှင်။ :D
ကျေးဇူးအများကြီးတင်မိပါတယ် Shwedream ရေ။ ပို့စ်လေးတွေကို အရင်ကထက် တတ်နိုင်သလောက် ပိုကောင်းလာအောင် ရေးဖို့တွန်းအားတွေပေးတဲ့အတွက်ရော ၊ ကျမရဲ့ပို့စ်လေးတွေကို တန်ဖိုးထားပြီးတင်ပေးထားတဲ့ အတွက်ပါ။
Shwedream အောင်မြင်ပါစေရှင်။
စာဖတ်သူများအားလုံးနဲ့ ခင်မင်ရပါသော ဘလော့ဂါမောင်နှမများ အားလုံးကို လေးစားခင်မင်
ကျေးဇူးတင်လျှက်.
ဝါ၀ါခိုင်မင်း
( အပေါ်မှ ပုံလေးကို google search မှ ရှာထားခြင်းဖြစ်ပါတယ်ရှင်။)
Tuesday, January 13, 2009
ဖူဂျီတောင်သို့ နောက်တခေါက်
မင်္ဂလာပါရှင်။
(၈ ၊ ၁ ၊ ၂၀၀၉ ) နေ့က ဖူဂျီတောင်ကို အလည်နောက်တစ်ခေါက်သွားဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လက မိသားစုတွေ ဖူဂျီတောင်ကိုအလည်သွားခဲ့ကြတာ တော်တော်ပျော်စရာကောင်းခဲ့တော့ မေမေ နဲ့ မမ အလည်ရောက်လာတဲ့အခါ ဖူဂျီတောင်ကို အလည်သွားနိုင်ရင် ကောင်းမှာပဲလို့တွေးခဲ့မိပါတယ်။ ဂျပန်မှာ အခုဆိုရင် အရမ်းအေးနေတော့ ခရီးဝေးလဲ သိတ်မသွားချင်နေပါဘူး။တောင်ကြီးမှာနေတဲ့ မေမေကတောင် ဒီမှာအရမ်းချမ်းနေရှာတယ်လေ။ဒါပေမယ့် မေမေနဲ့ မမတို့ တော်တော်လေးကံကောင်းသွားကြပါတယ်။ရာသီဥတု အရမ်းအေးနေပေမယ့် တစ်ရက်မှ မိုးရွာတဲ့ရက်မကြုံလိုက်လို့ အရမ်းစိတ်မပျက်သွားကြပါဘူး။ ဂျပန်မှာက ဆောင်းတွင်းဆိုရင် အေးရတဲ့အထဲ မိုးပါထပ်ရွာရင် ၊ လေးအေးတွေပါတိုက်ပြီး တော်တော်စိတ်ပျက်စရာကောင်းအောင် အေးလွန်းတာပါရှင်။ကံကောင်းချင်တော့ မေမေနဲ့ မမပြန်တဲ့ရက်မှပဲရာသီဥတုအရမ်းအေးပြီး မိုးတွေရွာတော့တာပါပဲ။
မေမေ နဲ့ မမကို တိုကျိုမြို့ထဲမှာပဲနေရာစုံအောင်လိုက်ပို့ပေးနိုင်ခဲ့ပါတယ်။သူတို့လဲတော်တော်ပျော်ခဲ့ကြပါတယ်။မပြန်ခင် နောက်ဆုံးတစ်ရက်မှာ ကျမတို့မိသားစုကို ကားနဲ့ဖူဂျီတောင်ကိုအလည်လိုက်ပို့ပေးခဲ့တဲ့ ဒေါက်တာမီယဟာရ ကပဲ မေမေနဲ့ မမတို့ကို ဖူဂျီတောင်အလည်လိုက်ပို့ပေးမယ်ပြောလာတာနဲ့ ကားမဆန့်မှာစိုးလို့ ကျမကမလိုက်တော့ပဲ ဦးဥာဏ်နဲ့ မေမေ၊မမတို့ကိုပဲသွားစေရာမှာ ဖြစ်ချင်တော့ အဲ့ဒီနေ့မှာ ဦးဥာဏ်ကဘယ်လိုမှ မအားနိုင်တာနဲ့ ကျမကပဲမေမေ ၊မမတို့နဲ့ အတူ ဖူဂျီတောင်ကိုနောက်တစ်ခေါက် အလည်ရောက်ခဲ့ပြန်ပါတယ်။
ဖူဂျီတောင်ကို ကားနဲ့ အလည်လိုက်ပို့တဲ့ ဒေါက်တာမီယဟာရက စကားပြောရင် ဂျပန်လိုမပြောပဲ အင်္ဂလိပ်လိုပဲပြောတာများပါတယ်။ကျမက အင်္ဂလိပ်စကားပြောကို used to မဖြစ်နေတော့ စိတ်ပူနေခဲ့ပါသေးတယ်။တချို့ဂျပန်တွေ အင်္ဂလိပ်စကားပြောရင် သူတို့ရဲ့ အသံနေအသံထားကို နားလည်ရခက်ပါတယ်။ကျမတို့နှစ်ယောက်ဟာ အင်္ဂလိပ်လိုရရင် အင်္ဂလိပ်လိုပြောပြီး အင်္ဂလိပ်လိုနားမလည်ရင် ဂျပန်စကားနဲ့ရောချရတာပါပဲ။ဟဟား.သူလဲ ဂျပန်လိုပြောလိုက် ၊ အင်္ဂလိပ်လိုပြောလိုက် ၊ ကိုယ်ကလဲ ဂျပန်လိုပြောလိုက် ၊ အင်္ဂလိပ်လိုပြောလိုက်ပါပဲ။ ဦးဥာဏ်တို့ကျောင်းမှာက International students တွေများတော့ စကားပြောရာမှာအင်္ဂလိပ်လိုပဲ အသုံးများကြပြီး ဒေါက်တာမီယဟာရ ကလဲ အင်္ဂလိပ်လိုပိုပြောချင်တာဖြစ်ကြောင်း ဦးဥာဏ်က အသိပေးခဲ့လို့ အတတ်နိုင်ဆုံးတော့ အင်္ဂလိပ်လိုပဲ ပြောခဲ့ကြပေမယ့် သူ့ရဲ့အသံထွက်ကိုနားမလည်နိုင်တဲ့ကျမက သူပြောတာနားမလည်ရင် ၊သူကကျမကို ဂျပန်လိုပြန်ရှင်းပြပေးခဲ့ပါတယ်။ အဲ့ဒီတော့မှပဲ နားလည်ဖြစ်ပြီး သူ နဲ့ ကျမဟာ Japan တစ်ဝက် English တစ်ဝက်နဲ့ Japanglish နဲ့ ပြောဖြစ်ခဲ့ကြပါတယ်။ ကျမက မေမေ နဲ့ မမ ရယ် ဒေါက်တာမီယဟာရ တို့ကို ကြားကနေဘာသာပြန်ပေးရတာပေါ့နော်။
အဲ့ဒီလိုနဲ့ပဲ ဖူဂျီတောင်နားရောက်လာခဲ့ပါပြီ ၊ အရင်တခေါက်အလည်သွားတုန်းက ဖူဂျီတောင်ကို လှလှပပမြင်နိုင်တဲ့ motosu lake ကိုရောက်တော့ ဖူဂျီတောင်ကို လုံးဝမမြင်ရပါဘူး။ အကြောင်းကတော့ အဲ့ဒီနေ့က ရာသီဥတုသာသာယာယာ နေပူနေပေမယ့် တိမ်တွေထူနေလို့ ဖူဂျီတောင်ကို မမြင်နိုင်ခဲ့တာပါ။ အဲ့ဒါနဲ့ ဒုတိယနေရာဖြစ်တဲ့ Shoji lake ဖက်ကို ကားနဲ့ပတ်ပြီးသွားကြတော့ ကျမတို့ မိသားစုသွားတဲ့ အချိန်တုန်းက လှလှပပကြီးမြင်ခဲ့ရတဲ့ ဖူဂျီတောင်ကြီးဟာ အရိပ်အယောင်တောင်မတွေ့နေရတော့ ဒေါက်တာ မီယဟာရ ကလဲ အားနာလာပြီး zennen desune တဲ့ ငြီးတွားပါတော့တယ်လေ။ အဲဒီလိုနဲ့ပဲ ဖူဂျီတောင်မတွေ့ရလို့ စိတ်ညစ်ပြီး နေ့လည်စာသုံးဆောင်ကြရာမှာ ဖူဂျီဒေသရဲ့ နာမည်ကြီးအစားအစာ ဖြစ်တဲ့ ဟိုးတိုးဟင်းရွက်စုံခေါက်ဆွဲ ကိုစားသောက်ကြရာမှာ အလွန်ခံတွင်းတွေ့ခဲ့ကြလို့ ဒေါက်တာမီယဟာရက yokatta desune တဲ့ စိတ်ချမ်းသာသွားရှာပါတယ်။ပြီးတော့ မေမေက ကျေးဇူးတင်ပါတယ်လို့ ဂျပန်လို အရိဂတိုဂိုဇိုင်းမတ်စ် လို့ပြောတော့ သူက အရိဂတိုဂိုဇိုင်းမတ်စ် ကို မြန်မာလိုဘယ်လိုပြောပါသလဲဆိုပြီး မြန်မာစကားပါသင်ယူသွားပါသေးတယ်။ douitashimashite ( u r welcome)ကိုရော မြန်မာလို ဘယ်လိုပြောပါသလဲလို့မေးတော့ သူ့ကိုမြန်မာလိုတချို့ပါသင်ပေးလိုက်ပါတယ်။ အဲ့ဒီတော့ ကျမတို့စကားပြောတာ ဂျပန်ဘာဂလစ် ဖြစ်သွားပါတော့တယ်ရှင်။
ဟိုးတိုးဟင်းရွက်စုံခေါက်ဆွဲ
မေမေနဲ့ ဒေါက်တာမီယဟာရ တို့ အမှတ်တရ
စားပြီးသောက်ပြီး နာမည်ကြီးတဲ့ ရေခဲတောင်လေးတွေလုပ်ထားတဲ့နေရာကိုလိုက်ပို့ပေးခဲ့လို့ မေမေ နဲ့ မမတို့ ၀မ်းသာပျော်ရွှင်ပြီး ဓါတ်ပုံတွေအများကြီးပဲရိုက်ဖြစ်ခဲ့ကြပါတယ်။ ဖူဂျီတောင်နဲ့ ဓါတ်ပုံမရိုက်ရလဲနေတော့ ဒီနေရာမှာပဲ ဓါတ်ပုံအ၀ရိုက်တော့မယ်ဆိုပြီး ဓါတ်ပုံတွေရိုက်ခဲ့ကြတာ အများကြီးပါပဲ။ဓါတ်ပုံရိုက်ပြီးတာနဲ့ အရင်တခေါက် ကျမတို့သွားခဲ့ကြတဲ့ ရေပူစမ်း( 温泉Onsen)ကို လိုက်ပို့ပေးခဲ့ပါတယ်။ ရေပူစမ်း ၀င်စိမ်ဖို့ကို မေမေ နဲ့ မမ က အရမ်းရယ်ချင်နေကြလို့ ကျမက မရယ်ဖို့ တားနေရပါတယ်။ ( Onsen 温泉) ၀င်စိမ်တဲ့ အကြောင်းတော့ ရေးတော့ပါဘူး. ကျမလဲရယ်ချင်လွန်းလို့ပါ။ဟဟား
မမ ၊ မေမေ နဲ့ ဒေါက်တာမီယဟာရ တို့အမှတ်တရ
Onsen ( ရေပူစမ်း)မှာဝင်စိမ်ကြပြီးတော့ နောက်ဆုံးအပြန်လမ်းမှာရှိတဲ့ Kawaguchi lake ကိုရောက်တော့မှပဲ ဖူဂျီတောင်ကြီးကို ဘွားခနဲတွေ့လိုက်ရလို့ မေမေ နဲ့ မမ အရမ်းပျော်သွားကြပြီး ဖူဂျီတောင်ကို နောက်ခံပြုပြီး ဓါတ်ပုံတွေရိုက်ဖြစ်ကြပါတော့တယ်ရှင်။ကျမတို့ Kawaguchi lake ကိုရောက်တော့ ညနေ၅ နာရီရှိနေပါပြီ။ ဖူဂျီတောင်မှာ ဖုံးနေတဲ့ တိမ်လေးတွေတချို့ကျန်နေသေးတာကို ဓါတ်ပုံရိုက်ခဲ့တာ တော်တော်လေးတော့ လှပါတယ်။ ဒါပေမယ့် ကျမတို့သွားတုန်းက အချိန်တုန်းကလောက် လေးဘက်လေးတန်ကနေမမြင်နိုင်ပဲ Kawaguchi lake ကနေမြင်ရတဲ့ တိမ်ကင်းစင်စဖူဂျီတောင်အလှလေးဟာ မေမေတို့ မမတို့အတွက် တသက်မမေ့နိုင်စရာ ဂျပန်ပြည်ရဲ့ အမှတ်တရလေးဖြစ်သွားမယ်လို့ ယုံကြည်လိုက်မိပါတယ်ရှင်။
ရှေးခေတ်ဂျပန်ရိုးရာအိမ်
Kawaguchi lake မှာ အမှတ်တရ
ဖူဂျီတောင်ကို ၃၀၊၁၁၊၂၀၀၈ နေ့ကသွားစဉ်ကရိုက်ခဲ့တဲ့ ပုံများကို ဒီနေရာလေးမှာ ကြည့်နိုင်ပါတယ်ရှင်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
Monday, January 12, 2009
အမေကဗျာလေးများ စုစည်းတင်ပြမှု
Mother Day Poems2
..................................................................................................
မင်္ဂလာပါရှင်။
ဇန်န၀ါရီ၁၀ ရက်နေ့က အမေများနေ့မှာ အမေများအတွက် သား၊သမီးလေးများကရေးသားထားကြတဲ့ ပို့စ်လေးတွေကို အားလုံးလိုလိုလိုက်ဖတ်နှုတ်ဆက်ဖြစ်ရင်းနဲ့ ကိုရင်ညိန်း ရဲ့ အိမ်ကိုရောက်သွားပြီး အမေအကြောင်းရေးသားထားကြတဲ့ ကဗျာကောင်းလေးတွေကို E.book မှာ တစုတစည်းတည်း download လုပ်ပြီးဖတ်နိုင်ခဲ့ပါတယ်။
ကဗျာလေးတွေအားလုံးကို ဖတ်ဖြစ်ပြီး သား၊သမီးများရဲ့ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲထွက်လာတဲ့ ကဗျာလေးတွေကိုဖတ်ရရင်းနဲ့ အလွန်ပဲ ကြည်နူးပီတိဖြစ်ခဲ့ရတာမို့ စီစဉ်သူ ကိုရင်ညိန်းထံမှာခွင့်ပန်ပြီး စာဖတ်သူတွေအားလုံး အဆင်ပြေစွာ တာရိုက်ဖတ်ခွင့်ရအောင် စေတနာနဲ့ ဒီအမေများအတွက်ရေးဖွဲ့ထားတဲ့ ကဗျာလေးတွေကို ပြန်လည်ဝေငှလိုက်ခြင်းဖြစ်ပါတယ်ရှင်။
ကျမကလည်း အမေကိုချစ်သော သမီးတစ်ယောက်ဖြစ်သလို သမီးလေးကိုချစ်သော အမေတစ်ယောက်ဖြစ်နေတာမို့ အမေများအားလုံးအတွက် ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဒီကဗျာလေးတွေကို ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ရှင်။ကဗျာလေးတွေရေးသားထားကြတဲ့ သားသမီးတွေအားလုံးကိုလဲ အထူးပဲလေးစာခင်မင် ဂုဏ်ယူမိပါကြောင်း ဖော်ပြပါရစေရှင်။ ဒီကဗျာလေးတွေကို E.book ကလေးလုပ်ထားတဲ့အတွက် ကိုရင်ညိန်း အိမ်မှာ download လုပ်လို့ရပါတယ်ရှင်။
ကဗျာလေးတွေကို ကျမဘလော့မှာတင်ပြခွင့်ပေးတဲ့အတွက် စီစဉ်သူ ကိုရင်ညိန်း နဲ့တကွ စာရေးသူတွေအားလုံးကို အထူးပဲကျေးဇူးတင်မိပါတယ်ရှင်။ ကျမအခုတင်ပြတဲ့ ကဗျာလေးတွေဟာ E book ထဲမှ ကဗျာအားလုံး မဟုတ်ပါဘူးရှင် ၊ ကိုရင်ညိန်း ထံမှာ ကျမက request လုပ်ခဲ့တဲ့အတွက် ကိုရင်ညိန်းမှ သူ့ထံတွင်ရှိသော ကဗျာလေးတွေကိုသာပေးပို့ပေးနိုင်ခဲ့တဲ့ အတွက် တချို့ကဗျာလေးတွေဟာ ကျန်နေခဲ့ပါသေးတယ်။ ကဗျာပိုင်ရှင်များမှ e.book တွင် ကျန်ရှိနေသော ကဗျာတချို့ကို ကျမထံပေးပို့ပေးနိုင်ပါက ကျေးဇူးတင်စွာဖြင့် ကျမဆက်လက်ထည့်သွင်း ဖော်ပြပေးပါမည်ဖြစ်ပါတယ်ရှင်။
အမေများနေ့တော့ ကျော်လွန်သွားခဲ့ပါပြီ၊ဒါပေမယ့် အမေဆိုတာ လူသားအားလုံးအတွက် ၊အမြဲရှိနေတဲ့အတွက် အမေများထဲကအမေတစ်ယောက်ဖြစ်တဲ့ ကျမက ကျမဘလော့လေးမှာ အမေများအတွက်ကဗျာလေးများကို တစ်စုတစ်စည်းတည်း ဂုဏ်ယူစွာနဲ့ ဖော်ပြလိုက်ရပါတယ်ရှင်။
...........................................။.........................................................
“ ခပ်နွေးနွေး မှိုင်းအန်ခြင်း”
လွမ်းစရာရှိတာကို လွမ်းစရာနဲ့ဖြေ
သတိရခြင်း မှိုင်းတွေက
မဆံ့ရင်ပြဲ အန်လို့
ပြေးပြေးသွားတဲ့ အချိန်တွေနဲ့ အပြိုင်ပေါ့ ။
မေမေ မကြိုက်တဲ့ စီးကရက်ကိုမှ ကြိုက်တဲ့ကောင်
မေမေ မကြိုက်တဲ့ ဘောလုံးကိုမှ ကန်တဲ့ကောင်
မေမေ မကြိုက်တဲ့ သီချင်းတွေပဲ အော်တဲ့ကောင်
ကျွန်တော်ကလေ
မေမေထမ်းတင်ခဲ့ပြီးတဲ့နောက်
ကိုယ့်မြင်းကိုယ် စိုင်းတုန်းပဲ
အခုထိ ။
ရာသီချိန်ရောက်တိုင်း ပေါက်ပေါက်လာတတ်တဲ့
စပါးညှင်း မာနတွေ
ခေါင်းရွက်ဗျပ်ထိုး အတွေးတွေနဲ့
မိသားစုကနေ ခံစားမှုအိုးခွဲ
လွဲပြီးရင်းလွဲ စွဲပြီးရင်းစွဲ
မေမေ ကတော့ မေတ္တာကဲမိုးတုန်းပေါ့ ။
လက်လှုပ်မှ ပါးစပ်လှုပ်
ဟိုဘက် နည်းနည်းတိုး ဆိုတဲ့ခေတ်ကြီးထဲ
မဖြစ်ညစ်ကျယ် စာလုံးပေါင်းတစ်ချို့နဲ့
ကျွန်တော်က သင်္ဘောသားလေ ။
မေမေ့ အတွက် မင်းသားဆိုတဲ့ ကျွန်တော်က
၁၉၉၅ ခုနှစ်ပတ်ဝန်းကျင်မှာ
မေမေ စီးခဲ့တဲ့
ရန်ကုန်-ပြည် ကုန်စိမ်းရထား ဥသြသံကို
နားပင်းနေတဲ့ကောင် ။
ရထားတွဲထောင့်က
မှောင်ခိုလက်မှတ် တစ်စောင်ရဲ့မျှော်လင့်ခြင်းမှာ
မေတ္တာ အမြတ်အစွန်း ဘယ်လောက်ပါသလဲ ဆိုတာ
မေမေ့ ထက် သချာင်္တော်တဲ့ ကျွန်တော်က
ခုထိ အတွက်မှားတုန်း ။
အိမ်က ထင်းခုတ်တဲ့ဓားမ အဆင်မပြေတာကို
မေမေနဲ့ ဥပမာပေးတတ်တဲ့ ပတ်ဝန်းကျင်ထဲ
၆ ဘီးတပ်ရထားကို ဆွဲဖို့
ဘယ်လိုအားနဲ့ ရဲခဲ့တာလဲ မေမေ ။
ရွက်ဆုတ် ပြက္ခဒိန်စာရွက်တွေ ပေါ်က
လက်လွတ်စပယ် အမိုက်တစ်ချို့နဲ့
ခပ်အေးအေး အတိုးတပ်ရင်း
မိုက်တွင်းနက် နက်နေတာက
ဟောဒီ သားငယ်လေး ဆိုတဲ့ကောင်ပေါ့ ။
ပန်းကုံးကြွေနေတဲ့လက်နဲ့
မေမေကလည်း အမြဲမပြတ်ချက်လို့
ကျွန်တော်ကလည်း ခပ်သွက်သွက်လေး ငတ်လို့
တဖျပ်ဖျပ်ပွင့်နေတဲ့ မီးပွားလေးတွေ
သူတို့အသိဆုံးပါ မေမေ ။
ကိုယ်တိုင်ဆွဲတဲ့ ပန်ချီကားကျမှ
မေမေက အရောင်အား ဘယ်လောက်ကောင်းကြောင်း
မေမေက အလင်းအား ဘယ်လောက်ကောင်းကြောင်း
ပျို့ပျို့တက်လာတဲ့ စုတ်အဖျင်းတွေကြား
လောက်လောက်လားလား မြင်ခဲ့ရတာပါ ။
အဝင်နက်နက်နေတဲ့ ကျွန်တော့်ရဲ့ အသိခေါက်ခက်တွေကို
ဒေါက် ကနဲ တစ်ချက်လောက်
မပြင်းလွန်း မပျော့လွန်း ခေါက်လှည့်ပါဦး မေမေ
အေက်ကျနောက်ကျ နိုင်ချက်ကတော့
မေတ္တာတောထွက်က မေတ္တာရည်မလည်လွန်းလို့။
ဓာတုဆိုးဆေး မျက်နှာဖုံးနဲ့ မျက်နှာတွေကြား
ငှက်ပျောအူမပါတဲ့ မုန့်ဟင်းခါးတွေကြိတ်မှိတ် စားရင်း
ကျွန်တော့် ရင်ဘတ်ထဲမတော့
တစ်ရိပ်ရိပ် ထိုးတက်လာခဲ့တယ်
မေမေရဲ့ ရှင်မတောင် ကိုယ်သင်းနံ့တွေပေါ့ ။
ကျွန်တော် မေမေ့ကို ချစ်ပါတယ်
လူကြိုက်များတဲ့နေ့မှ
စင်ပေါ်က မိုက်ခွက်ကိုင်ပြီး အော်မပြတော့ပါဘူး
ဟောဒီမှိတ်တုတ်တုတ် အလင်းရောင်အောက်မှာပဲ
ဇာတ်စုံခင်းပါရစေတော့
ခပ်နွေးနွေးလေးပါ မေမေ ။
ကျေးဇူးပြုပြီး
ကျွန်တော့်ရင်ဘတ်ထဲက
ခေါင်းစဉ်တစ်ခုကို လာဖျက်ပေးပါ မေမေ
ထွေထွေထူးထူးတော့မဟုတ်ပါဘူး
မနက်ဖြန်တွေ ပိုလှသွားအောင်ပေါ့ ။
(ကိုရင်ညိန်း)
...........................................................................................................................................
“ အမေ့အနား ”
မီးတို့ အားလုံးငြိမ်းပြီ
လောကတစ်ခုလုံး တိတ်ဆိတ်လို့
ငါ့မှာသာ ရှိုက်သံခပ်မျှင်းမျှင်းနဲ့
ပင့်သက်ကို အကြိမ်ကြိမ်ရှူသွင်းနေရတယ်။
လွမ်းတယ်အမေရယ်..
ဟောဒီ..တောင်စဉ်အထပ်ထပ်
ကမ်းပါးယံအထပ်ထပ်ကို
ကျော်ဖြတ်ပြီး လာခဲ့ချင်ပါတယ်
"အမေ့အနား" ဆိုတဲ့
အရသာအခွင့်ထူးနဲ့ ပျော်မြူးချင်လိုက်တာအမေရယ်..။
"ဦးဆွေးဆံမြည့်" တဲ့
ကျွန်တော်တစ်ကိုယ်လုံး မြည့်မြည့်ဆွေးနေပြီ အမေ
ကျွန်တော့်ရင်ဘတ်ကို ဆွဲဖွင့်ကြည့်ပါ
အမေ့အနားနေချင်တဲ့ စိတ်တွေ
အမေ့ကိုလွမ်းတဲ့ စိတ်တွေ
လတ်လတ်ဆတ်ဆတ် ဖြစ်ထွန်းနေကြပါလိမ့်မယ်
တောင်တွေကိုကျော် တောတွေကိုကျော်
သံယောဇဉ်တွေကို ကျော်ဖြတ်ရင်းနဲ့
သာ၍..သာ၍ ဝေးရာဆီကိုပါအမေရယ်။
အမေ နေကောင်းလား
အမေ လမ်းလျှောက်နိုင်ရဲ့လား
အမေ့အမြင်အာရုံတွေ ကြည်လင်ရဲ့လား
အမေ စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိရဲ့လား
ကျွန်တော် မသိနိုင်မမြင်နိုင် မကြားနိုင်တော့ပြီ
အမေနဲ့ ကျွန်တော့်အကြား
ဘာတွေ ကန့်လန့်ကာခြားထားပြီလည်း အမေရယ်..။
"တာဝန်ဝတ္တရား" တဲ့
နုနုနယ်နယ် ကျွန်တော်တို့နှလုံးသားကို တစ်စစီဖဲ့ခြွေ
သေလုအောင် နှိပ်စက်နေကြပြီ
သတိရလိုက်တာ အမေရယ်..
အမေ့ရင်ခွင်ခေါင်းခွေ့လို့
နှောင်းတမြေ့မြေ့
မမေ့ရက်နိုင်စရာ အမေ့ရဲ့ ဆောင်းပုံပြင်တွေ
ကျွန်တော့်ကိုယ်ကျင့်တရားကို သွန်သင်
ကျွန်တော့်အိပ်မက်ကို သန့်စင်ညွှန်ပြလို့
ကျွန်တော့်အသိဥာဏ်တွေကို
ကြည်လင်အေးမြစေခဲ့ပါတယ် အမေ..။
အမေရယ်..
ချောင်းနားကမ်းနား
ငါးရှာဖားရှာ ဗျိုင်းတစ်ကောင်
အစာနဲ့အတူ အကုသိုလ်တွေ မျိုချနေရရှာတယ်
လည်တံတိုတိုနဲ့ အမေ့သားဗျိုင်းတစ်ကောင်
ဘယ်အချိန် အတောင်ညောင်းမှာလည်း
အမေ့ရဲ့ မေတ္တာသောင်ကမ်းစပ်မှာ
တဖျတ်ဖျတ် လွန့်လူးရင်း
မြူးတူးပျော်ပါးချင်လှပါပြီ။
ရင်ထဲမီးတောင်
ဗလောင်ဆူဝေ ပေါက်ကွဲထွက်တော့မယ်
အကြိမ်ကြိမ်အခါအခါ ပျို့တက်လာခဲ့ အောက်မေ့တသစိတ်တွေ
ဘယ်လိုလျှောက်လဲချက်မျိုးနဲ့ ပွင့်အံချရမှာလဲ အမေ
နောက်ဆုံး ..
တောတွေတောင်တွေ တစ်ကြောလုံးတုန်ဟည်း
မိုးခြိမ်းသံတမျှ ထစ်ချုန်းအော်မြည်ခဲ့တယ်။
"ငါ့ကို အတောင်ပံ တပ်ပေးကြပါ
ငါ့ကို အတောင်ပံ တပ်ပေးကြပါ
ငါ..အတောင်တို့ တဖျတ်ဖျတ်ရိုက်ခတ်
လွင့် ၀ဲ ပျံ တက် သွား လိုက် ချင် ရဲ့
အမေ့အနား..ကို"
( ညိမ်းညို)
......................................................................
“ အမေ”
(က)
အမေ
မွေးခဲ့တယ်၊ ကျွေးခဲ့တယ်
အားပေးခဲ့တယ်၊ တရားမဝေးဖို့လည်း ဆုံးမတယ်
နားချတယ်၊ တရားပြတယ်.
ကျွန်တော် မိုက်လုံးကြီးသမျှ
အမေ့ မေတ္တာတွေ အဆဆ တိုးလို့လာတာ မြင်ခဲ့ရတယ်။
(ခ)
ကျွန်တော် အခါခါ ဆိုးသမျှ
ကြင်နာစိတ်ဖုံးတဲ့ မျက်လုံးနဲ့
ကျွန်တော့် အပေါ် ချစ်စရာကလွဲလို့
အမေ့ဘဝထဲ ဘာမှ ရှာမတွေ့ခဲ့ပါဘူးတဲ့။
(ဂ)
ကံကြမ္မာရဲ့ အစီးအနင်း
လောကရဲ့ ကိုက်လမ်းတွေနဲ့
အသားမကျလှတဲ့ ကျွန်တော်
ပူလောင်၊ အေးစက် အပေးခက်တဲ့
လက်တွေနဲ့ အပွေ့အဖက် ခံရတိုင်း
ဟို ခပ်လှမ်းလှမ်းက
မေတ္တာရိပ် အမေ့အိမ်မှာပဲ
ငြိမ်းချမ်းရာကို အမြဲရှာတွေ့ခဲ့တယ်လေ။
(ဃ)
အမေ…
အစစ်အမှန်၊ အဆုံးမရှိ
တည်တံ့ခိုင်မာ၊ မပျောက်မပျက်
ခေတ် အဆက်ဆက်နဲ့
ကျွန်တော့် ကောင်းကင်မှာ
ထာဝရ ထွန်းလင်းမယ့်
နက္ခတ် တစ်စင်းအဖြစ် .
အမြဲတည်ရှိနေမှာပါ အမေ။ ။
08.01.2009
မှော်ဆရာ
..........................................................................................
“ အမေ့တေး ”
အမေ... ညဥ့်နက်ပြီး အိပ်ပျက်ညတွေမှာ
အို...အေ ဆိုတဲ့ မေတ္တာတေးနှစ်ခွန်းနဲ့
အိပ်စက်ခဲ့တဲ့ ညတွေကို လွမ်းတယ်အမေ...။
အမေ..မျက်ရည်တွေကြားက
လွမ်းရက်ကြုံ အမေ့သားအတွက်
အမေပါးခဲ့တဲ့ စာလွှာလေးကိုဖတ်
ရင်ညွန့်မှာ အသက်ကပ်ထားရင်း
ညဥ့်သန်းခေါင် အမှောင်စိုး
လေပြေတိုးလို့ နိုးတဲ့ညတွေမှာ
သားကိုသတိရလို့ ငိုနေတယ်လားအမေ...။
ကြာလာရင်နေသားကျ
မေ့တတ်တဲ့သဘောသဘာဝတွေက
အမေနဲ့သားတွေကြားမှာ မရှိဘူးတဲ့လား...။
သားနဲ့ အမေ ဘယ်လောက်ဝေးပါစေ
အမေဆိုတဲ့ တရားရေက
နေရာဌာန ဘုံဘ၀တွေမခြားဘူး
ကြားသိဖို့နားမရှိရင်နေ
နှလုံးသားနဲ့သိ အားရှိနေတယ်အမေ..။
အသွင်မပြောင်းတဲ့ အမေ့ရဲ့
မေတ္တာတန်ဆောင်းက
ယူဇနာထောင်သာင်းထိ ဖုန်းလွမ်း
သားနားမှာ အမြဲတမ်းရှိနေဆဲပါ.. ။
( အဇ္ချတ္တပြခန်း )
.........................................................................................................
“ အမေနဲ့…..စကားပြောခြင်း”
နယူတန်ရဲ့ နိယာမ သုံးခုကို အမေမသိဘူး
အမေသိတာ
သစ်ပင်ပေါ်တက်လို့ ပြုတ်ကျရင်
ကျွန်တော် ခြေထောက်ကျိုးမယ်ဆိုတာပဲ သိတယ်
မိုနာလီဇာ ပန်းချီကားကို ဘယ်သူဆွဲတယ်ဆိုတာ အမေမသိဘူး
အမေသိတာ
ရေချိုးပြီးရင် သားသမီးမှန်သမျှ
မျက်နှာမှာ သနပ်ခါးလိမ်းပေးရမယ်ဆိုတာပဲ သိတယ်
ကမ္ဘာကျော် ကဗျာတွေရေးတဲ့
ရာဘန္ဒြာနတ်(သ်) တဂိုးကို...... အမေမသိဘူး
အမေသိတာ
ကျွန်တော့်စာမကျက်ဘဲ ကဗျာရေးရင် စိတ်ဆိုးရလိမ့်မယ်ဆိုတာပဲ သိတယ်
အမေရိကန် စီးပွားရေး ပျက်တာ .....အမေမသိဘူး
အမေသိတာ
မိသားစု ထမင်းဝအောင် ဘယ်လိုရှာရမလဲဆိုတာပဲ သိတယ်
အစ္စရေးက ဂါဇာဒေသကို
ဝင်တိုက်နေတာ ......အမေ မသိဘူး
အမေသိတာ
ကျွန်တော်တို့ မိသားစုကို ဘယ်သူမှ ရန်မမှုနိင်ဖို့ဆိုတာပဲ သိတယ်
နယူးယော့ခ်မြို့ကို ဒက်ခ်ျလူမျိုးတွေ စတင်တည်ထောင်ခဲ့တာ.... အမေမသိဘူး
Mas OS အကြောင်း...... အမေမသိဘူး
Eiffel Tower ကို ဂူစတက်ဖ် အီဖဲလ် တည်ဆောက်ခဲ့တာ....အမေမသိဘူး
လဂွန်းအိမ်ကို...အမေမသိဘူး
ကဗျာဆရာလို့ အမည်ခံ မသွားတဲ့ ဆရာမြသန်းတင့်ကို....အမေမသိဘူး
North Atlantic Ocean ထဲမှာရှိတဲ့ ဘာမြူဒါတြိဂံအကြောင်း....အမေမသိဘူး
နောက်ဆုံးပေါ် တာဝေးပစ်လက်နက်တွေ ဘယ်အထိသွားတယ်ဆိုတာ...အမေမသိဘူး
လကမ္ဘာပေါ် လူသားတွေ နေထိုင်နိင်တော့မယ်ဆိုတာ...အမေမသိဘူး
၂၀၁၂ မှာကမ္ဘာပျက်မယ်ဆိုတဲ့ ကောလဟာလ သတင်း.....အမေမသိဘူး
အမေမသိတာတွေ...များလိုက်တာ
ဒါပေမယ့် အမေ့ကို ကျွန်တော် အထင်မသေးခဲ့ဘူး
အမေပေးတဲ့ အသက်နဲ့ အမေကျွေးတဲ့ ထမင်းကိုစားပြီး
နေလာခဲ့တာ
အမေက...ဘာမှ မသိဘူး
ဒါပေမယ့် ကျွန်တော့်တို့ကို ထမင်းဝအောင် ကျွေးနိင်တယ်
ကျွန်တော်က....တော်တော်များများသိတယ်
အမေ့တစ်ယောက်ထဲကိုတောင် ထမင်းဝအောင် ရှာမကျွေးနိင်သေးဘူး
ဆိုးသွမ်း
..............................................................................................
“ စုန်ရဲရဲ ဆန်ရဲရဲ ”
ထာဝရ ဦးညွတ်ပါတယ် အမေ ။
အမေ့ဂုဏ်ရည် အထူးထူးကို
အပြည့်အ၀ဖော်ကျူးဖို့ 
ဒီနေ့ ထိ ဘယ်သူမှ
ဥာဏ်မကွန့် မြူးနိုင်သေးတာ
အားလုံးတစ်ခဲနက် လက်ခံလျက်ပဲ ။
အမေလို့ လျှာဖျားလေးနဲ့ 
မြည်တမ်းလိုက်ရင်တောင်
လှိုက်လှိုက်တက်လာတဲ့
ရင်ထဲက ကြည်နူးမှု
အမေ့မေတ္တာကြောင့် ဆိုတာ
ဘယ်သူမှ မငြင်းဝံ့ဘူး အမေ ။
ခေတ်အဆက်ဆက်က
သူရဲကောင်းတွေထက်
မြင့်မြတ်သူတွေ ဆိုတာ
အမေဆိုတဲ့ အမည်နာမ
သမုတ်ခံရသူတွေသာ ဖြစ်ရဲ့  ။
အသက်ကို အရင်းထား
စွန့် စားရဲတဲ့ အမေအတွက်
သား၊သမီးတိုင်း
ပြန်ရဲရင့်ခွင့် ရှိသင့်တာပေါ့
ပြန်ရဲရင့်သင့်တာပေါ့ ။
သားတော့
အမေ့အတွက်နဲ့ ဆို
တလောကလုံးနဲ့ တစ်ယောက်
အန်တုပြီး ရန်ပြုရဲတယ် အမေ ။
(မောင်ငယ်)
.................................................................................
"ထွက်ပေါက်"
အော်စမ်း
မကြားနိုင်တဲ့ အရပ်မှာ
ရင်ဘတ်တွေစုတ်ပြတ်
အသံတွေ သွေးစိမ်းရှင်ရှင်ကျတဲ့အထိ...။
သွေးရူးသွေးတန်း
အမှောင်တွေထဲ ပြေးလွှားတော့
နံရံတွေက အကြင်နာတွေမဲ့လိုက်ပုံများ
မေတ္တာတရားတွေတောင် လက်မှိုင်ချလို့..။
တစက်စက်တုန်နေတဲ့ လက်တွေနဲ့
နိမိတ်ပုံတွေကို ဖမ်းဆုပ်ဖို့ကြိုးစားတော့
ဒီကောင့် ၀ိဥာဉ်လည်း တဖြေးဖြေး
ကောင်းကင်နဲ့ဝေးခဲ့ရပေါ့...။
လေးဘက်လေးတန် ကာရံထား
ဒီဟန်ဆောင်မှု ၀တ်ရုံတွေကြားထဲမှာ
မနက်ဖြန်ကို ရဲရင့်စွာယုံကြည်ဖို့
အလင်းစက် တစ်ပေါက်တော့ ရှိကောင်းပါရဲ့...။
သေသေချာချာပြန်စဉ်းစားတော့
မရေရာလှတဲ့ အာရုံငါးပါးကြားထဲ
ဒီကောင်လဲ ခပ်ဝါးဝါးပါပဲ...။
ကြပ်ခိုးရိုက်နေတဲ့ ဒီကောင်းကင်
အဆိပ်သင့်နေတဲ့ ဒီလေထု
ကိုယ့်ကိုယ်ကို ရေညှိတက်ပြစ်တဲ့ ဒီရေပြင်
နင်းပြားတွေ အထပ်ထပ်ပုံနေတဲ့ ဒီမြေကြီး
...ဟား.....နေစရာ ရှားခဲ့ပြီပဲ....။
မွန်းကြပ်လွန်းတဲ့ ဒီပညတ်တွေကြား
နောက်ဆုံးငါ.....
အသဲအသန်ဖောက်ထွက်ဖို့ ကြိုးစားတော့
အလင်းတန်းတစ်ခု ငါ့ရှေ့မှာ လက်ကမ်းနေလေရဲ့....။
"သြော်....။ အမေပါလား.....။"
(BlackDream)
............................................................
အမေ့ အသံ
အမေတစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ 
စိတ်ထဲမှာ မီးမွှေး
မစီတတ်တဲ့ စကားလုံးတွေကို အပူပြင်းပြင်းပေးပြီး
သားအတွက် ကျိုချက်သန့် စင်ခဲ့ပေမယ့်
အအေးခံချိန်မရလိုက်တဲ့ အမေ့ရဲ့  အသံတွေ
နားထဲကို အတင်းလောင်းထည့် ခံခဲ့ရစဉ်က
ရင်ထဲကို အဝင်မခံ
နားဝမှာတင် မိုက်မိုက်မဲမဲ ထိုးအန်ပစ်ခဲ့ပေမယ့်...
အခုအချိန်မှာတော့
နှလုံးအိမ်ထဲမှာ ပေါင်းခံ
ဒေါသယောင်ဆောင်ထားတဲ့ အမေ့ရဲ့  စောင်းသံကို
ကိုယ့်ကိုယ်ကို သွားတိုက်ဆေးဗူးလိုညှစ်၊ အပ်နှစ်စင်း ထိသလိုဖြစ်မှ ရတတ်တဲ့ ချီးကျူးသံတွေ
တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတဲ့အခါမျိုးမှ ရတတ်တဲ့ လက်ခုပ်သံတွေနဲ့ 
ဘာမဆို အလိုက်ပေးပြီး
ပြန်လဲချင်မိတယ် အမေ။
(ကောင်းကင်ကို)
........................................................................................
“ မာတာ့မေတ္တာ”
တချို့ကတင်စားတယ်
ပုခက်လွှဲသောလက်များတဲ့
ကိုယ်တို့မွေးဖွားလာကတည်းက
မအားခဲ့ရတဲ့အဲဒီလက်တွေဟာ
တကယ်တော့
ပုခက်လွှဲဖို့ သက်သက်မဟုတ်ခဲ့လေဘူး...
တချို့ကတင်စားတယ်
မြင့်မိုရ်ထက်မြင့်သူများတဲ့
ကိုယ်တို့အတွက်တော့
အမြဲမိုးပေးထားတဲ့ ဒီအရိပ်အေးဟာ
မြင့်မိုရ်ထက်သာတဲ့နေရာမှာ
တကယ်တော့
အမြင့်တစ်ခုထဲ မဟုတ်ခဲ့လေဘူး...
တချို့ကတင်စားတယ်
ကိုယ်တို့ကတော့
ရတနာတပါးလို သားသမီးတွေတဲ့...
တကယ်တော့
မြင့်သော မားသော ကြီးမားခန့်ညားသော
ဒီမေတ္တာတရားတွေအတွက်
ခယတဲ့ သိတတ်ခြင်းတွေ
လှပတဲ့ လိမ္မာခြင်းတွေ
ပြန်လည်အပ်နှင်းနိုင်တဲ့
တကယ့်... ရတနာတွေလားဆိုတာ
မသေမချာ... တွေးနေမိဆဲပါပဲ...
ရွှေပြည်သူ
(ည ၁၂း၅၀ နာရီ ~ ၁၀.၀၁.၂၀၀၉)
.......................................................................
“အမေများသို့….”
အကယ်ဒမီဆိုတာ
သရုပ်ဆောင်ကောင်းသူတွေအတွက်
သတ်မှတ်ထားတဲ့ဆုတစ်ခုပါ မေမေ
ဖြတ်သန်းလာရာလမ်းတစ်လျှောက်မှာ
ဝါသနာကျောချင်းကပ်သူတွေ
ဝါသနာရင်ချင်းကပ်နေသူတွေ
ဆေးရောင်စုံရင်ဘတ်တွေနဲ့
ဘ၀တွေချခင်းထားရာ လောကဓံထဲ
သားလည်းခုထိယောင်လည်လည်ဖြစ်နေဆဲပါမေမေ
မချစ်ပဲအောင့်နမ်းခဲ့ရတဲ့
သားရဲ့အိမ်လွမ်းနာဇာတ်လေးကို လိုက်ကာချ
မေမေရယ်
သားချစ်မြတ်နိုးလှတဲ့ အနုပညာခေါင်းစဉ်တစ်ခုအောက်မှာ
မသေခင်လေးတော့
သိက္ခာတရားရှိရှိနဲ့ နာမည်လေးတစ်လုံးလောက်ရေးထိုးသွားချင်သေးတယ်
မေမေ
များများစားစားလည်း သားမျှော်လင့်မထားပါဘူး
အနုပညာသမားတွေဆိုတာ
ကမ္ဘာပေါ်မှာစိတ်ကူးအယဉ်ဆုံးသတ္တ၀ါပါ
သားလည်းအဲ့လိုပေါ့
စိတ်ကူးထားတာလေးတွေအကောင်ထည်ဖော်ဖို့အတွက်
ကီးဘုတ်လေးပေါ်လက်တင်ရင်း(ကီးဘုတ်ဆိုတာမေမေနားလည်မယ်မထင်ဘူး)
ကဗျာတွေတဂျောင်းဂျောင်းရိုက်
လက်လှမ်းမီရာအသိုင်းအ၀ိုင်းလေထဲ
ချွေးသိပ်နေရဆဲပါမေမေ
တစ်နေ့
မောင်ခင်လေးဆိုတဲ့နာမည်လေးတစ်လုံးနဲ့
မျှော်မှန်းထားတဲ့
အသိုင်းအ၀ိုင်းရဲ့စာမျက်နှာပေါ်မှာ
ကဗျာလေးတစ်ပုဒ်ပဲ မှတ်ကျောက်တင်ခံရဦးတော့
ပထမဆုံးရတဲ့စာမူခလေးနဲ့
မေ့မေ့အတွက်စိပ်ပုတီးလေးဝယ်ပြီး ကန်တော့ချင်သေးရဲ့
ဒီနှစ်နဲ့ဆိုရင်
အိမ်နဲ့ခွဲခွာလာတာ ၇ နှစ်ထဲရောက်ခဲ့ပြီမေမေ
မေမေအမြဲပြောဖူးတဲ့စကားလေးတစ်ခွန်း
ငါ့သားလေးအတွက်နောင်ရေးအေးရအောင်ဆိုတဲ့စကားလေ
အေးလိုက်ပါမေမေ စိတ်ချလက်ချပဲအေးလိုက်ပါ
ဟော့ဒီအဝေးရောက်သားအတွက်တော့
ဘ၀ရဲ့ကျောတစ်ခင်းစာတော့ရခဲ့ပါပြီ
ဒါပေမယ့်မေမေရယ်
မေ့မေ့အတွက်…
စိပ်ပုတီးလေးဝယ်မပေးလိုက်ရမှာကိုပဲ
တွေးတွေးပြီးပူနေရတယ်မေမေ
သားသမီးအရေးနဲ့
မေ့မေ့ရဲ့လက်ဖ၀ါးတွေကြမ်းရှခဲ့လားရှရဲ့
ခြေသလုံတွေတုတ်ခဲ့ရဲ့လား တုတ်ရဲ့
ဇက်ကြောတွေတက်ခဲ့ရဲ့လား တက်ရဲ့
သားသမီးဇောတွေနဲ့
တွယ်ငြိနေတဲ့အပူမီးတွေကို
သားကန်တော့မယ့်စိပ်ပုတီးလေးနဲ့
တရားရိပ်မှာ ချွေးသိပ်စေချင်တယ်မေမေ
ဒီတစ်ကြိမ်က
သားတို့အလှည့်ရောက်ပြီမေမေ
မေ့မေ့ကိုအနီးကပ်
လက်ဆုပ်လက်နယ်မပြုနိုင်တဲ့သားတွက်တော့
ဆရာတော်အရှင်ဆန္ဒာဓိကဟောကြားသလိုပေါ့မေမေရယ်
မွေးကျေးဇူကိုတရားအသိလေးရအောင်ပြောရင်း
မေမေရဲ့
သားအပေါ်တင်နေတဲ့အကြွေးတွေကိုဖဲ့ဖဲ့ပြီးဆပ်နေရတယ်
ဒီလောက်နားချနေတာတောင်
မေမေက သားအတွက်မင်္ဂလာလက်ဖွဲ့တဲ့လေတဖွဖွပြောရင်း
ကလေးတစ်ယောက်လိုပဲ ငြင်းဆန်လို့နေသေးရဲ့မဟုတ်လား
မေမေရယ်
လူတစ်လုံးသူတစ်လုံးဖြစ်အောင်
ဒီနေ့ဒီချိန်ထိ ပြုစုလာခဲ့တာကိုပဲ
မေမေ့ကျေးဇူးတွေက အသင်္ချေမကတော့ပါဘူး
မြင့်မိုရ်တောင်မကကြီးမားလွန်းလှပါပြီ
မိုးသည်းထန်တဲ့ရက်စွဲတွေအောက်မှာ
နွေနေပူရဲ့လမ်းမတွေပေါ်မှာ
ချမ်းအေးလွန်းလှတဲ့ တောင်ပေါ်နံနက်ခင်း
ဝေလီဝေလင်းအချိန်ခါတွေမှာ
မေမေ့ရဲ့ဝမ်းစာလှုပ်ရှားမှုပုံရိပ်တွေက
အဝေးရောက်နေတဲ့
သားတစ်ယောက်ရဲ့အိမ်ပြန်ချိန်တိုင်းအတွက်
အနှေးရိုက်ပြကွက်တွေလို
ခုချိန်တွေထိ မြင်ယောင်နေဆဲပါမေမေ
ကြမ်းတမ်းခဲ့တဲ့
ဘ၀ရဲ့ကားချပ်ပေါ်မှာ အမြဲတမ်းပွင့်နေခဲ့တာကတော့
မေမေ့ရဲ့
ဘယ်တော့မှမရိုးနိုင်တဲ့ ရှုမငြီးတဲ့အပြုံးပန်းတွေပေါ့
ရင်ထဲမှာမီးတောက်နေတာတောင်မှ
မေမေအပြုံးမပျက်ခဲ့ဘူးမို့လား
တကယ်တော့ မေမေဟာ
သားတို့အတွက်
အရာရာတိုင်းမှာလေးမြတ်ခဲ့ပါတယ်
ကမ္ဘာပေါ်မှာစံထားနေကြတဲ့
သရုပ်ဆောင်များစွာထဲ မေမေနဲ့ယှဉ်လာရင်တော့
ပြိုင်စံရှားပဲမေမေ အားလုံးပဲရှုံးတယ်
တကယ်တော့
အကယ်ဒမီဆိုတာ
သရုပ်ဆောင်ကောင်းသူတွေအတွက်
သတ်မှတ်ထားတဲ့ဆုတစ်ခုပါ
မေမေ ကြားလား
သူတို့လာနေကြပြီ
တဖြည်းဖြည်းနဲ့နီးကပ်လာကြပြီ
ခြေသံတွေ ခြေသံတွေ
ကမ္ဘာပေါ်မှာ
အမွန်မြတ်ဆုံးဆုတံဆိပ်ကိုလက်ခံကြဖို့အတွက်
သူတို့ချဉ်းကပ်လာကြပြီ
“၂၀၀၉ ရဲ့ ဇန်န၀ါရီလ(၁၀)ရက်နေ့ အမေများနေ့” ဆိုတဲ့
နေထူးနေ့မြတ်လေးဆီကို အားအင်အပြည့်နဲ့
လှမ်းလာနေကြပြီ တိုးကပ်လာကြပြီ
ကမ္ဘာပေါ်မှာရှိရှိသမျှအမေတွေ ချီတက်လာကြပြီ။ ။
( မောင်ခင်လေး )
....................................................................................
“ မေတ္တာရောင်ပြန် ”
နေ့စဉ်နှင့် အမျှ
ဦးထိပ်တင် တစ်ပါး အပါအ၀င်
လက်ဆယ်ဖြာ ချီကာမိုး
အိပ်ရာဝင်တိုင်း ရှိခိုးပါသော………၊
မိုးလင်းတိုင်း လမ်းမထွက်ခင်…
ဤခန္ဓာ မှန်မှာကြည့်
သတိရောက် သည် အဝေးက
စိတ်နာမ်အားဖြင့် နီးကပ်ပါသော………..၊
နှောင့်ယှက် ခက်ခဲ၊ ဖွယ်ဖွယ် ကိစ္စ
ဖွင့်ဟ မဆိုငြား
အလိုအလျောက် ကြားမြင်
အိပ်မက်ထဲပင် လာအားပေးတတ်သော………….၊
တိုင်ပင် ဆွေးနွေး၊ နွေးထွေး မလပ်
အသက်ပင် အိုအို၊ မြဲဆို ဆုံးမ
တစ်ခါ ရင်သွေး…
ထာဝရ မစွန့်ပစ်သော……………၊
ရာထူး မြင့်ဟီး၊ လူဆိုးကြီး ဖြစ်ဖြစ်…
ချစ်ခင်ယုယ၊ မုချ စောင့်ရှောက်
မဲ့တစ်ပေါက်မစွန်းအောင်
ရှေ့ တွင် မားမတ် ရပ်တည်သော………………၊
မွေးသမိခင် ၊ မာတာရင်ကို
နှောင်းတမြေ့မြေ့ ၊ မမေ့မလျော့
ဦးတင် ရိုကျိုး ပါ၏ ။
(မှူးဒါရီ)
...................................................................................................................
“ Mother's love ”
Mother's love is great,
It can never be measured or rephrased.
Mother's love is always there,
When you are hurt and scared.
A mother's soothing fingers can put you at ease,
After that she can feel at peace.
Mother's love is a miracle,
It can help us withstand obstacles.
Mother's love is jut giving,
She never wants to take back anything.
A mother can grin and bear the pain,
But she does not want her child to suffer again and again.
Mother's love can save us from the dark,
She can even teach us how to lit the candles bright.
Mother's love is warm,
It can keep us away from harm.
Never ever let a mother's tears run down from her cheeks;
Mother's love can never be replaced and is precious indeed.
(Chaos)
................................................................................................
အမေ (သို့မဟုတ်) ခပ်ရိုးရိုးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်
သူမ အတွက်တော့
ဘ၀ဆိုတာ
ပင်စည်မတ်မတ် ရပ်စေဖို့
အကိုင်းအခက်တွေ တိုးထွက်ဝေဖြာစေဖို့
ကိုယ်ပိုင်ဆိုင်တဲ့ နေ့နဲ့ညတွေကို
မြေကြီးအောက်မှာ ခက်ဖြာ မြုပ်နှံရခြင်းဖြစ်တယ်။
ဖြစ်နိုင်ရင်
တသက်လုံးမျိုချထားချင်တဲ့
ရင်ခွင်အောက်က
တစ်ယောက်ပြီးတစ်ယောက်
အတောင်ဖြန့်ခါ ပျံသန်းသွားကြချိန်
နယ်ခြားမရှိ အလင်းရောင်ပေးနိုင်တဲ့
သောကမီးအိမ်လေးကို ထွန်းညှိထားခဲ့ရပြန်တယ်။
အချိန်ကမ်းပါးတွေ တိုက်စားခံရတော့
သီအိုရီမဆန် စကားလုံးတွေ မခန်းနားဘဲ
အမြဲစီးဆင်းနေတဲ့ မြစ်တစင်းရဲ့
ဖြန့်ခင်းထားတဲ့တေးချင်းလင်္ကာမှာ
ပျောင်းနွဲ့ညင်သာလိုက်ပါခဲ့ရတဲ့ ဘဝ
ဘယ်တော့မှ ပြန်မရတော့ဘူး။
လေပြင်းတွေထန်
ရေစီးတွေသန်တဲ့ ဒီည
တစိမ်းတွေရဲ့ချောင်းကျဉ်းကျဉ်းမှာ
စုန်ရင်းဆန်ရင်း ကူးခတ်နေတုန်း
အမေ့အိမ် အမေ့ဟင်းနဲ့
အမေ ဆိုညည်းတဲ့ သီချင်းကို အိပ်မက်မက်တယ်လေ။
(ပန်ဒိုရာ)
..........................................................................................
"ဖဝါးနဲ့ဖတ်ပါ မေ…မေ "
ဘယ်သူမှ မစိုက်သွင်းခဲ့ပါဘူး
အလိုလိုကို နစ်ဝင်တာ
ကံကြမ္မာ ဓါးရိုးတန်းလန်းက
ရေခံမြေခံလိုက်ပြီး
တအိအိဝင်နေ
အများကြီးမပေးခဲ့ဘူးတော့
အများကြီးလည်းပြန်မလိုချင်ရဲပါဘူး မေမေ
ကိုယ်လှမ်းခဲ့မှတော့ကိုယ့်ခရီးပေါ့……………….
အိမ်ဆိုတာကို
စာလုံးမပေါင်းခဲ့တဲ့ကောင်ကြိုက်တတ်တဲ့
ကော်ဖီတစ်ခွက်ဟာ
မေမေ့စားပွဲပေါ်မှာအမြဲတမ်းအေးစက်
ကော်ဖီဖျော်တဲ့လက်တစ်စုံကတော့
အဲဒီ ကောင်အတွက်
အမြဲတမ်းနွေးထွေးနူးညံ့နေခဲ့
မေတ္တာတဲ့လားမေမေရယ်
ကြားရတာလေးနဲ့တင် သိမ်မွေ့အိစက်ပါရဲ့…………………………
ကဗျာရူးတဲ့
မေ့မေ့ရင်ထဲကကဗျာတစ်ပုဒ်
ယောင်ယောင်လေးတောင်
လှပ်မကြည့်ခဲ့မိဘူး
ကျွန်တော်ဘယ်လောက်များ
မိုက်ရိုင်းခဲ့ပါသလဲ
"နှောင်း" ဆိုတာ
ထုတ်ချင်းခပ်လှံတစ်စင်းတဲ့လား
ရင်ကော့ထားတယ်မေမေ ……………………….
ဝေးကာမှ ကောက်ကာငင်ကာ
ထဆိုတဲ့ တေးတွေပါ
အမြစ်တွယ်နေတုန်းက မသိခဲ့ဘူး
ခုခါကျမှ စိန်းလန်းလို့
အလွမ်းတွေက အဲသလိုကို သန်စွမ်းတာ
နစ်…ခဲ့…ပြီ…မေ…မေ
ခံယူမှုကိုသာ အဝင်ကောင်းရုံ
ရောစပ်နေရတော့တယ် ……………………………..
ဖဝါးနဲ့ဖတ်ပါမေမေ
မေမေ့အကြောင်းရေးရရင်
ကျွန်တော့်လက်တွေက အလိုလို ဆွံ့အ
မေမေအပါအဝင် ကမ္ဘာပေါ်က အမေတွေရဲ့ မေတ္တာကို
ပုံဖော်နိုင်တဲ့စကားလုံးသတ္တိ
ကျွန်တော့်မှာမရှိပါဘူးမေမေ
မေမေ ကသာ
ကျွန်တော့်ကောင်းကင်မှာ
နေ့ရောညပါ
လရိပ် လို ဝင်းပကြည်လင်လို့
မေမေ့နှုတ်ခမ်းဖျားက
"သား" ဆိုတဲ့အသံတွေဟာ
ကြိမ်နှုန်းပြည့် အားကောင်းမောင်းသန် လို့
ဘယ်ဒေသရောက်ရောက်ကို ကြားကြားနေရတော့တယ် …………………………….။။။
( အိုင်လွယ်ပန်)
ကိုရင်ညိန်း ၏ ပေါ့ဆမှုကြောင့် အချိန်မှီရောက်သော်လည်း ကဗျာစာအုပ်တွင် မပါဝင်သွားခဲ့ပါ ။
...............................................................................................................................................
“မေမေ”
တစ်ခြမ်းပဲ့လနဲ့ သားတို့ဘ၀တွေကို
အလင်းရောင်ပေးခဲ့
ဆည်းလည်းလိုချိုတဲ့သားတွေရဲ့အသံနဲ့
နားရည်ဝခဲ့ရတဲ့မေမေ
ပိုး ဆိုထက်သတ္တ၀ါထက်
သားတို့ရဲ့ ငယ်ဘ၀ကနုခဲ့ရပါတယ် မေမေ ။
အကာအကွယ်တွေမဲ့နေတဲ့ စစ်တလင်းထဲမှာ
မေမေဟာ အောင်နိုင်သူ စစ်သူကြီးလိုပဲ
ငါ့သားတွေ အားနဲ့ အရာရာကို နိုင်အောင်တိုက်မယ်ဟဲ့ ဆိုတဲ့စိတ်နဲ့
မေမေ ၀င်ခဲ့တဲ့ တိုက်ပွဲတိုင်းဟာအောင်နိုင်ခဲ့ပါတယ် မေမေ ။
မေမေစီးဆင်းခဲ့တဲ့ မေတ္တာစမ်းချောင်းလေးဟာ
ဘယ်လောက်တောင် ချိုမြလိုက်သလဲဆိုရင်
သားတို့ရဲ့ငယ်ဘ၀က တစ်ကယ့်ကို လိုတရလက်စွပ်ကလေးလို
အရောင်တွေတလက်လက်ထနေခဲ့ပါတယ် မေမေ ။
ဘယ်လောင်တောင် မေမေ ပေါင်းသင်ပေးလိုက်သလဲဆိုရင်
မေမေ့ရဲ့ မြေပြင်မှာ ဒဏ်ရာတွေပရဗွ ဖြစ်နေပေမယ့်
အပျံတတ်သွားတဲ့ ငှက်ကလေးတွေလိုပဲ
သားတို့ပါးကို ဖွဖွလေးပဲနမ်းရက်ခဲ့တယ်
မေမေ့မေတ္တာမှာ မြင်သာအောင် ရေးထိုးထားခဲ့ပေမယ့်
စကားလုံးတွေ မဲ့နေတယ် မေမေ
ဘယ်လိုစကားလုံး မျိုးနဲ့ မေမေ့မေတ္တာကို
ဖော်ကျူးပြရမလဲ မေမေ ။
နံရံတွေ အထပ်ထပ်ခြားလောက်အောင်
မေမေနဲ့ သားတို့ ဝေးနေပေမယ့်
နွေးထွေးတဲ့ မေမေ့လက်တစ်စုံက
သားဘေးနားမှာ အမြဲကျောသပ်ပေးနေသလို
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရခဲ့တဲ့အချိန်
ပစ်ပေါက်ကြဲလိုက်တဲ့ မေမေ့ရဲ့စကားတစ်ခွန်းက
သားအတွက် အနာကျက်ဆေး
မေမေရဲ့ မေတ္တာလက်နက်က
အရာအားလုံးထက် ထက်မြပါတယ် မေမေ ။
(တင့်ထူးရွှေ)
…………………………………………………………………………
" အနှိုင်းမဲ့ "
ရင်ဘတ်ထဲမှာ ပြည့်ကြပ်နေခဲ့တယ်
ခံစားမှုတွေက ပေါက်ကွဲလုလုမီးတောင်တစ်ခုလို..။
ရင်နဲ့ရင်းပြီး ခင်းပြချင်ခဲ့တာ
အလှပဆုံး ဂုဏ်ရောင်တွေနဲ့ တင်စားပစ်ခဲ့လိုက်ချင်တာ
တကယ်မှာတော့ ဥပမာပြုမှုအလကာင်္ကာတွေ လက်မြှောက်
မှီနိုင်လောက်တဲ့ ခိုင်းနှိုင်းမှုမျိုးတွေ ပျောက်ဆုံးလို့
မေတ္တာရဲ့ တန်ဘိုးကိုကအနှိုင်းမဲ့နေခဲ့တာ..။
အခုတော့ ပြည့်လျှံတဲ့ မျက်ရည်တွေနဲ့တမ်းတ
အဝေးတစ်နေရာက ကန်တော့ခန်းဖွင့်လို့
ဆို့ဆို့နင့်နင့် အကြိမ်ကြိမ် ခေါ်နေမိတယ်
................" အမေ " .....................
စိတ်၏စေရာနာခံလေသော
( မိုးမြင့်တိမ် )
………………………………………………………………………………….
မေမေသို့
သို့ မေမေ
နေကောင်းရဲ့လား..
သတိရစွာနဲ့ ကျွန်တော်စာရေးလိုက်ပါတယ်
ကျွန်တော်တော့ နေကောင်းနေတယ်
ရာသီဥတုကတော့ အရင်လို
ပုံမမှန်တာ ပုံမှန်တုန်းပဲ။
ပူလိုက်၊ အေးလိုက်ပေါ့။
အိမ်ထဲမှာ အဲယားကွန်းတွေတပ်ထားပေမယ့်
ထစ်ခနဲရှိ အငွေ့ပျံချင်နေတဲ့ အရည်ပျော်အိပ်မက်တွေကို
ယပ်ခတ်ပေးနေရတာတော့ရှိတယ်။
ဒီမှာတော့
တစ်နှစ်ပြည့်သွားတိုင်း
ဖျက်မရတဲ့ အိုးမည်းတွေနဲ့အတူ
ကျွန်တော်လည်း သိုးမည်းတစ်ကောင် ဖြစ်နေပေါ့။
ဒါနဲ့..
ကျွန်တော် အရင်ကထက်
အရပ်ရော၊ လျှာပါ နည်းနည်းပိုရှည်လာတယ်.. သိလား
ကျွန်တော်ဟာ အေးခဲစွာနဲ့ ပျော်နေသူတစ်ယောက်ဆိုတာ
သူတို့ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး။
မေမေပို့ပေးတဲ့ အပင်တစ်ချို့လည်း
ကျွန်တော် စိုက်ထားတယ်
ဒီမြေမှာ နေဝင်နေထွက် ရိုးသားမှုက လွဲရင်
ကျန်တာ အပေါက် သိပ်မြန်တယ်
ပထမကမ္ဘာမှာက
ကျွန်တော်တို့တွေလို
အချိုမှုန့်ကို ဟင်းခတ်မယ့်အစား
စကားပြောတဲ့အခါနဲ့ အပြုံးတွေထဲကို ပြောင်းခတ်နေကြပြီ။
ပေါပေါများများတွေ့ရတာတော့
ရယ်ဒီမိတ် ပစ္စည်းရယ်၊ ပါးစပ်ပေါက်တွေရယ်ပဲ..
ရယ်ဒီမိတ် စရိုက်၊ ရယ်ဒီမိတ် ဒီပလိုမာ
ရယ်ဒီမိတ် ခေါက်ဆွဲခြောက်၊ ရယ်ဒီမိတ် ဆက်ဆံရေး ...
(မပြောကောင်း၊ မဆိုကောင်း ရယ်ဒီမိတ် ကဗျာတွေ လုပ်ရောင်းရင် ကောင်းမလားတောင် စဉ်းစားမိသေး)
အချိန်တော်တော်များများမှာ
ကိုယ့်ကိုယ်ကို ပြန်ကျပျောက်နေတာ သိပ်ဆိုးတယ် မေမေရယ်
စုန်ချင်တဲ့ စိတ်ကို ဇက်သပ်နေရတာ
လုံးလည်ချာလည်နဲ့..
ကြက်ခြေခတ်ဦးရေ မထူထပ်ခင်
အချိန်မှီ.. မျက်လုံးတွေကို ဘောင်ဆွဲခတ်နေရတာလည်း ပါတယ်။
လူမျှားချိတ်တွေကလည်း
အမျှားခံချင်စရာ ကာလာစုံပဲ
ပြာနန့်နန့်နဲ့ တစ်ခုဟာ ကျွန်တော့် အကြိုက်လေ
ဘာပဲဖြစ်ဖြစ်
ကွန်ပစ်တဲ့အထဲ ပါသွားတာထက်စာရင် တော်သေးတာပေါ့။
ချစ်သူတော့ မရှိသေးပါဘူး
ဒီမျောက်ဟာ အမြီးပဲ မပေါက်နိုင်ဘူးလို့
မေမေ ပြောတော့မယ်မလား
လူအချင်းချင်း ဆွဲဆောင်တဲ့အလုပ်မှာ ကျွန်တော် ညံ့ပေမယ့်
ရုပ်ရှင်ရုံတွေက လက်မှတ်တစ်စောင်ထဲလည်း ပေးဝယ်ပါတယ်ဗျ
တစ်ရေးနိုးတိုင်း
လက်ကလေးတစ်ခုကို ကိုင်ထားချင်တဲ့ ရောဂါကလွဲရင်
အားလုံး အဆင်ပြေပါတယ်။
ကျွန်တော် မှာလိုက်တဲ့စာအုပ်တွေရော ရှာလို့တွေ့ရဲ့လား
မေမေလည်း ပျော်အောင်နေနော်..
အဝေးက သား
ခန့်နေ
( ခန့်နေ )
....................................................................
မေတ္တာသခင် အို.. မိခင်
လောကဓါတ်၌
မိန်းမတို့ထက်
ယောင်္ကျားမြတ်သည်
ဆိုပေမည်လည်း
ယောင်္ကျားတို့ထက်
အမေမြတ်သည်
ဆိုပါလေမူ
မည်သူငြင်းဆန်ဝံ့နိုင်လိမ့် ။
ရင်သွေးငယ်လေး
အိုပိုက်ထွေးလို့
၉လကျော်လွယ်
၁၀ လသယ်ပြီး
ချဉ် ငန် စပ် ခါး
အပူများလည်း
ရှောင်ရှား မြိုသိပ်
မိခင်စိတ်ကို
အိုဘယ့်ယောင်္ကျားစွမ်းနိုင်လိမ့်။
ချိန်ခါတိုင်ရောက်
မွေးဖွားမြောက်သော်
ကန်ကျောက်ငိုကြွေး
ရင်ဝယ့်သွေးအား
ချစ်တေးဆိုညည်း
ဝမ်းမီးငြိမ်းစေ
မေတ္တာအနှစ်
သွေးစင်စစ်က
နို့ရည်ဖြစ်အံ့
ဘယ်တန်ခိုးရှင်တုနိုင်လိမ့် ။
ကမ္ဘာမီးလောင်
သားကောင်ချနင်း
ဤစာကြွင်းက
ယွင်းမှားပေလိမ့်
မိခင်စိတ်သည်
သူသာကြိတ်မှိတ်
ခံလိမ့်ပေအံ့
သားမောင်နုထွေး
ချစ်ရင်သွေးကို
နည်းနည်းလေးပင်
ဘေးမတင်အောင်
ဖေးပြင်စောင့်ရှောက်
ကောင်းရာရောက်စေ
ထိန်းကျောင်းပေအပ်
မြတ်သောမိခင်
အိုသခင်ကို
ဘယ်သူယှဉ်လို့ရနိုင်လိမ့် ။
( ဖြိုးငယ်)
.......................................................................
အမေ
အမှောင်ထဲက အလင်းတန်း
ကန္တာရထဲက စမ်း
မီးတောင်ထဲ ပွင့်တဲ့ ပန်း
မခမ်း မြစ်
အနန္တချစ်ခြင်းမေတ္တာ... ...
စကားလုံးများစွာ မလိုသော ကဗျာ... ...
(အောင်သာငယ်)
.....................................................................
တခုတည်းသောတန်ဖိုး
ကြီးကြီးကျယ်ကျယ်တော့
မပြောချင်တော့ဘူး ...
သူ့မှာ တန်ဖိုးရှိတယ်ဆိုတာ
လူတိုင်းသိတယ် ...
ငါမပြောနဲ့ လူတိုင်းလည်း သိတယ်
ဒါကြောင့် ပြောချင်တာ ...
သူ ဘယ်သူလဲ သိလား
လျှောက်တွေးမနေနဲ့လေ ...
လေကြီးလေကျယ်နဲ့ပဲ ပြောပြော
နုံချာတဲ့ ဘာသာစကားနဲ့ပဲ ပြောပြော
သူ့တန်ဖိုးက အတူတူပဲ ...
ဘာသာတွေကို ကျော်လွန်
အယူအဆတွေက လွတ်ကင်းနေတာ
သူပဲ ရှိတယ် ...
ကမ္ဘာပေါ်မှာ တခုတည်းသော
တန်ဖိုးညီတာ သူပဲ ...
အဲဒါက ... ။
(ထွန်းတောက်နေ)
..................................................................................
ခွေးမတကောင်၏ပို့ချချက်
စာအုပ်နက်နက်တွေဖတ်ပြီး
ဇောက်မနက်တဲ့အတွေးတွေနဲ့
မေတ္တာတရားကို
ဟော်မုန်းနဲ့ ဂလင်းတွေလက်ချက်ဆိုပြီး
ဘေးတိုက်ထွက်ခဲ့တဲ့ကောင် ... ။
တခုသော စိမ်းစိမ်းနံနက်
လေသာပြတင်းမှာ ရပ်ငေးနေတုန်း
ဗြုန်းဆို ကားနဲ့ဝင်တိုက်
"ခွေးမ"ဟာ သားတသိုက်နဲ့ ... ။
သားတစ်ဖြစ်သွားတဲ့ ခွေးပေါက်စဟာ
ကျီးတွေရဲ့ ထိုးသုတ်စရာ ဘ၀ပြောင်း
ကတ္တရာလမ်းလည်မှာ
ကားတ၀ီဝီမောင်းတုန်း
အနိစ္စနဲ့ ပေါင်းနေချိန် ... ။
လမ်းတဖက်ကို ကူးမြောက်သွားတဲ့
ခွေးကလေးတွေက တဖက်
လမ်းအလည်မှာ အသက်ထွက်နေတဲ့ ခွေးသားအတွက်
ခွေးမ မိခင်က ကျီးထိုး မစားစေဖို့က တဖက်
သူလည်း သူ့သဘောနဲ့
"မိခင်သောက" ဇာတ်ကို က ... ။
စဉ်းစားစမ်းဟဲ့ "ငါ"ဆိုသော ငမိုက်သား
ပုံပျက်သွားတဲ့ "သားတစ်"ခွေးကို
မိခင်ခွေးမဟာ မေတ္တာမပျက်သေးပါရောလား
ပြောစမ်းဟဲ့ ... မင်းရဲ့ ဟော်မုန်းနဲ့ ဂလင်း သီအိုရီတွေ
နို့အုံတင်းရင် ဒင်းဆိုသော ခွေးမမှာ
တခြားသားပေါက်တွေလည်း ရှိနေပါရောလား
သားတစ်ရဲရဲနဲ့ ကျီးဆွဲမယ်ဖြစ်နေတုန်း
မမုန်းနိုင် မပစ်နိုင်တဲ့ မိခင်သောကပါလား ... ။
ထိုနေ့သော မနက်မှာ
မျက်ရည်တွေနဲ့ ပြာကျ
ခွေးမက ပေးလိုက်တဲ့ သင်ခန်းစာနဲ့
ဒီဘ၀ ထပ် မမိုက်တော့ပါဘူး အမေ
စာအုပ်နက်နက်တွေနဲ့လည်း အပိမခံ
ဇောက်မနက်တဲ့ မာန်တွေလည်း မရှိတော့ပါဘူး အမေ ... ။
(သင်ကာ)
(၂၀၀၀ ခုနှစ်က ရခဲ့သော သင်ခန်းစာ တခုကို အကြောင်းပြု၍)
.........................................................................................................
အမေ့အကြောင်းကဗျာချို
အမေ...
ချစ်တဲ့အမေအတွက်
အမေရဲ့မေတ္တာတွေအတွက်
ကဗျာချိုလေးတစ်ပုဒ် ဖြစ်တည်ဖို့
အင်း... အမေက ကဗျာမှမဟုတ်ဘဲ
ဒါပေမယ့်... အမေ့ရဲ့မေတ္တာတရားက
ကဗျာတစ်ပုဒ်ထက်... ပိုပြီးနူးညံ့တယ်
အမေ့ရဲ့အတိုင်းအဆမဲ့ ချစ်ခြင်းက
ကျွန်တော် အရမ်းနှစ်သက်ခဲ့တဲ့
ကတော့ရေခဲမုန့်ထက်တောင်
ချိုမြနူးညံ့အေးစိမ့်နေလေရဲ့
ချိုမြနူးအေးစိမ့်နေလေရဲ့
ချိုမြအေးစိမ့်နေလေရဲ့
ချိုမြအေးနေလေရဲ့
ချိုအေးနေလေရဲ့
ချိုမြနေလေရဲ့
ချိုနေလေရဲ့
ချိုနေလေ
ချိုနေ
ချို
(ဟန်သစ်ငြိမ်)
.
အားလုံးကို လေးစားခင်မင်ကျေးဇူးတင်စွာဖြင့်
ဝါ၀ါခိုင်မင်း
Saturday, January 10, 2009
မေမေအတွက်လက်ဆောင်
ဒီနေ့ အမေများနေ့မှာ မောင်လေးတွေ၊ ညီမလေးတွေက ပို့စ်လေးတွေရေးကြတော့ ကျမလဲရေးချင်တာနဲ့ အမေများနေ့ အမှတ်တရပို့စ်လေးရေးဖို့ စိတ်ကူးလိုက်မိပါတယ်။မေမေကိုလွမ်းနေ၊သတိရနေတာကတော့ အမြဲပါပဲရှင်။ဒီနေ့မှ မဟုတ်ပဲ နေ့စဉ်သတိရနေခဲ့တာဆိုတော့ မေမေ့ကိုလွမ်းနေတဲ့ အကြောင်းတွေ မရေးတော့ပါဘူး။
မနေ့တုန်းက မေမေ နဲ့ မမ ဂျပန်ကနေပြန်သွားကြတော့ ချစ်သောမေမေ အတွက် လက်ဆောင်လေးတွေ
ဝယ်ထည့်ပေးခဲ့ပါတယ်။
ကျမ မေမေ့အတွက်ထည့်ပေးလိုက်တဲ့ လက်ဆောင်လေးများကတော့ ဂျပန်ကီမိုနိုထမီလေး ၂ ထည်ရယ်၊ပိတ်ဖောက်ဇာ အကျီင်္စလေးတစ်စရယ်၊မေမေကြိုက်တဲ့ Corn soup ဘူး၂ဘူးရယ်၊မေမေကြိုက်တဲ့ နှုတ်ခမ်းနီ နဲ့ လက်သဲနီလေးတွေရယ်၊ လက်ပတ်နာရီတစ်လုံးရယ် ၊ diamond ring လေးတစ်ကွင်းရယ် ကို မေမေအတွက် နှစ်သစ်လက်ဆောင်အဖြစ် ၀ယ်ထည့်ပေးလိုက်ပါတယ်။ ကျန်တဲ့ လက်ဆောင်ပစ္စည်းလေးတွေကတော့ ဓါတ်ပုံမရိုက်ထားလိုက်ရပေမယ့် လက်စွပ်ကလေးကိုတော့ အမှတ်တရ ဓါတ်ပုံရိုက်ထားဖြစ်ခဲ့ပါတယ်။
မေမေ့အတွက် ချစ်သောသမီးရဲ့လက်ဆောင်
ကျမနှစ်သက်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ အမေများနေ့မှာ မေမေ့ကိုနှုတ်ခွန်းဆက်ရင်း ကန်တော့လိုက်ပါတယ်မေမေ။
"အလကာင်္နှင့် ကန်တော့ခြင်း"
အမေ့ အပြုံး
နှလုံးချိုကြည် နွေးထွေးသည်။
အမေ့ စကား
သကာ့ပျားနှယ်၊ နားဝ ချိုအိ မွှေးလှသည်။
အမေ့ မေတ္တာ
စမ်းရေဖြာသို့၊ ရင်မှာ ချမ်းမြေ့ အေးမြသည်။
အမေ့ ရင်ခွင်
ခေါင်းမှေးဝင်ကာ၊ ညစဉ်ညစဉ်
တေးသံစဉ်နှင့်၊ ပုံပြင် နားထောင်ခဲ့ဖူးသည်။
နို့ချို တိုက်ကျွေး
အမေ့သွေးနှင့် သားလေးလူလား မြောက်ခဲ့သည်။
သည်ယနေ့ထိ
အမေ့ကျေးဇူး၊ မဆပ်ဖူးသေး
ရင်မှာလေး၍၊ အကြွေးဝန်ပိ
မချိနှလုံး၊ မျက်ရည်ဖုံးကာ
ယူကြုံးမရ၊ ဗျာပါရနှင့်
သောကရစ်နှောင် တွယ်ငြိဆဲ။
သို့သော်လည်းလေ
အမေ ဆုံးမ၊ သြ၀ါဒနှင့်
ဘ၀ပင်လယ်၊ အပြောကျယ်၌
ဘယ်လောကဓံ၊ ရေစုန်ဆန်ဝဲ
ကူးခတ်ဆဲသာ၊ အောင်ပွဲတစ်နေ့ ရလိမ့်မည်။
သြော် ကျေးဇူးရှင် အမေ
မွေးရပ်မြေ၌၊ သာစေ မာစေ
ရွှင်လန်းစေကြောင်း၊ ဆုတောင်းပန်ထွာ
အလကာင်္နှင့် ဆယ်ဖြာရိုကျိုး
လက်စုံမိုး၍၊ ရှိခိုး ကန်တော့လိုက်တကား။
မိုးအောင်နွယ် (မင်းပြား)
******************************
မေမေများကို တန်ဖိုးထားလေးစားချစ်ခင်မြတ်နိုးနိုင်ကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
Friday, January 9, 2009
၂၀၀၈ ရဲ့နောက်ဆုံးည
မင်္ဂလာပါရှင်။
၂၀၀၈ ရဲ့ နောက်ဆုံးညလေးကို ဘယ်လိုကုန်ဆုံးသွားစေခဲ့သလဲလို့
ညီမလေးမက်မက် က တက်ဂ်ထားတဲ့ အတွက် ၂၀၀၈ ရဲ့နောက်ဆုံးည တက်ဂ်ပို့စ်လေးကို ကျမဒီနေ့ရေးရပါဦးမယ်ရှင်။
၂၀၀၈ ၊ဒီဇင်ဘာ ၃၁ ရက်နေ့က ဂျပန်မှာ ရာသီဥတု အလွန်အေးတာမို့ အပြင်ထွက်လည်ဖို့အစီအစဉ်ကို ဖျက်သိမ်းပြီး အိမ်မှာပဲ အလုပ်ရှုတ်နေခဲ့ပါတယ်။အလုပ်ရှုတ်ရတဲ့ အကြောင်းကတော့ ၂၀၀၈ နောက်ဆုံးညမှာ ကျမရဲ့ဘလော့မှာတင်မဲ့ ဓါတ်ပုံဆလိုက်ရှိုးလေးအတွက် ပုံစံ အမျိုးမျိုးပြောင်းကြည့်လိုက် ၊ အရောင်ခဏခဏပြောင်းကြည့် ၊ သေးကြည့်လိုက်၊ ကြီးကြည့်လိုက်နဲ့ လုပ်နေတာနဲ့တင် အချိန်တော်တော်ကုန်နေခဲ့ပါတယ်။ပုံတွေကိုလဲ ဟိုနေရာက ဒီရွှေ့၊ ဒီနေရာကနေ ဟိုရွှေ့နဲ့ အလုပ်ရှုတ်နေတာနဲ့ ယောက္ခမမေမေက ကြည့်မရလာတော့ဘူးထင်ပါရဲ့ "သမီးဘာတွေအလုပ်များနေတာလဲ "တဲ့..အဟီးး
ဦးဥာဏ်နဲ့ မမ တို့က ဦးဥာဏ်ကျောင်းကိုသွားလည်ကြတယ်။ မေမေ က ချမ်းလွန်းလို့တဲ့ မလိုက်ပဲ အိမ်မှာကျန်နေခဲ့တာမို့ အဲဒီနေ့က မှတ်မှတ်ရရ မေမေက ဟင်းတွေချက်ပေးနေတာလေ၊ ကိုယ်ကတော့ ညမှာတင်ရမဲ့ ဓါတ်ပုံဆလိုက်ရှိုးအတွက် အလုပ်တွေများနေခဲ့တာ။ဟတ်ဟတ်.. မောင်အိမ်လိုပဲ သမိုင်းပေးတာဝန်တစ်ရပ်လိုသတ်မှတ်ပြီး ဒီဆလိုက်တင်ပြီးပါမှ ငါ့အလုပ်ပြီးမှာဆိုပြီး တစ်နေကုန်တောက်လျှောက် ထိုင်လုပ်နေခဲ့ပါတယ်။ :D
ညနေစောင်းမှာ ဦးဥာဏ်ပြန်လာတော့ ပို့စ်လေးမှာNew year သီချင်းလေးတွေ အဆင်ပြေအောင်ထည့်ပေးတယ်.ဦးဥာဏ် က အားလုံးအဆင်ပြေအောင် စီစဉ်ပေးပြီး ပို့စ်တင်ဖို့ အသင့်လုပ်ထားပေးပေမယ့် ပြန်စစ်လိုက်၊ ပြန်ဖြုတ်လိုက်နဲ့ အလုပ်များနေခဲ့တာလေ။New year ည ၁၀ နာရီလောက်ကတည်းက ကျမဘလော့မှာ နိုင်ငံအသီးသီးက လေယာဉ်ပျံတွေဝဲပျံနေခဲ့တာ၊ဟဟား.. ကလေးတွေ ဆလိုက်လာချောင်းနေကြပြီဆိုတာ သိနေလိုက်ပါတယ်၊ ဒါပေမယ့် တင်မပေးသေးပဲ ၁၂ နာရီတိတိမှပဲ တင်မလို့ကို "ဆလိုက်ရှိုးမတင်သေးဘူးလား" ဆိုပြီးလာအော်နေကြတာနဲ့ ည ၁၁ နာရီခွဲကျော်ကျော်လောက်မှာပဲ ဓါတ်ပုံဆလိုက်ရှိုးကို တင်ပေးလိုက်ပါတော့တယ်ရှင်။
ည ၁၂ နာရီ တိတိမှာတော့ မေမေ နဲ့ မမပါ ဧည့်သည်စုံနေတဲ့အတွက် သမီးလေးက ဗြောက်အိုးမီးပန်းတစ်ခုစီ ကိုင်ထားစေပြီး ၁၂ နာရီ ဒေါင်ကနဲမြည်တာနဲ့ ဗြောက်အိုးတွေဖောက်ကြပြီး HAPPY NEW YEAR ဆိုပြီး အော်ကြပါတယ်။ညမှာ ဟော့ပေါ့လုပ်စားဖို့စီစဉ်ထားပေမယ့် မေမေလုပ်ကျွေးတဲ့ ရှမ်းအစားအစာ တုဖူးသုတ်တွေ ၊ တိုဖူးကြော်တွေ အ၀စားကြပြီး မိသားစုအားလုံးဗိုက်ပြည့်နေကြတဲ့အတွက် လုပ်မစားဖြစ်ခဲ့ကြပါဘူး။ အဲ့ဒီအချိန်မှာပဲ ဦးဥာဏ် က
"မီး အတွက် happy new year present " ဆိုပြီး အထုတ်တစ်ထုတ်ပေးလာမှ သတိရသွားတယ်လေ၊ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက ဦးဥာဏ်က သူ့သူငယ်ချင်း ဆရာဝန်မလေးရဲ့ အမျိုးသားကAdidas campany မှာ ၀န်ထမ်းဖြစ်တဲ့ အတွက် New Year present bag တွေကို အော်ဒါမှာထားလို့ရကြောင်း ၊၀န်ထမ်းတွေကိုရောင်းတဲ့အတွက် ဈေးနှုန်းလဲ အထူးသက်သာမှာဖြစ်ကြောင်း ပြောပြလာပြီး ကျမရဲ့ ဖိနပ်size တွေ ၊ အကျီင်္ size တွေကိုသေခြာပြောပြပြီး New Year Present ပေးဖို့အတွက် အော်ဒါမှာထားခဲ့တာလေ။ သူ ညနေပြန်လာတော့ ရလာပြီး New Year ညရောက်မှ ကျမကိုပေးတာလေ။ ဟတ်ဟတ်..ပျော်လိုက်တာ အရမ်းပါပဲ၊ ကျမ ကလဲ Adidas တော့ကြိုက်သား၊ဈေးနှုန်းလေးလဲ သင့်တယ်၊ ခေတ်စားတဲ့ Brand လေးလဲဝတ်နိုင်တယ်ဆိုပြီးတော့လေ။ အဲ့ဒါနဲ့ပဲ ဘလော့ပေါ်တင်ပြီး New Year လက်ဆောင်ကို ကြွားလိုက်သေးတယ်လေ။ ဟီးးး
( စိတ်မကောင်းဘူး) :D လက်ဆောင်တွေအသီးသီးရပြီးတာနဲ့ သမီးလေးစီစဉ်တဲ့ Bingo game ကို မေမေ ၊မမ တို့နဲ့ အတူပျော်ရွှင်စွာဆော့ခဲ့ကြပါတယ်။
အဲလိုနဲ့ပဲ.. မေမေ တို့ မမတို့ နဲ့အတူ ကျမတို့မိသားစုလေးဟာ ဂျပန်မှာ New Year ညကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ New Year Night မှာ မေမေ ချက်ကျွေးတဲ့ တိုဖူးသုတ်တွေ ၊ တိုဖူးကြော်တွေအ၀ စားကြပြီး ဟော့ပေါ့ မလုပ်စားဖြစ်ကြပဲ နောက်နေ့ မနက်စောစော ထပြီး ၂၀၀၉ နှစ်သစ်ကိုကြိုဆိုရင်း ဟော့ပေါ့ လုပ်စားခဲ့ကြပါတယ်ရှင်။
ကျမရဲ့ ၂၀၀၈ ရဲ့နောက်ဆုံးညလေးကတော့ ဒီလောက်ပါပဲရှင်။
(ညီမလေး မက်မက် ရေ ကျေနပ်ပါနော်။ဒီနေ့ မေမေ နဲ့ မမ စင်္ကာပူပြန်သွားကြတာမို့ အားတာနဲ့ ညီမလေးရဲ့ တက်ဂ်ပို့လေးကို ချက်ချင်းရေးလိုက်တာပါနော်။)
အားလုံးပဲ နှစ်သစ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
( အပေါ်မှ ပုံလေးကတော့ ညီမလေးပန်းခင်းလေး ထံမှပေးပို့ခဲ့သော new year present လေးပါရှင်။)
Thursday, January 8, 2009
Tokyo Tower
Tokyo Tower သွားစဉ် အမှတ်တရရိုက်ခဲ့တဲ့ ဓါတ်ပုံလေးများ.....
ခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း
Wednesday, January 7, 2009
Kings and Queens
မင်္ဂလာပါရှင်။
ကျမ အရှုတ်တွေလုပ်ပြီး အလုပ်တွေရှုတ်နေခဲ့ပါတယ်။
မောင်လေး၊ ညီမလေးတွေကို နှစ်သစ်မှာ ပျော်စရာလေးတွေဖန်တီးပေးပြီး အားလုံးကပျော်ရွှင်ကြတော့ ကျေနပ်
ဝမ်းသာမိခဲ့ပါတယ်။ဒါပေမယ့် တဆင့်တက်ပြီး King နဲ့ Queen ပါ ရွေးကြဖို့ ဆန္ဒရှိကြလေတော့ ရှုတ်လက်စနဲ့ ဆက်ရှုတ်လိုက်တာ အရှုတ်ကနေမရှင်းတော့ပဲ ပိုရှုတ်သွားခဲ့ပါတော့တယ်ရှင်။ ဟီးး
King နဲ့ Queen မဲပေးဖို့ တောင်းဆိုလိုက်မိကာမှ တစ်ယောက်ကို တစ်မျိုးနုန်းပေးကြလို့ တိုင်ပတ်ပြီး ကျမ ၀ါဝါခိုင်မင်း တစ်ယောက် ဒုက္ခလှလှရောက်သွားပါတော့တယ်။ :D စိတ်လည်းရှုတ်သွားပြီး King နဲ့ Queen က ပြတ်ပြတ်သတ်သတ်မဲ မကွဲပြားကြပဲ အရွေးခံရသူတွေအားလုံးဟာ အမှတ်တူနေကြတာကြောင့် လူတွေ့နှုတ်ဖြေလဲလုပ်လို့မရ.. ဟတ်ဟတ်. အဲဒါကြောင့် အမှတ်တူ ထွက်ရှိလာသူတွေအားလုံးကိုပဲ ပူးတွဲ King နဲ့ ပူးတွဲQueenတွေ အဖြစ်ပဲ ပေးလိုက်ပါတော့တယ်ရှင်။ ဘလော့ဂါမောင်လေးတွေရော ၊ဘလော့ဂါညီမလေးတွေရော အားလုံး စတိုင်ရှိကြပါတယ် ၊ချောကြ၊လှကြ၊ ခန့်ကြပါတယ်။ အားလုံးပဲ အခုထွက်ရှိလာတဲ့ အဖြေလေးကိုပဲ ကျေနပ်လက်ခံပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ တကယ်လဲတောင်းပန်မိပါတယ်၊ပြတ်ပြတ်သတ်သတ်မဲက ဘယ်သူမှ မရနေပဲ အမှတ်တူတူ ဖြစ်နေကြတာမို့ ပူးတွဲ King ( ၈)ယောက် နဲ့ ပူတွဲ Queen ( ၈)ယောက်ကိုကြေငြာပေးလိုက်ပါတယ်ရှင်။ :D
ပူးတွဲ King ရရှိသူ ( ၈)ဦးမှာ....
1. ပုလုကွေး
3.အိမ်
4.. idulize
5.
ဂျဲဂျယ်
6. တောင်ပေါ်သား
7.
အလှတရား
8. ဂျူဝသန်
ပူးတွဲ Queen ရရှိသူ(၈)ဦးမှာ.....
1. မွန်
2.
ငှက်ငယ်လေး
3.
ဝေလေး
4..
ခေါင်ခေါင်
5.
သဉ္ဖာ
6.ပုလဲလုံး
7.
ပန်းခင်းလေး
8.
ဆု
တို့ ပဲ ဖြစ်ပါတယ်ရှင်။ :D
ကဲ.. မမ၀ါ ရွေးလိုက်တာ ဘလော့ဂါ King တွေ နဲ့ ဘလော့ဂါ Queen တွေ အများကြီးဖြစ်သွားပြီ.. ဟီးဟီးး
မတတ်နိုင်တော့ပါဘူး။ ဒီလိုလေးပဲ ကျေနပ်လိုက်ကြပါတော့နော်. မဟုတ်ရင်တော့ မမ၀ါ ဘလော့ပိတ်ပြီး ပြေးရပါတော့မယ်။ဟတ်ဟတ်.ဒီကိစ္စကို ဒီမှာပဲ တစ်ခန်းရပ်လိုက်ပါပြီနော်။ တစ်ယောက်ထဲ ရွေးလိုက်လို့ မောင်အိမ် က သူမရရင် အစ်မအိမ်ကိုလာပြီး ခဲနဲ့ပေါက်နေဦးမယ်. စိတ်ချရတာမဟုတ်ဖူး။ မောင်ပိကျိ နဲ့ မောင်ဂျဲဂျယ် ကလဲ သူတို့ကိုယ်သူတို့ပြန်ရွေးထားကြတာလေ။ အဲဒီလောက်ရချင်နေကြတာ မပေးပြန်ရင်လဲ အားနာစရာတွေဖြစ်ကုန်ဦးမယ်။ အလကားပေးရတာပဲ ပိုက်ဆံမှ မကုန်တာ အများကြီးရွေးပေးလိုက်ပါတယ်နော်.ဟီးးး
ဘလော့ဂါKing (၈)ယောက် နဲ့ ဘလော့ဂါ Queen (၈)ယောက်တို့ရေ... OMEDETOUGOZAIMASU.( အိုမဲဒဲတို ဂိုဇိုင်းမတ်စ်)ပါနော်.
၂၀၀၉ ခုနှစ်မှာ ဘလော့ဂါ မောင်နှမလေးတွေ ပိုပြီးရင်းနှီးချစ်ခင် ပျော်ရွှင်နိုင်ကြပါစေ။ဘလော့ဂါ King နဲ့ Queen မောင်နှမ (၁၆) ယောက်တို့ကို ဘီလျံနာသူဌေးကြီး မောင်ဇင်ယောမှ ဂျပန်နိုင်ငံသို့ အလည်လာရောက်နိုင်ရန် အမြန်ဆုံးစီစဉ်ပေးမည် ဖြစ်ပါသောကြောင့် မောင်ဇင်ယော်၏ အိမ်တွင် လေယာဉ်လက်မှတ်စပွန်ဆာ မပေးမချင်း သွားအော်ကြပါရန် နှိုးဆော်လိုက်ရပါသည်ရှင်။ ( ဟီးးး.. နာ့ပြဿနာ သူ့ကို ပုတ်ထုတ်လိုက်ပြီ ၊ ရှင်းပေတော့၊ ) :D
ဓါတ်ပုံဆလိုက်ရှိုး Code များပေးပို့ရန်ကိစ္စနှင့် ပတ်သက်ပြီး ဓါတ်ပုံ ပယ်ဖျက်ပေးစေလိုသူ မောင်လေး၊ ညီမလေးတချို့၏ ပုံလေးများကို ပယ်ဖျက်ပြီး ဆလိုက်ရှိုးတွင်ပါဝင်သူ အဖွဲ့ဝင်များထံသာ Code များကို ပေးပို့ပေးမှာဖြစ်ပါတယ်ရှင်။ညီမလေးနှစ်ဦး၏ ထောက်ခံချက် မရသေးပါသောကြောင့် ခဏသည်းခံပြီး စောင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ အားလုံး၏ ထောက်ခံချက်စုံလင်ပါက ချက်ချင်း ပို့ပေးပါမည် ဖြစ်ပါကြောင်း။ ( အဟဲ.. အရှုတ်တစ်ခု ရှင်းသွားပါပြီကွယ်။ နောက်ဆို ဝေးဝေး ကရှောင် ရတော့မယ်။ ဟီး)
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
( မနက်ဖြန် ၈ ရက်နေ့တွင် ဖူဂျီတောင်သို့ အလည်သွားမည်ဖြစ်ပါသောကြောင့် တစ်ရက်စောပြီး ကြေငြာလိုက်ရပါတယ်ရှင်။)
Tuesday, January 6, 2009
Tokyo Dome City Illumination