
“လွမ်းငွေ့ဝေေ၀
လွမ်းမိုးစွေ၍
လွမ်းတေးဖွဲ့ဆို မြကျွန်းညိုသို့....... ”
သြော်...ဘာလိုလိုနဲ့ ချစ်ကြ၊မုန်းကြ ၊ကွဲကြ ၊ ပျော်ကြ ၊ရွှင်ကြ ၊ ၀မ်းနည်းခဲ့ကြရတဲ့ မြကျွန်းညိုတက္ကသိုလ်ကြီးနဲ့ ခွဲခွါလာခဲ့တာတောင် (၁၃) နှစ်တိတိရှိသွားခဲ့ပြီပဲလေ.......
အမိရန်ကုန်တက္ကသိုလ်ကြီးရဲ့ ပုံရိပ်လွှာလေးတွေကို
မနော် ဆီမှာတွေ့မိတော့ လှိုက်လှိုက်လှဲလှဲကြီးကိုပဲ လွမ်းမိသွားခဲ့ပါတယ်။မနော်ကလည်းမေးသေးတယ်လေ... “ ကဲ..မလွမ်းဘူးလား...???”တဲ့။
“ လွမ်းတာပေါ့မနော်ရေ”လို့ သူမပြန်ဖြေခဲ့မိတယ်လေ.....
လွမ်းမိတာမှ ဟိုးအရင် (၁၃)နှစ်တုန်းကပုံရိပ်ကလေးတွေကို မျက်စိထဲမှာ တရိပ်ရိပ်ပေါ်လာအောင်ကိုလွမ်းမိသွားခဲ့တာပါရှင်.....
ရန်ကုန်တက္ကသိုလ်အကြောင်းလေးရေးဘို့အတွက် ပြည်ကောလိပ်အကြောင်းလေးက မပါမဖြစ်ပါရမှာမို့....
ပြည်ကောလိပ် ( ၁၉၉၁ - ၁၉၉၃)
မိန်းကလေး ၁၄ ဦး ၊ ယောင်္ကျားလေး ၁၄ ဦး စုစုပေါင်းရင် သူမတို့ မေဂျာမှာ ကျောင်းသား ၂၈ ယောက်ပဲရှိခဲ့ကြတာမို့ သူမတို့ သူငယ်ချင်းတစ်စုဟာ ပထမနှစ်မှာကတည်းက အရမ်းစည်းလုံးပြီးပျော်ရွှင်ခဲ့ကြပါတယ်။ အဲ့ဒီလို မောင်နှမတွေလို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ကြတဲ့ သူမတို့ သူငယ်ချင်းတစ်စုဟာ နောက်ဆုံးနှစ်ရောက်တဲ့ အခါမှာ ကံကောင်းစွာနဲ့ပဲ ရန်ကုန်တက္ကသိုလ်ကြီးကို ပြောင်းရွှေ့ပညာသင်ယူခွင့် ရရှိခဲ့ကြလို့ ပျော်မဆုံး ၊မော်မဆုံးအောင်ပဲ ရှိခဲ့ကြတာပေါ့.......
ရန်ကုန်တက္ကသိုလ်....( ၁၉၉၃ - ၁၉၉၄)
ရုပ်ရှင်ထဲမှာသာ မြင်ဘူးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို ကံကောင်းစွာနဲ့ သူမတို့ခြေချခွင့်ရရှိခဲ့ကြပါတယ်။ အရမ်းပျော်မိကြသလို.. အရမ်းဂုဏ်ယူမိခဲ့ကြတယ်လေ.....သူမတို့ သူငယ်ချင်းတွေတစ်စုလုံးဟာ ရန်ကုန်တက္ကသိုလ် ရောက်ကြတဲ့အထိ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြတာမို့ တကယ်ပျော်စရာကောင်းခဲ့ကြတာပါ။ မိန်းကလေး ၁၄ ယောက်မှာ ၁၃ဦးက အတူတူအဆောင်ငှားနေကြပြီး သူမကတော့ လှည်းတန်းမှာရှိတဲ့ ဦးလေးရဲ့အိမ်မှာနေပြီး ကျောင်းတက်ခဲ့တာပါ။ ကျောင်းနဲ့ အိမ်က နီးနီးလေးမို့ တော်တော် အဆင်ပြေပါတယ်။ ယောင်္ကျားလေး ၁၄ ယောက်အုပ်စုကလည်း တစ်စုတစ်ဝေးတည်း အဆောင်စုနေခဲ့ကြပါတယ်။သူတို့တွေ ကျောင်းလာကြရင် ၄ ၊၅ ယောက်အုပ်စုဖွဲ့ပြီး လာကြပြီး သူမကတော့ ဦးလေးအိမ်ကနေ တစ်ယောက်တည်း ကျောင်းတက်ခဲ့ ရတာပါ...
ကျောင်းထဲဝင်ပြီး အဓိပတိလမ်းမကြီးပေါ်ရောက်တာနဲ့သူမတို့သူငယ်ချင်းအဖွဲ့တွေဆုံနေကြပါပဲ။ တခါတလေ သူမက တစ်ယောက်တည်းမို့ ရှေ့ကရောက်နေတတ်ရင် အနောက်ကနေ ခဲလုံးသေးသေးလေးတွေနဲ့ လမ်းပေါ်ကိုတတောက်တောက်လှမ်းပေါက်ပြီး လှည့်ကြည့်အောင်လှမ်းခေါ်တတ်ကြပါတယ်။ အဲဒီအချိန်တုန်းက ထမီတိုတို ဟော့ရှော့လေးတွေခေတ်စာခဲ့တဲ့ အချိန်ပေါ့....ထမီကို မတိုတိုအောင်ဝတ်ကြတယ်လေ... ပိုတိုမှပဲ ခေတ်မှီသလိုလို ဘာလိုလိုနဲ့...အခုပြန်တွေးကြည့်ရင်တော့ ရယ်ချင်စရာကြီးပဲနော်.....ထမီကို မတိုတိုအောင် ဒူးနားအထိကပ်ဝတ်ခဲ့ကြတာလေ.. ကိုယ့်ကိုယ်ကိုယ် အဟုတ်တွေမှတ်လို့ ..... :P အကျီအပွကြီးတွေဝတ်ပြီး ထမီတိုတိုဟော့ရှော့ခေတ်စားခဲ့တဲ့ အချိန်လေးတွေပါ။ ပြန်တွေးမိတော့လဲ လွမ်းစရာလေးတွေပေါ့နော်.......( အခု အသက် ၂၄ ၊ ၂၅ မောင်ညီမလေးတွေကတော့ ထမီတိုတိုခေတ်ကလေးကို မှီလိုက်မှာ မဟုတ်ဖူးထင်ပါရဲ့နော်... )
ရန်ကုန်တက္ကသိုလ်ကြီးကိုရောက်ပေမယ့် အထီးကျန်ဆန်မနေပဲ သူငယ်ချင်းတွေနဲ့ဆိုတော့ အလွန်ပျော်စရာကောင်းခဲ့တာပါ...ဓါတ်ပုံတွေစုရိုက်ကြ ၊ ကျောင်းအားချိန်မှာ Canteen သွားပြီး ထမင်းကြော် ၊ ထမင်းပေါင်းတွေ စုပြီးစားကြ ၊ ကြံရည်သောက်ကြရင်း စကားတွေလုပြောခဲ့ကြတာလေးတွေကိုလဲ အမှတ်ရမိနေပါတယ်...သစ်ပုတ်ပင်ကြီးရှေ့မှာ ၊ ဂျပ်ဆင်ရှေ့မှာ ၊ ကွန်ဗိုကေးရှင်းရှေ့တွေမှာ သူငယ်ချင်းတွေစုပြီး ဓါတ်ပုံတွေရိုက်ခဲ့ကြတာလဲ အလွန်ပျော်စရာကောင်းကြပြီး တစ်သက်လုံးအတွက် အမှတ်ရစရာလေးတွေ ဖြစ်နေခဲ့ပါတယ်....
ဒီလို..ပျော်ကြ၊ ရွှင်ကြ ၊ လွမ်းကြ၊ ဆွေးကြ ၊ ချစ်ကြ ၊ မုန်းကြတဲ့ ဇာတ်လမ်းလေးတွေကို ဖန်တီးပေးခဲ့တဲ့ မြကျွန်ညိုတက္ကသိုလ်ကြီးရဲ့ ဇာတ်လမ်းလေးတွေထဲမှာ သူမနဲ့ ပါတ်သက်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြန်ပြောင်းသတိရမိလေတော့.......
ဇာတ်လမ်းလေးက ပြည်ကောလိပ်ကနေစရမှာ ဖြစ်ပါတယ်....
သူမ တက္ကသိုလ်ပထမနှစ်တက်တော့ သူမကိုစွဲစွဲလန်းလန်းပိုးပန်းခဲ့တဲ့သူတစ်ယောက်ရှိခဲ့ပါတယ်... :P ပြည်ကောလိပ် ပထမနှစ်စတက်ကတည်းက ခုံနေရာအတည်တကျအမြဲထိုင်တတ်တဲ့သူမရဲ့ ခုံထဲမှာနေ့စဉ်လိုလိုပဲ စားစရာတွေနဲ့ ၊လက်ဆောင်ပစ္စည်းလေးတွေကို မရိုးအောင်အမြဲထည့်ထားခဲ့တတ်သူပါ။ ပထမနှစ် ကျောင်းစတက်ကတည်းကဆိုတော့ သူမလဲအံ့သြပြီး ဘယ်သူကထည့်မှန်းလဲမသိ ၊ ကိုယ့်ကိုပေးတာလားလဲမသိခဲ့လေတော့ သေခြာမကြည့်ဖြစ်ခဲ့တဲ့ ရက်တွေလဲရှိနေခဲ့ပါတယ်။ တခါတလေလဲ ပန်းလေးတွေလာထည့်ထားပေးတတ်ပြန်တယ်လေ....သူမနဲ့ အတူတွဲတဲ့ သူငယ်ချင်းမက ပို့စ်ကဒ်လေးတွေဆိုဖွင့်ကြည့်တော့ “တိတ်တခိုး” ဆိုပြီးပဲရေးထားခဲ့တာလေ... ဖြစ်ပုံများ.. သူမက ... ကိုယ်နဲ့မေဂျာတူ ကိုယ့်အခန်းထဲကပဲ ဖြစ်မလား၊ ဒါမှမဟုတ် တခြားမေဂျာကများလား ဆိုပြီး ဘယ်သူမှန်းကို မသိခဲ့ရ ၊ မခန့်မှန်းတတ်ခဲ့တာပါ။နောက်ပိုင်းတော့ မုန့်တွေလာထည့်ပေးထားရင် သူငယ်ချင်းတွေနဲ့ မုန့်တွေဖောက်စားပစ်လိုက်ကြတာပေါ့။ စားပြီးရင်လဲ ပြောလိုက်သေးတယ်..သူငယ်ချင်းတွေနဲ့အတူလေ.. “ကျေးဇူးတင်ပါတယ်ရှင်.. အခုလိုနေ့စဉ်မုန့်ဝယ်ကျွေးတာ” ဆိုပြီးတော့လေ... ဟီးးး အခန်းထဲကဆိုရင်လဲ သိပစေတော့ပေါ့.. မတတ်နိုင်တော့ဘူး.... ဒါပေမယ့် ဘယ်သူမှန်းကို ခန့်မှန်းလို့ မရနေခဲ့တာပါ....
သူမတို့ အတန်းချိန်က မနက် ၉ နာရီဆိုရင်စတာမို့ သူမက ကျောင်းကိုအမြဲစောစောရောက်နေတတ်သူပါ... လက်ဆောင်တွေထည့်ပေးထားတဲ့သူကတော့ ဘယ်အချိန်ကတည်းကဇွဲကြီးစွာနဲ့ လာထည့်သွားတယ် မသိပါဘူး..သူမ အချိန်စောစောရောက်လဲ မုန့် သို့မဟုတ် လက်ဆောင်ပစ္စည်း တစ်ခုခုကရှိနေခဲ့တာပဲလေ....ကျောင်းကို စောစောလာပြီးပဲထည့်တာလား၊ ညကတည်းကပဲ ထည့်ထားတာလားမသိတော့ပါဘူး။တော်တော်တော့ ဇွဲရှိခဲ့တာပါရှင်.....ဒီလိုနဲ့ ပထမနှစ် တစ်နှစ်လုံးသာ ကုန်သွားတော့မယ် သူမကို လက်ဆောင်တွေထည့်ပေးနေတာ ဘယ်သူမှန်းကို လုံဝမသိခဲ့ ၊ မခန့်မှန်းတတ်ခဲ့တာပါလေ...
ဒီလိုနဲ့ပဲ.... ပထမနှစ်စာမေးပွဲဖြေပြီး နောက်ဆုံးနေ့မှာ စာမေးပွဲပြီးလို့ ညရထားနဲ့ အိမ်ပြန်ကြမှာမို့ ပြင်ဆင်နေတုန်း... သူမထံကို ဧည့်သည်လာတယ်ဆိုလို့ သူမ ဆင်းအတွေ့မှာတော့ ကျောပိုးအိပ်ကိုအသင့်လွယ်ထားပြီး လက်ထဲမှာ အထုတ်တစ်ထုတ်ကို ကိုင်ပြီးရပ်နေတဲ့ ကျမတို့မေဂျာရဲ့ခေါင်းဆောင် ရှမ်းပြည်ကနေကျောင်းလာတက်တဲ့ ကိုစိုင်းကိုကို ကိုတွေ့တော့ ..သူက သူမကို ဘာမှ မပြောပဲ “ဒီအထုတ်ကလေးကိုပဲ လက်ခံထားပေးပါ။ သူအခု ရှမ်းပြည်ကို ပြန်တော့မှာမို့ လာနှုတ်ဆက်တာပါ” ဆိုပြီး အမြန်ပြန်ထွက်သွားခဲ့တယ်လေ။ သူမကတော့ လက်ထဲမှာ အထုတ်တစ်ထုတ်နဲ့ ကျန်နေခဲ့တာပေါ့......
သူမလဲ ယောင်လည်လည်နဲ့ အဆောင်အပေါ်ထပ်ရောက်ပြီး အထုတ်ကြီးကို ဖွင့်ကြည့်မိတော့ ပန်းခြောက်ကလေးတွေ ၊ တခါတလေ သူမ မယူပဲ ခုံထဲမှာချန်ထားခဲ့တတ်တဲ့ ပို့စ်ကဒ်လေးတွေ နဲ့ ဒိုင်ယာရီစာအုပ်လေးတွေ ၊ သီချင်းတိပ်ခွေတွေဖြစ်နေတော့မှ အရမ်းအံ့သြသွားခဲ့မိပါတယ်လေ.....
သူ... ကိုစိုင်းကိုကို ..ဆိုတာ ရှမ်းပြည်မှာနေပြီး ပြည်မှာအမျိုးတွေရှိလို့ ပြည်ကောလိပ်မှာကျောင်းလာတက်ခဲ့တာပါ။ ရုပ်က တည်တည်ခန့်ခန့်ဖြစ်ပြီး ကျမတို့အတန်းရဲ့မေဂျာခေါင်းဆောင်လဲဖြစ်ပါတယ်။ကျောင်းမှာဆိုရင်လဲ သူကိုမသိတဲ့သူ မရှိအောင်ကိုပဲ ခင်မင်ကြပါတယ်။သူများတွေကို အစစ အရာရာ ကူညီတတ်တယ်၊သဘောကောင်းဖော်ရွေပြီး တည်တည်ကြည်ကြည်နေတတ်လို့ သူ့ကို ကောင်မလေးတွေက စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် ခက်တာက သူမက သူ့ကို အစ်ကိုတစ်ယောက်လိုပဲခင်မိပါတယ်.. အဲဒီထက်လုံးဝကို မပိုနေခဲ့တာပါ။သူပေးခဲ့တဲ့ သီချင်းခွေလေးကတော့ “အောင်ရင်ရဲ့ အခါလွန်မိုး” သီချင်းခွေလေးဖြစ်တယ်ဆိုတာကိုတော့ သူမ မမေ့နိုင်သေးပါဘူး။ အဲဒီစာမေးပွဲနောက်ဆုံးနေ့ည ရထားပေါ်မှာသူငယ်ချင်းတွေဆုံကြတော့မှ ယောကျာင်္လေးသူငယ်ချင်းတွေက သူမကို ပြောပြခဲ့ကြပါတယ်.... “နင်တို့က ငါ့ကို အစကတည်းက ဘာဖြစ်လို့မပြောကြတာလဲ” ဆိုတော့ ..သူတို့ကို ကိုစိုင်းက လုံးဝမသိစေရဘူး၊ ဘယ်သူမှ မပြောရဘူးလို့ပြောထားတာရယ် ၊ သူကအရမ်းစည်းကမ်းကြီးပြီး ၊ယောင်္ကျားလေးအဆောင်မှာလဲ အဆောင်မှူး ဆရာပြီးရင် သူကခေါင်းဆောင်ဆိုတော့ သူ့ကိုလေးစားချစ်ခင်ကြတာလဲ ပါကြပါတယ်.... “အဲဒီ ကိုစိုင်း တစ်နှစ်လုံးရူးနေတာတဲ့.. တစ်နေ့တစ်နေ့ နင့်အကြောင်းတွေပဲ ပြောနေတယ်”တဲ့.. “သူ့အခန်းထဲမှာလဲ နင့်အကြောင်းကဗျာတွေစပ်ထားတာ ပုံနေတာပဲ.. တစ်ဆောင်လုံးနီးပါး သိကြတယ်”တဲ့လေ......
သူမကို ပိုးခဲ့တာ ဘယ်သူဆိုတာသိလိုက်ရပြီးတဲ့နောက် သူမ သူ့ကို တတ်နိုင်သလောက် ကင်းကင်းနေခဲ့ပါတယ်.. ကိုယ်ကမှပြန်မချစ်နိုင်တာပဲလေ... သူမကို သူကအရမ်းချစ်မှန်း ၊ သူမက သူ့ကို လုံးဝ မချစ်မှန်း အဲဒီခုနှစ်တုန်းက ကျောင်းတက်တဲ့သူတွေက သိနေခဲ့ကြပါတယ်။
တကယ်ပါရှင်... ဒုတိယနှစ် ၊ တတိယနှစ်သာ ကုန်သွားခဲ့တယ်... ကျမသူ့ကို လုံဝချစ်လို့မရခဲ့ပါဘူး။ သူ့ကိုကြောက်ကြလို့ သူမကို စိတ်ဝင်စားခဲ့တဲ့ တခြားသူတွေတောင် သူမကို မလိုက်ရဲခဲ့ကြပါဘူး။ သူ့ကြောင့် သူမလာဘ်ပိတ်ပြီး တက္ကသိုလ် တတိယနှစ်သာရောက်သွားတယ် ရည်းစားဆိုတာ ဘာမှန်းမသိခဲ့ဘူးလေ.... :P
အဲဒီလိုနဲ့ နောက်ဆုံးနှစ်မှာ ရန်ကုန်တက္ကသိုလ် Main ထဲကိုရောက်တော့ သူလဲ အပါအ၀င်တစ်ယောက်ဖြစ်ခဲ့တာပေါ့... သူမအတွက်ဆို ဘာပဲ လုပ်ပေးရ..လုပ်ပေးရ.. အချစ်သူရဲကောင်းကြီးတစ်ယောက်ပေါ့ရှင်... သူမ သူ့ကိုပြန်မချစ်နိုင်ခဲ့ပေမယ့် မလှောင်ရဲခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက သူမကို တကယ်ချစ်ခဲ့တာလေ... ဒါပေမယ့် သူမ စိတ်ပျက်မိခဲ့တာတော့ အမှန်ပါ။သူမ တစ်ယောက်တည်း ကျောင်းလာတတ်တော့ သူမကို ဘယ်တုန်းကမှ မနှောက်ယှက်ခဲ့ပါဘူး.. သူမ ကျောင်းလာတတ်တဲ့ အချိန်တွေကိုစောင့်ပြီး သူမနဲ့ လှမ်းလှမ်းကနေ အမြဲလိုက်ပါ စောက်ရှောက်တတ်ခဲ့ပါတယ်....စာသင်ချိန်အရမ်းပူနေခဲ့ရင် သူမအတွက် အအေးပုလင်းဝယ်ပြီးသူငယ်ချင်းကနေပေးခိုင်းခဲ့ပါတယ်... သူမက သူ့ကို စကားမပြောခဲ့ပါဘူး။ လိုအပ်မှသာ ခေါ်ပြောခဲ့ပါတယ်.....ကိုယ်ကဘယ်လိုမှ ပြန်မချစ်နိုင်ခဲ့တဲ့ အတွက် သူမကိုချစ်နေတာသူဆိုတာ သိလိုက်ရတဲ့ အချိန်ကစပြီးတော့ သူမက သူ့ကို အခေါ်အပြောနဲသွားခဲ့တာပါ.....

အဲဒီလိုနဲ့ ကျမတို့သူငယ်ချင်းအဖွဲ့တွေ စာကြည့်တိုက်သွားပြီးစာဖတ်လိုက်ကြ ၊ အင်းယားသွားလည်လိုက်ကြ ၊အုပ်စုလိုက်ကြီး အဓိပတိလမ်းမပေါ်မှာ လမ်းလျှောက်ပြီး စကားတွေတွတ်ထိုးခဲ့ကြ၊ ပျော်စရာတွေနဲ့ အချိန်တွေကုန်ခဲ့ကြပြီးတော့ နောက်ဆုံးနှစ်စာမေးပွဲကြိးကို ဖြေဆိုခဲ့ကြရပါတယ်။ ကျမက Qualify တန်းဆက်တက်ချင်လို့ စာကိုတတ်နိုင်သလောက်ကြိုးစားခဲ့ပါတယ်။ ကျမက ကွာလီဖိုင်းတန်းဝင်အောင်ကြိုးစားနေတယ် ဆိုတာသိတော့ သူကလဲစာတွေအရမ်းကျက်ပြီး ကွာလီဖိုင်းတန်း
ဝင်ဘို့စာကြိုးစားနေတယ်ဆိုတာကို သူငယ်ချင်းတွေကနေတဆင့် သိနေခဲ့ပါတယ်... ဒုက္ခပါပဲ..သူနဲ့ ဘယ်အထိများရေစက်ဆုံနေဦးမှာလဲ ဆိုပြီး ကျမလဲ မတတ်နိုင်ခဲ့တော့ပါဘူး။ နောက်ဆုံးနှစ်စာမေးပွဲကြီးဖြေပြီးကြတော့ သူငယ်ချင်း ၂၈ ယောက်စလုံးစုပြီး ချောင်းသာကမ်းခြေအလည်သွားကြဘို့ စီစဉ်ကြပေမယ့် ကျမကတော့ ကျမဦးလေးတွေနဲ့ ကျမမိဘကခွင့်မပြုတာနဲ့ လိုက်မသွားခဲ့ရပါဘူး။ ကျန်တဲ့သူငယ်ချင်း ၂၇ ယောက်အတူတူသွားကြပြီး အပြန်မှာကျမအတွက် လက်ဆောင်တွေ တပုန်ကြီးတစ်ယောက်တစ်မျိုး ၀ယ်လာပေးကြတာကိုမှတ်မိနေပါသေးတယ်........
၁၉၉၄ ခုနှစ်....
နောက်ဆုံးနှစ်အောင်စာရင်းတွေထွက်လာတော့ ကျမက မေဂျာ ၅ခုစလုံးဂုဏ်ထူးထွက်ခဲ့ပြီး ကွာလီဖိုင်းတန်းဆက်တက်ခွင့်ရခဲ့သလို ကျမနဲ့အတူ ယောကျာင်္လေးသူငယ်ချင်း ၃ယောက် ကွာလီဖိုင်းတန်းဆက်တက်ခွင့် ရရှိခဲ့ပါတယ်.... အဲဒီ ၃ယောက်ထဲမှာ ကိုစိုင်းလဲ ပါဝင်ခဲ့ပါတယ်.....ကျောင်းတွေဖွင့်ပြီးကျောင်းပြန်တက်ရတော့ သူကအရမ်းပျော်နေခဲ့တာပေါ့.... ကျမတို့ သူငယ်ချင်းအဖွဲ့က ၄ ယောက်ပဲတစ်တွဲတွဲပဲ ကျောင်းအတူ တက်နေလာခဲ့ရင်း.......... ညီမလေးတွေနဲ့အတူ...သာမညဘုရားဖူးခရီးသွားဖြစ်ကြပါတော့တယ်.....
(ဟဲဟဲ... ဇာတ်လမ်းက..မသန်း... နော်.. အခုမှစမှာ... ရှူးးး တိုးတိုး..အပေါ်ကဇာတ်လမ်းတွေ ဦးဥာဏ်မဖတ်မိစေနဲ့.... ဖတ်မိရင်တော့ အဆူခံရမှာသေခြာတယ်.... :P :P ရှည်သွားပြီနော်.. Sin Sin လာအော်နေလို့ အမြန်ရေးလိုက်တာ.. နောက်တစ်ပတ်မှ ရေးမလို့ကို... စိတ်မကောင်းဘူး.. ဆက်ရန်လုပ်ရတာနော်.... ဆက်ရန်လုပ်ဖို့ ၀ါသနာပါလို့ မဟုတ်ရပါဘူး... အရှည်ကြီး တခါတည်းဖတ်ရရင် စာဖတ်သူတွေ မျက်စိညောင်းမှာစိုးလို့နော်...နောက်ပြီးတော့ အားသေးဘူးရယ်လေ..သမီးလေးက ၂၆ ရက်နေ့မှာ စာမေးပွဲဖြေရတော့မှာ..အခု..သူအိပ်တော့မှ ပို့စ်အမြန်ရေးလိုက်တာပါ.. စိတ်မဆိုးကြပါနဲ့.... အမြန်ဆုံး ဆက်ရေးပါမယ်ရှင်..နော်.... :D)
Ps.. သူမ နဲ့ ကျမ မှာ အတူတူသာဖြစ်ပါသည်။ မပြင်လိုတော့ပါ၍ ကြည့်ဖတ်ကြပါကုန်.... :P
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
ရန်ကုန်တက္ကသိုလ် အမှတ်တရဓါတ်ပုံလေးများကို
မနော် ထံမှခွင့်တောင်းပြီး ကူးယူထားခြင်းဖြစ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ် မနော် ရေ...