Tuesday, March 31, 2009

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာက
သဘာဝပါ ခင် ။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေ ရည်စူးပြီး
ဖူးပွင့်မဆင်..... ။

ခင်ကြိုက်ရင် အညှာကိုချိုးပြီး
ခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့....နော်...ခင်
ဆင်ချင်မှ ဆင်ပါတော့ ။

ခင်ရယ်...
မဆင်လို့ပဲ ပစ်ပစ်
မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့
သစ်ရွက်ကြို သစ်ရွက်ကြားက
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင် ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့......။


မောင်စိန်ဝင်း ( ပုတီးကုန်း)

“ သောကခြေရာ ရတနာ ကဗျာများမှ... ”


မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတွေကို ကျမကကြိုက်မိတော့ .. ဒီနေ့ သူငယ်ချင်းပေးတဲ့ စာအုပ်ကလေးကိုဖတ်မိရင်း ကဗျာဟောင်းလေး တစ်ပုဒ်တွေ့လို့ မျှဝေလိုက်တာပါ...

ပျော်ရွှင်ချမ်းမြေ့ကြပါစေ.

WWKM

Saturday, March 28, 2009

နိုကိုဂိရိတောင်သို့အလည်တစ်ခေါက်

ဒီနေ့ ကျမတို့နေတဲ့ မြို့ရဲ့International Exchange Association အစီအစဉ်နဲ့ နိုကိုဂိရိယာမလို့ခေါ်တဲ့ နေရာလေးကို အလည်သွားဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့က ဂျပန်မှာနေနေကြတဲ့ နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြား- ဂျပန်ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ရယ်၊ ဂျပန်ရဲ့ဒေသန္တရဗဟုသုတရကြစေဖို့ရယ်၊ တနှစ်ကို သုံး လေးကြိမ်ဖိတ်ခေါ်ပြီး၊ အခုလို တစ်နေနေရာကို ဘတ်စ်နဲ့လိုက်ပို့တာ၊ food party၊ culture exchange party လုပ်ပေးတာစသည်ဖြင့် စီစဉ်ပေးနေပါတယ်။ ဒီတကြိမ်မှာတော့၊ ဟွန်ရှူးကျွန်းရဲ့ အရှေ့ဖက်ပိုင်း ပင်လယ်နဲ့ကပ်လျက်မှာရှိတဲ့ နိုကိုဂိရိတောင်ကို Bus နဲ့ အလည်ခရီးစီစဉ်ပေးခဲ့ပါတယ်။

လမ်းမှာ ဟာနစုမိ လို့ခေါ်တဲ့ ပန်းဥယျာဉ်ထဲမှာ ပန်းခူးတဲ့အစီအစဉ်လေးပါထည့်ပေးထားလို့ နေ့လည်စာစားအနားယူရင်း၊ ပန်းလေးတွေတစ်ယောက်ကို ၄ ခိုင်စီလက်ဆောင်အဖြစ် ကိုယ်ကြိုက်ရာပန်းလေးတွေ ခူးခွင့်ရခဲ့ပါတယ်။




ပန်းခူးပြီး တောင်ပေါ်ကိုဆက်တက်ခဲ့ကြတာ ၁နာရီလောက်မှာ တောင်ပေါ်ရောက်ပြီး၊ ဂျပန်မှာ အကြီးဆုံး ကျောက်သားဘုရားဆင်းတုတော်ကြီးကို ဖူးမျှော်ကြရပါတယ်။ ဘုရားကိုဖူးမျှော်ကန်တော့လိုက်ရတာ၊ စိတ်ကြည်နူးစရာ အကောင်းဆုံးပါဘဲ။



အပြန်လမ်းမှာ၊ Bingo game အစီအစဉ်နဲ့ သီချင်းဆိုအစီအစဉ်၊ ကိုယ်နှစ်သက်တဲ့ဂျပန်အစားအစာအကြောင်းထပြောတာ စတဲ့ ပျော်စရာအစီအစဉ်လေးတွေကို ကားပေါ်မှာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလာခဲ့ကြတာ၊ မြို့ပြန်ရောက်တဲ့အထိပါဘဲရှင်။ မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့ဂျပန်အမှတ်တရခရီးဖြစ်ခဲ့ပါကြောင်း ကျမရဲ့အမှတ်တရလေးတစ်ခုဝေမျှလိုက်ရပါတယ်ရှင်။
ပျော်ရွှင်ကြပါစေ.
လေးစားခင်မင်လျှက်
WWKM

Friday, March 27, 2009

My hobby


မင်္ဂလာပါရှင်..
ဒီနေ့တော့ ကျမရဲ့ဝါသနာလေးကို ပြောပြရမယ်လို့ အမြဲစိမ်းဖြိုး နဲ့ မောင်ငယ်မိုးသောက်ယံ တို့က Tag ထားကြတဲ့ အတွက် ကျမရဲ့ဝါသနာ Tag post လေးကို ရေးလိုက်ပါတယ်ရှင်...

ကျမရဲ့ဝါသနာလေးတွေကတော့ ...

( ၁ ) စာဖတ်တာဝါသနာပါပါတယ်....
မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ လွန်းထားထား ၀တ္ထုလေးတွေကို ထွက်တိုင်း မလွတ်တမ်းဖတ်ဖြစ်ခဲ့ပြီး ၊ ကျန်တာတွေကတော့ မဂ္ဂဇင်းပေါင်းစုံကို ဖတ်တာ ၀ါသနာပါပါတယ်.... ကျမ အဓိကဖတ်ဖြစ်ခဲ့တဲ့ မဂ္ဂဇင်းတွေကတော့ FASHION IMAGE Magazine , PEOPLE ONLINE Magazine , LIFE STYLE နဲ့ အာရောဂျံမဂ္ဂဇင်းလေးတွေပဲ ဖြစ်ပါတယ်ရှင်...

( ၂ ) သီချင်းအေးအေးလေးတွေနားထောင်ရတာ ၀ါသနာပါပါတယ်....
ကျမက သီချင်းအေးအေးလေးတွေဆိုရင် အကုန်နီးပါးကြိုက်ပါတယ်.... ချိုပြုံး ၊ စိုးစန္ဒာထွန်း ၊ ထွန်းအိန္ဒြာဗိုလ် ၊ ဇော်ပိုင် နဲ့ ချောစုခင်တို့ရဲ့ သီချင်းအေးအေးလေးတွေကိုနားထောင်ရတာ ကြိုက်ပါတယ်....“ ပိုးအိစံ ရဲ့ အရိန္ဒမာသိပါတယ် ဗီစီဒီခွေလေး နဲ့ ဇော်ပိုင် ၊ချောစုခင်တို့ရဲ့ အကြင်နာအင်အား ဗီစီဒီ”လေးတွေကတော့ ကျမအကြိုက်ဆုံးသီချင်းလေးတွေပဲ ဖြစ်ပါတယ်ရှင်......

( ၃ ) သီချင်းဆိုတာ ၀ါသနာပါပါတယ်...
ကျမက အသံမကောင်းပေမယ့် သီချင်းဆိုတာ ၀ါသနာပါပါတယ်ရှင်... သီချင်းဆိုနေရရင်ပျော်တယ်လေ... မြန်မာပြည်မှာတုန်းက တိုက်ခန်းပိတ်ပြီး သီချင်းတွေ အော်ဆိုဖြစ်ခဲ့တယ်... ၀ါသနာအရ စင်ပေါ်လည်း ၃ ၊၄ ခါလောက်တက်ပြီး သီချင်းဆိုခဲ့ဘူးပါတယ်... ဒီမှာ အခု Sing For You မှာ သီချင်းဆိုရတာ အဆင်မပြေဖြစ်နေတတ်လို့ စိတ်တိုမိတော့ ဦးဥာဏ်က အိမ်မှာဗီစီဒီစက်ကလေးနဲ့ ဆိုနိုင်အောင် Mic ကြီးကြီးလေးတစ်လုံးဝယ်ပေးပြီး စီစဉ်ပေးခဲ့ပါတယ်... :P အဲဒီတော့ ကျမပျင်းရင် စိတ်ကူးပေါက်ပေါက်နဲ့ သီချင်းလေးတွေ အော်ဆိုဖြစ်နေပါတယ်.....

( ၄ ) အ၀တ်အစားကို သတ်သတ်ယပ်ယပ်လေးဝတ်တာ ၀ါသနာပါပါတယ်...
အပြင်ထွက်မယ်ဆိုရင် အ၀တ်အစားကို သတ်သတ်ယပ်ယပ် နဲ့ ကိုယ်ကြိုက်တာလေးဝတ်ရရင် စိတ်ချမ်းသာတတ်ပါတယ်... တခါတလေပြင်ဆင်ရတာ စိတ်မပါဖြစ်နေတတ်ရင်တောင် မျက်နှာလေးသစ် ၊ ခေါင်းလေးဖီးပြီး မျက်နှာကိုဘာမှ မလိမ်းပါပဲ အ၀တ်အစားလေးကိုတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင်လေး ၀တ်သွားတတ်ပါတယ်... တခါတလေ ကြုံသလိုဝတ်စားပြီး အပြင်ထွက်လာတဲ့ အခါတွေဆိုရင် ကိုယ့်ကိုယ်ကို တစ်ခုခုလိုနေသလိုလိုကြီးနဲ့ Confidence မရှိဖြစ်နေတတ်ခဲ့ပါတယ်....( ဒီလိုပါပဲလေ.. တခါတလေ ပျင်းရင်တော့ ကြုံသလိုလေးတွေလည်း ၀တ်ဖြစ်ခဲ့ပါတယ်.)....

( ၅ ) အိမ်ရှင်းရတာ ၀ါသနာပါပါတယ်...
အိမ်ရှင်းရတာ ၀ါသနာပါတယ်ဆိုပေမယ့် အခုဘလော့ဂင်ပြီးတဲ့နောက်မှာ အိမ်လည်းကောင်းကောင်းမရှင်းနိုင်ဖြစ်နေခဲ့တာ ကြာပါပြီရှင်...အားအားနေ သီချင်းလေးနားထောင်ပြီး အိမ်ရှင်းနေတတ်တဲ့ကျမက အခုတော့ အားအားနေ ကွန်ပြူတာရှေ့ရောက်နေတတ်ပါတယ်... :D



ကဲ... မောင်လေးဖြိုး နဲ့ မောင်လေးမိုးသောက်ယံတို့ရေ... ဒီလောက်ဆို ကျေနပ်မယ်လို့ထင်ပါတယ်နော်...

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

လေးစားခင်မင်လျှက်

WWKM

ဝမ်းသာမိပါတယ်.

အလည်လာကြတဲ့သူတွေအားလုံးပဲ မင်္ဂလာပါရှင်..
ဒီပို့စ်လေးကတော့ စိတ်ကူးပေါက်ရာ အစုံသုတ်ကလေးတွေရေးချင်လို့ ရေးဖြစ်လိုက်တာပါ...
အခုတလော ပို့စ်ရေးမယ်စိတ်ကူးမိတိုင်း ပျင်းနေတာနဲ့ဘာရေးရမယ်မှန်းမသိဘူး ၊ ခေါင်းစဉ်တွေကရှိနေပေမယ့် စာတွေကထွက်မလာတော့ မရေးတတ်တော့ပဲ မရေးဖြစ်ပဲဖြစ်နေလို့ ဆားတွေချက်နေတာပါ....
မောင်ဖြိုးနဲ့ မောင်မိုးသောက်ယံတို့ တက်ဂ်ထားကြတဲ့ ၀ါသနာဆိုတဲ့ Tag post လေးအတွက်တောင် ဘာရေးရမယ်မှန်းမသိဖြစ်နေလို့ ရေးနေရင်းတန်းလန်းပဲ ရပ်နားထားလိုက်ရပါတော့တယ်ရှင်..
အခုတလော.. စိတ်တွေလေနေတယ်... အရမ်းပျင်းနေတယ်.. စိတ်နဲ့လူနဲ့ မကပ်ဘူး... အမှားမှားအယွင်းယွင်းတွေ အကြိမ်ကြိမ်ရေးမိ ၊ လုပ်မိနေပြန်တယ်... စိတ်ကူးပေါက်လို့ သီချင်းလေးတင်လိုက်ပြန်တော့လည်း သီချင်းက တီးလုံးသံပါမနေဘူးတဲ့လေ.. ဘယ်လိုဖြစ်ပါလိမ့်... ကိုယ်နားထောင်တာတော့ပါနေသားပဲ... အဲဒါနဲ့ ရှက်ရှက်နဲ့ပဲ သီချင်းပို့စ်လေးကို ပြန်ဆေ့ဗ်လိုက်ရပါတယ်.... ရှက်လိုက်တာနော်.. အရမ်းပဲ... :D အသံမကောင်းလို့ တီးလုံးအကျယ်ကြီးနဲ့ အသံတိုးတိုးလေးဆိုထားပါတယ်ဆိုနေမှ တီးလုံးမပါပဲ အဆိုချည်းပဲကြားရတယ်ဆိုလို့ လန့်သွားလိုက်တာမှအရမ်း..ဟဟား.. စိတ်ညစ်ပါတယ်.. မပြောတော့ဘူး.....

ညီမလေးလုလုထံမှ စားစရာလက်ဆောင်လေးတွေပါ.. ဒါပဲမကပါဘူး.. တချို့တွေက စားပြစ်လို့ကုန်သွားပြီလေ.. ဓါတ်ပုံမရိုက်လိုက်ရဘူး။ )


ဒါနဲ့ ၀မ်းသာမိပါတယ် လို့ခေါင်းစဉ်လေးတပ်လိုက်တာက တကယ်ဝမ်းသာစရာလေးတွေ တွေ့ကြုံရလို့ပါ...
ဘလော့ဂါမောင်နှမလေးတွေ အွန်လိုင်းမှာတင်မဟုတ်ပဲ အပြင်မှာပါကျမအတွက် တကယ်အမှတ်တရရှိနေစေခဲ့လို့ ၀မ်းသာမိတာပါ... ဒီလထဲမှာပဲ ဘလော့ဂါညီမလေးလုလု နဲ့တွေ့ဆုံနိုင်ခဲ့ပြီး ညီမလေးလုလုထံမှ စားစရာတွေလက်ဆောင်ရခဲ့တဲ့ အတွက် ၀မ်းသာပျော်ရွှင်ခဲ့မိပါတယ် ညီမရေ.... စားစရာလက်ဆောင်လေးတွေလဲရ... လူချင်းလဲ အပြင်မှာတွေ့ဆုံခဲ့ရလို့ တကယ် ပျော်ရွှင်ခဲ့ရတာပါ.... ညီမလေးလုလု ကိုသွားတွေ့တော့ ညီမလေးမြရွက်ဝေ နဲ့အတူသွားခဲ့ကြတာလေ... နာမည်ကြီး ဘလော့ဂါမမနှစ်ယောက်ကို အပြင်မှာတွေ့ဆုံခင်မင်လိုက်ရလို့ တကယ်ပဲ ၀မ်းသာပျော်ရွှင်မိခဲ့ပါတယ်ရှင်...း) စားစရာလက်ဆောင်တွေအတွက် ကျေးဇူးအများကြီးတင်မိပါတယ် လုလု ရေ... မြန်မာပြည်ရောက်မှ ပြန်ဆုံကြမယ်နော်...

ပုလုကွေးထံမှ စားစရာလက်ဆောင်လေးတွေပါ.. ( ဓါတ်ပုံရိုက်တော့ ရက်စွဲမစစ်လိုက်ရလို့ ရက်စွဲမှားနေပါတယ်ရှင်.) :P


မနေ့တုန်းကတော့ ဘလော့ဂါကြီး မောင်ငယ် ပုလုကွေး ရဲ့သူငယ်ချင်းက ဂျပန်လာတာမို့ ပုလုကွေးထံမှလူကြုံနဲ့ပို့ပေးလိုက်တဲ့ စားစရာလေးတွေကို လက်ခံရရှိခဲ့လို့ ၀မ်းသာရပြန်ပါတယ်... ပုလုကွေးရဲ့လက်ဆောင်မုန့်တွေထဲမှာ အခုတလောအစ်မအရမ်းစားချင်နေတဲ့ “ရွှေပုဇွန်မလိုင်မုန့်”လေး ပါလာတာနဲ့တင်ပဲ အရမ်းကျေးဇူးတင်မိပါတယ် ပုလုကွေးရေ.... အိမ်ရောက်တာနဲ့ ရွှေပုဇွန်မလိုင်မုန့်ကို အရင်ဆုံးစားဖြစ်လိုက်တာ တစ်ထိုင်တည်း ကုန်သွားပါလေရောလေ.... ဦးဥာဏ်အတွက် တစ်ခုပဲဦးချပြီးဖယ်ထားပေးလိုက်တယ်လေ... ဦးဥာဏ်ပြန်လာပြီး ဦးဥာဏ်ကို ကျွေးတော့ ဦးဥာဏ်က ကျမ အရမ်းကြိုက်မှန်းသိတော့ တစ်ကိုက်ပဲကိုက်ပြီး “အမီးပဲစားပါ”တဲ့...အဟားးး.. သမီးလေးကတော့ မုန့်က အီတယ်ဆိုပြီး မကြိုက်ဖူးတဲ့လေ.... ကျမပဲ အ၀စားလိုက်ရတာပေါ့... အရမ်းကောင်းတာပဲ.. ကျမက အချိုအရမ်းကြိုက်တာလေ.... အခုစားချင်နေတာတွေက မြန်မာပြည်က မလိုင်လုံးရယ်... ရွှေပုဇွန်မလိုင်မုန့်ရယ်... ကုလားမုန့်ရယ်.. အရမ်းစားချင်နေတာပါ....

လူကြုံမုန့်တွေသယ်လာပေးတဲ့ ပုလုကွေးရဲ့သူငယ်ချင်းညီမလေးကို ကျေးဇူးအရမ်းတင်ကြောင်းပြောပြီး အိန္ဒိယဆိုင်မှာ ဒံပေါက်အတူစားဖြစ်ခဲ့ကြပါတယ်.. သမီးလေးကလဲ မနေ့တုန်းကစပြီး ကျောင်းပိတ်ပြီမို့ သမီးလေးနဲ့ အတူတူသွားခဲ့ကြတာပါ...သမီးလေးကျောင်းက နောက်လ ၇ ရက်နေ့မှ ပြန်ဖွင့်မယ်လေ... ကျောင်းပြန်ဖွင့်ရင် သမီးလေးက ဂျပန်ဒုတိယကျောင်းကို တက်ရပါတော့မယ်.....မောင်ငယ်ပုလုကွေးရဲ့ သူငယ်ချင်းညီမလေးကလည်း အရမ်းသဘောကောင်းပြီး ချစ်စရာတကယ်ကောင်းပါတယ်... ညီမလေးက နောက်လ၃ရက်နေ့မှာ မြန်မာပြည်ပြန်တော့မှာမို့ မောင်ငယ်ပုလုကွေးအတွက်လည်း ဂျပန်ပြည်မှ အမှတ်တရလက်ဆောင်လေးတွေ ပြန်ထည့်ပေးလိုက်ပါတယ် မောင်လေးရေ...( Memo စာအုပ်ကလေးတွေ ၊ဘောလ်ပင် နဲ့ တခြား လက်ဆောင်အနည်းငယ်ပါပဲ.)... ဂျပန်ပြည် အမှတ်တရပေါ့ ပုလုကွေးရေ... အစ်မကို အစ်မကြီးတစ်ယောက်လို ခင်ခင်မင်မင်နဲ့ သတိတရရှိလို့ ၀မ်းလည်းသာမိပါတယ်.. ကျေးဇူးလည်းတင်မိပါတယ်နော်... ပုလုကွေးထည့်လာပေးတဲ့ မုန့်လေးတွေကို ကြွားလိုက်ပါဦးမယ်.. မြန်မာစားသောက်စရာတွေနဲ့ ဝေးနေတဲ့အစ်မတို့အတွက်တော့ ဒီမုန့်လေးတွေဟာ တန်ဖိုးထားပြီးကြွားစရာလေးတွေဖြစ်ပါတယ်ကွယ်... အချဉ်ထုတ်ကလေးတွေနဲ့ နေကြာစေ့ထုတ်ကလေးတွေကို တော့ နှမျောလို့ မစားရသေးဘူးလေ... :D ကျေးဇူးအများကြီးတင်မိပါတယ်နော်....


အရမ်းကြိုက်တဲ့ ရွှေပုဇွန်မလိုင်မုန့်


ပျော်ရွှင်ချမ်းမြေ့ကြပါစေ.


လေးစားစွာနဲ့

WWKM

Thursday, March 26, 2009

ယနေ့ဂျပန်

1946 August 6 .... ဟီရိုရှီးမား နဲ့ နဂစကီ




Today Japan

























With regards,

WWKM

Wednesday, March 25, 2009

Growing up

မင်္ဂလာပါရှင်..
သမီးလေးရဲ့ ဓါတ်ပုံလေးများနဲ့ ငံပြာရည်ချက်လိုက်ပါတယ်နော်. :D
ဆားချက်တာတွေများနေလို့ ငံပြာရည်ပဲချက်လိုက်တာပါ.
*************************************
၂၀၀၅ ခုနှစ်..
ဂျပန်ရောက်စသမီးလေး
ကျောင်းမနေရသေးတော့ ကွန်ပြူတာဆော့နေတာလေ..း)
သမီးလေးက မွေးခါစက ဆံပင်ပါးပါးလေးရယ်.. ယောင်္ကျားလေးနဲ့တူတယ်လေ. ဂတုံးလေးပေါ့..





*******************************************




၂၀၀၆ ခုနှစ်*****

























၂၀၀၇ ခုနှစ်

အမှတ်တရ..








၂၀၀၇ ခုနှစ်

လေယာဉ်ကွင်းမှာ မြန်မာပြည်အလည်ပြန်စဉ်


















၂၀၀၈ ခုနှစ်...










၂၀၀၉ ခုနှစ်
အမှတ်တရ..


ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

လေးစားခင်မင်လျှက်

WWKM

Saturday, March 21, 2009

လွမ်းမိပြန်တယ် အမိမြေကို



အရိုးခိုက်အောင်ချမ်းတဲ့ ဂျပန်ဆောင်းရောက်တော့...
ချွေးတပြိုက်ပြိုက်ကျအောင်ပူတဲ့ မြန်မာပြည်ကိုလွမ်းမိပြန်တယ်.....

ချမ်းလွန်းလို့ Heater ဖွင့်ပြီးအိပ်ရတဲ့ ဒီအချိန်တွေမှာ....
ပူလွန်းလို့ Aircon ဖွင့်ပြီးအိပ်နေစဉ်... အမိမြေမှာ.... ရုတ်တရက်မီးပြတ်သွားတော့ ....
ဖျာကိုဆွဲ အောက်ထပ်ကိုပြေးပြီး..
သံမန်သလင်းပေါ်မှာ ဖျာခင်းပြီးအိပ်ခဲ့ရတဲ့နေ့လေးတွေကို သတိရမိပြန်ရော.....

ဆောင်းရာသီမှာ ရေကန်အပြည့်ရေနွေးထည့်ပြီး...
ရေပူစိမ်တဲ့ အချိန်ရောက်လေတော့....
သြော်..တို့မြန်ပြည်မှာ မီးပြတ်ရင် ရေမလာလို့ ရေအေးအေးလေးကို မလောက်မငချိုးရတဲ့ ဘ၀လေးကို လွမ်းမိပြန်လေရဲ့......

မနက်စောစောအိပ်ရာထရင် မုန့်ဟင်းခါးစားမလား....
အုန်းနို့ခေါက်ဆွဲစားမလား...
ရှမ်းခေါက်ဆွဲစားမလား ....
ဒင်ဆမ်းစားမလား.....
အီကြာကွေးနဲ့ နံပြားထောပတ်သုတ်လေးပဲစားမလား....
“၀မ်းတီး ချိုဆိမ့်”အော်မှာပြီးသောက်မလား.....
စားစရာတွေ ၊သောက်စရာတွေ တို့မြန်ပြည်ရဲ့လမ်းဘေးဆိုင်တွေမှာအပြည့်ရှိပေမယ့်.....
ဒီမှာတော့ ၂၄ နာရီအပြည့်ဖွင့်တတ်တဲ့ ပေါ့ရွှတ်ရွှတ်ဆိုင်တချို့ကလွဲရင်....
မနက်ဆိုရင် ၁၀နာရီထိုးမှစားသောက်ဆိုင်တွေဖွင့်တတ်ကြတော့......
သနားမိပါတယ်...ကိုယ့်ကိုယ်ကို.......
လွမ်းမိပြန်တယ် အမိမြေကို...... ********


(ဒီမနက်စိတ်ကူးပေါက်လို့ ကောက်ရေးလိုက်မိပါတယ်...
ကဗျာလဲ မဟုတ်..စာလဲမဟုတ်ပေါ့....ဘာကိုမှန်းမသိဘူး စိတ်မအီမလည်ဖြစ်နေလို့....စိတ်ထွက်ပေါက်ရှာလိုက်တာပါ...
ဘာပဲဖြစ်ဖြစ် စိတ်ထဲတော့ နည်းနည်းပေါ့သွားတာအမှန်ပါပဲ....)

ဖတ်ပေးလို့ ကျေးဇူးအနန္တပါ....

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Friday, March 20, 2009

မှားပါတယ်...



မင်္ဂလာပါရှင်..
မနေ့တုန်းက ဦးဥာဏ်တို့ကျောင်းပါတီကိုသွားတော့ ဆရာဝန်မချောချောလေးတစ်ယောက်နဲ့တွေ့ပါတယ်.... ကျမက သူမကိုမြင်မြင်ချင်း ကိုးရီးယားသူလေးဖြစ်မယ်လို့ ထင်လိုက်မိတာလေ... ဦးဥာဏ်က မိတ်ဆက်ပေးတော့မှ ဘရာဇီးလ်သူဖြစ်မှန်းသိရပါတယ်..
ဘရာဇီးလ်သူလို့ ဦးဥာဏ်ကမိတ်ဆက်ပေးတော့မှ.. ကျမက အယ်...ဘရာဇီးလ်သူတွေဆိုတာ ရော်နယ်ဒင်ဟို တို့ ရော်နယ်ဒိုတို့လို အသားမဲမဲ သွားနဲနဲခေါခေါလေးတွေပဲဖြစ်မယ်လို့ တွေးနေခဲ့တာလေ..ဟီးးး မှားပါလေရော....


ဘရာဇီးလ်သူ ဆရာဝန်မလေးပက်ထရစ်ရှာက ကိုးရီးယားမင်းသမီးလေးလို အရမ်းချောတာပါပဲ... ဦးဥာဏ်ကိုလဲ အရမ်းခင်တဲ့ပုံပဲ... တကယ်ပါ..ကျမက ဘရာဇီးလ်သူတွေ ဒီလောက်ချောလိမ့်မယ်လို့ကို ထင်မထားခဲ့တာပါ...အခုတော့ ချောလိုက်တာမှ မိန်းကလေးဖြစ်တဲ့ ကျမတောင် တစိမ့်စိမ့်ငေးယူရပါတယ်.... မျက်နှာကျပုံလေးကအစ မျက်နှာမှာ ဘာမှမလိုအပ်အောင်ကို ဆွဲဆောင်မှုရှိလှပလွန်းတာပါ။ကျမက သူမကို အရမ်းချောတာပဲလို့ အကြိမ်ကြိမ်ပြောမိပြီး ဓါတ်ပုံတွေတွဲရိုက်ဖြစ်ခဲ့ကြပါတယ်....

တကယ်တော့ ကျမကလည်း ဗဟုသုတနဲခဲ့တာပါ... ပထရစ်ရှာလေးချောလို့ ဘရာဇီးလ်အကြောင်းစိတ်ဝင်စားမိပြီး စာအုပ်ထဲမှာရှာဖတ်တော့မှ ဘရာဇီးလ်ဆိုတာ ရေကြည်ရာ မြက်နုရာရှာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံလေးဖြစ်ပြီးတော့ ဥရောပအနွယ်တွေဖြစ်တဲ့ ပေါ်တူဂီ ၊ စပိန် ၊ အီတလီ ၊ဂျာမဏီ စတဲ့လူမျိုးတွေက ဘရာဇီးလ်လူဦးရေ သန်း ၁၈၈ မှာ ၅၅ ရာခိုင်နှုန်းလောက် ပါဝင်နေကြတာဖြစ်ပြီးတော့ အသားအညိုရောင်က ၃၈ ရာခိုင်နှုန်းသာပဲ ရှိကြောင်းသိရှိရပါတယ်... ကျမထင်သလို ဘရာဇီးဘောလုံးသမား ရော်နယ်ဒို တို့ ရော်နယ်ဒင်ဟို တို့လို အသားမဲမဲ သွားခေါခေါလေးတွေကြီးပဲ မဟုတ်ပါဘူး။ ဟီးးး


သမီးလေးနဲ့ ဘရာဇီးလ်သူ ဆရာဝန်မလေးပက်ထရစ်ရှာတို့အမှတ်တရ


ဘာရယ်မဟုတ်... ကျမက ဘရာဇီးလ်သူ ဆရာဝန်မလေး ပက်ထရစ်ရှာကိုတွေ့ပြီး ချစ်ခင်မိလို့ အမှတ်တရ ပို့စ်လေးတစ်ခုရေးဖြစ်လိုက်ပါတယ်ရှင်....

ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Tokyo Medical & Dental University's graduation party



မင်္ဂလာပါရှင်...
ဒီနေ့ ဦးဥာဏ်တို့ကျောင်းမှာ ပါတီရှိလို့သွားကြတယ်လေ...နိုင်ငံခြားသားတွေအတွက် သီးသန့်ပြုလုပ်ပေးတဲ့ Graduation party ပါ... မိသားစုတွေပါတက်ခွင့်ရှိတာမို့ ကျမတို့ပါတီတက်ကြတာ ဒီနှစ်နဲ့ဆို ၄ကြိမ်ရှိနေပါပြီ.... ပထမနှစ်တွေက ဘွဲ့ယူတဲ့မြန်မာဆရာဝန်တွေ တစ်နှစ်တစ်ဦးရှိနေပေမယ့် ဒီနှစ်ကတော့ ဘွဲ့ယူတဲ့အထဲမှာ မြန်မာပြည်ကတစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ အကြောင်းက မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေ မလွှတ်တော့တဲ့အတွက် မြန်မာကျောင်းသားက မရှိသလောက်ကိုပဲ ဖြစ်သွားခဲ့ပါပြီ....

ဒီနှစ်ဘွဲ့ယူတဲ့အထဲမှာ တရုပ် နဲ့ ထိုင်းက ကျောင်းသားတွေက အများဆုံးပညာတော်သင်လာကြတာမို့ Tokyo Medical & Dental university ( TMDU) မှာ တရုပ်ပညာတော်သင်ကျောင်းသားတွေ ၊ ထိုင်းကလာတဲ့ပညာတော်သင်ကျောင်းသားတွေ တော်တော်လေးများပါတယ်ရှင်... မြန်မာပြည်က တစ်နှစ်တစ်ယောက်နှုံးလောက်ဘွဲ့ယူနေခဲ့ချိန်မှာ ထိုင်းနဲ့ တရုပ်က နှစ်စဉ်ဘွဲ့ယူတဲ့ ကျောင်းသူ ၊ကျောင်းသားတွေ ၅ ယောက်စီခန့်ရှိနေပါတယ်.. မနှစ်တုန်းကဆိုရင် ထိုင်းကဘွဲ့ယူကြရတာ ၁၀ယောက်ခန့်ရှိနေခဲ့ပါတယ်..
အားကျစရာကြီးပါပဲရှင်.... တော်တော်များများဟာ ဆရာဝန်တွေဖြစ်ကြတာမို့ သူတို့တွေကိုကြည့်ရတာ တော်တော်လေးအားကျစရာကောင်းပါတယ်...

နောက်နှစ် ဒီလိုအချိန်ဆိုရင်တော့ ဦးဥာဏ်လဲဘွဲ့ယူရတော့မှာပါ... မြန်မာပြည်ကြီးကိုလွမ်းနေပြီလေ.... ဘွဲ့ရပြီးတော့ မြန်မာပြည်ပြန်ကြရတော့မှာမို့ ပျော်သလိုလို ၊ ၀မ်းနည်းသလိုလိုကြီးခံစားရပါတယ်... ဘာပဲဖြစ်ဖြစ် နေရထိုင်ရတာ အဆင်ပြေတဲ့ ဂျပန်ပြည်ကြီးကိုတော့ လွမ်းနေဦးမှာ အသေအခြာပဲဖြစ်ပါတယ်ရှင်...

ကဲ... ဘွဲ့နှင်းသဘင်ပါတီအခမ်းအနားမှာကျွေးတဲ့ အစားအစာတွေကို မောင်နှမတွေကို ကျွေးဘို့အများကြီးသယ်လာခဲ့ပါတယ်နော်... သုံးဆောင်သွားကြပါဦး။း)







































ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Thursday, March 19, 2009

အချစ်နဲ့ ရွေးချယ်မှု .၂



အချစ်နဲ့ ရွေးချယ်မှု.၂ မှာကတော့ ကျမရဲ့ပတ်ဝန်းကျင်မှ ကျမရဲ့အစ်မတွေ ၊ ညီမတွေအကြောင်းရေးသားတင်ပြသွားပါမယ်ရှင်....

ကျမမှာ အစ်မရင်းတစ်ယောက်လိုချစ်တဲ့ မမတစ်ယောက်ရှိပါတယ်....
ကျမက မမကိုသိတ်ချစ်ပါတယ်...မမကရုပ်ကလေးကလဲ အရမ်းချောပြီး ၊သဘောကလည်းကောင်းတယ်လေ... ပညာလဲတတ်တော့ မမမှာ ချစ်တဲ့သူတွေဝိုင်းဝိုင်းလည်နေခဲ့တာပေါ့....ကျမအိမ်ထောင်မကျခင်ကတည်းက မမနဲ့တွေ့ဆုံခင်မင်ခဲ့ရတာဆိုတော့ မမအကြောင်းကို ကျမတော်တော်သိခဲ့ရတယ်.. မမကလည်းကျမကို ညီမလေးတစ်ယောက်လိုချစ်ပြီး သူနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ရှာခဲ့တတ်ပါတယ်....တစ်ခုက မမက ပညာတတ်ပြီးရုပ်ချောတော့ မာနကြီးတယ်လေ....အလွှာပေါင်းစုံက အစ်ကိုတွေသူ့ကို ချစ်ကြပေမယ့် မမကတော်တော်လေး စဉ်းစားခဲ့ပါတယ်......သူ့ကိုကြိုက်ကြတဲ့သူတွေကို သူလုံးဝပြန်မကြိုက်ခဲ့ဘူး။ ကိုယ်တိုင်စီးပွားရေးတစ်ခုကို ဦးဆောင်လုပ်နေခဲ့သူဆိုတော့ တော်ရုံယောကျာင်္းလေးကိုသူခေါင်းထဲ မထည့်ခဲ့တာပါ။ ကျမလဲ တော်တော်လေးအံ့သြခဲ့ရပါတယ်..... ဒါပေမယ့် ဖြစ်ချင်တော့ အဲလိုချစ်တဲ့သူတွေဝိုင်းဝိုင်းလည်ပြီး မာနကြီးခဲ့တဲ့မမဟာ မမစီးပွားရေးလုပ်နေတဲ့ ရပ်ကွက်ထဲက အလုပ်အကိုင်မရှိပဲ ရုပ်လေးအသင့်အတင့်ရှိတဲ့ကောင်ကလေးတစ်ယောက်နဲ့ ချစ်သွားခဲ့ပါတယ်... ကျမနဲ့ တကွ မိဘဆွေမျိုးတွေ ဘယ်လိုဖျက်ဖျက် အဲဒီကောင်လေးကို လုံးဝမပြတ်နိုင်ခဲ့ပါပဲ လက်ထပ်လိုက်ကြပါတယ်......မမရဲ့ မင်္ဂလာဆောင်ကို ကျမသွားခဲ့ပါတယ်......
မင်္ဂလာဆောင်ကိုလဲ မမကိုယ်တိုင်ကပဲ ခမ်းခမ်းနားနားလေးကျင်းပခဲ့တာပါ။ ကောင်ကလေးဘက်က စီးပွားရေးက လုံးဝအဆင်မပြေခဲ့ဘူးလေ...

ဒီရွေးချယ်မှုလေးကိုတော့ ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ပါဘူး။ မမ မှာ အဲဒီလူနဲ့ပဲအိမ်ထောင်ကျဘို့ ဖူးစာပါလာလို့ လို့ပဲအလျော့ပေးတွေးလိုက်ရပါတော့တယ်......ကျမ မမကိုအရမ်းနှမျောခဲ့ပါတယ်.... ရုပ်အရမ်းချောပြီး ထက်မြက်တဲ့မမကို ထက်မြက်တဲ့ အစ်ကိုကြီးတစ်ယောက်နဲ့ တကယ်အိမ်ထောင်ကျစေချင်ခဲ့တာပါ။ ဒါပေမယ့် မမက အချစ်တစ်ခုတည်းကိုပဲ ဦးစားပေးပြီးရွေးချယ်သွားခဲ့ပါတယ်... တစ်ခုက မမက အရမ်းထက်တော့ သူကသူ့ထက်သာတဲ့အိမ်ထောင်ဘက်ကို မရယူလိုခဲ့ပါဘူး။သူကသာ အနိုင်ရမယ့် အိမ်ထောင်ဘက်မျိုးကိုရွေးချယ်လိုခဲ့တာလဲပါပါတယ်..... အခု မမနဲ့ အိမ်ထောင်ကျတဲ့ မမရဲ့အမျိုးသားက မမထက်အသက် ၈နှစ်လောက်ငယ်ပြီး မမကိုတော့ တော်တော်လေးချစ်ရှာပါတယ်... မမရဲ့စီးပွားရေးမှာ ဘေးကနေလိုအပ်တာ ၀င်ရောက်လုပ်ကိုင်ဖြည့်ဆည်းပေးနေတာပေါ့.....

အရင်က စစချင်းကြည့်ရတာတော့ အစ်မကလည်း အစ်မအမျိုးသားကို တော်တော်လေးနိုင်ပြီး ဟိုဟာလုပ်ခိုင်းလိုက် ၊ ဒီဟာလုပ်ခိုင်းလိုက်နဲ့ သူ့ရဲ့အမျိုးသားက သူ့ရဲ့လက်တိုလက်တောင်းလိုတောင်ဖြစ်နေခဲ့တာပါ။ အခုမှသာ ကျမတို့က ၀ိုင်းပြောကြလွန်းလို့
ကိုယ်ကြိုက်လို့ ကိုယ်ယူထားပြီးမှ ကိုယ့်အမျိုးသားကို လူရှေ့မှာလေးလေးစားစားဆက်ဆံဘို့ မကြာခဏပြောမှ အခုဆိုမောင်တစ်ထမ်း မယ်တစ်ရွက်ပုံစံမျိုးနဲ့ အစ်မရဲ့စီးပွားရေးတွေမှာ ၀င်ရောက်စီမံခိုင်းလာစေခဲ့ပါတယ်......

မမက ဖြစ်ချင်တော့ အိမ်ထောင်ကျပြီးမှ စီးပွားရေးကအဆင်မပြေပဲဖြစ်သွားခဲ့ပါသေးတယ်...၃ ၊၄ နှစ်လောက်ကို မမကပဲဦးဆောင်ပြီး အိမ်စီပွားရေးအတွက် ကြိုးစားစီစဉ်ခဲ့ရတာပါ။ မမရဲ့ အိမ်ထောင်ဘက်ကတော့ သူနဲ့မသက်ဆိုင်သလိုပဲ မမလုပ်ခိုင်းတာမှ သူလုပ်တတ်ခဲ့တာပါ။ အိမ်ရဲ့စီးပွားရေးမှန်သမျှကို မမကပဲဦးဆောင်ဖြေရှင်းခဲ့ရပြီး ကျမကလည်း မမတို့ စီပွားရေးလုပ်ဖို့ အရင်းအနှီးအတွက် တတ်နိုင်သလောက်ငွေလေးတွေထောက်ပံ့ခဲ့ရပါသေးတယ်.... အဲဒီအချိန်က တော်တော်လေး အခြေပျက်ခဲ့တဲ့မမကို လွန်ခဲ့တဲ့ ၄နှစ်လောက်ကစပြီး စီးပွားရေးအဆင်ပြေလာတာတွေရတော့ ကျမအရမ်းဝမ်းသာမိခဲ့ပါတယ်..... အဲဒါတွေအားလုံးဟာ မမရဲ့ကြိုးစားမှုကြောင့်သာဖြစ်ခဲ့ရတာပါ။ အခုဆိုရင်တော့ မမရဲ့အိမ်ထောင်ဖက်က မမကိုတဖက်တလမ်းက ၀ိုင်းဝန်းကူညီထောက်ပံ့နေနိုင်ခဲ့ပါပြီ။ သားနှစ်ယောက်ရရှိပိုင်ဆိုင်နေပြီဖြစ်တဲ့ မမကို စီးပွားရေးအဆင်ပြေလာတာတွေ့ရတော့ ကျမအရမ်းဝမ်းသာမိခဲ့တာပါ။ သူဟာ ကျမရဲ့မမ အရင်းအတိုင်းပါပဲလေ... အခုဆိုရင်မမဟာ သူ့ကလေးတွေကိသူု့အမျိုးသားနဲ့ထားပြီး နိုင်ငံခြားကိုထွက်လာပြီး နိုင်ငံခြားအလုပ်တွေနဲ့ ဆက်သွယ်လာနိုင်ပါတယ်.....ကိုယ်ပိုင်အလုပ်ကတော့ မြန်မာပြည်မှာပါ။မမအတွက် ကျမဂုဏ်ယူမိနေပါတယ်.....မမရေ..

မမချစ်သောသူနဲ့ မမရဲ့မိသားစုဘ၀ကို ပျော်ရွှင်စရာတွေတလှည့် ၊စိတ်ညစ်စရာတွေတလှည့်နဲ့ မမ ရင်ဆိုင်ဖြေရှင်းသွားနိုင်ခဲ့ပြီး အခုဆိုရင် အောင်မြင်တဲ့မိသားစုဘ၀ကို တည်ဆောက်နေနိုင်တာမို့ ကျမအရမ်းဝမ်းသာဂုဏ်ယူမိနေပါတယ် မမရေ.......
တစ်သက်လုံးပဲ မမချစ်သော မိသားစုလေးနဲ့ အဆင်ပြေပျော်ရွှင်သော ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ လို့ ကျမဆုတောင်းပေးနေမိပါတယ်..

နောက်တစ်ယောက်ကတော့ ကျမရဲ့ညီမလေးအရင်းလိုချစ်ရပါသော ညီမလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်.....
ညီမလေးရဲ့နာမည်က မိုင်းမိုင်တဲ့လေ....ကျမက သူမကိုလဲ ညီမလေးတစ်ယောက်လို အလွန်ချစ်ပါတယ်.... ညီမလေးကလဲတော်တော်ချောတယ်... မိဘတွေကလဲ ပိုက်ဆံရှိကြတော့ ညီမလေးမှာချစ်တဲ့သူတွေ ၀ိုင်းဝိုင်းလည်နေခဲ့တာပေါ့.... တက္ကသိုလ်တက်တော့လဲ ညီမလေးက Queen ရဘူးတယ်လေ..... ချစ်သူတွေ ၀ိုင်းဝိုင်းလည်ပြီး အသက်ငယ်ရွယ်ပေမယ့် ညီမလေးမှာလဲ အချစ်နဲ့ပတ်သက်ရင် မာနလေးတော့ရှိခဲ့ပါတယ်....လိုက်တိုင်းမကြိုက်ခဲ့ဘူးပေါ့။ညီမလေး တက္ကသိုလ်တက်နေတဲ့ အချိန်မှာပဲ ညီမလေးကိုပညာတတ်အင်ဂျင်နီယာတစ်ယောက်မိဘတွေက ကမ်းလှမ်းလာခဲ့ကြတယ်လေ.....ညီမလေးက ငယ်ပေမယ့် ဘ၀အတွက် စဉ်းစားတွေးခေါ်တတ်ခဲ့ပါတယ်...လူကြီးတွေကလည်း အတင်းစီစဉ်ကြတာမဟုတ်ပဲ လူငယ်နှစ်ယောက်ကို အပြင်မှာတွေ့ဆုံရင်းနှီးစေခိုင်းပြီးမှ ညီမလေးရဲ့သဘောကိုဆုံးဖြတ်ခိုင်းစေခဲ့တာပါ။ညီမလေးကလဲ အလွန်တော်ပါတယ်... ကမ်းလှမ်းလာတဲ့ဘက်က အစ်ကိုကြီးကို အရင်တွေ့ဆုံကြပြီး သူမကချစ်နိုင်ခဲ့မှ လက်ထပ်ဖို့လက်ခံခဲ့တာပါ။ အစ်ကိုကြီးက ညီမလေးထက် အသက်တော့ ၁၀နှစ်လောက်ကြီးပါတယ်.... ဒါပေမယ့် သဘောထားတော်တော်လေးပြည့်ဝတဲ့သူဖြစ်တာမို့ ညီမလေးကလဲ ချစ်မိသွားပြီး လက်ထပ်ဖို့ကိုလက်ခံခဲ့ခြင်းပဲဖြစ်ပါတယ်......

အခုဆိုရင် ကျမချစ်သော ညီမလေးနဲ့မိသားစုဟာ ဂျပန်မှာရှိနေကြပါတယ်....ကလေးလေးတောင်နှစ်ယောက်ရှိနေပြီလေ.. အစ်ကိုကြီးကလဲ အရမ်းရိုးသားပြီး ဘာဖြစ်ဖြစ်ညီမလေးသဘောမို့ ညီမလေးအလွန်ကံကောင်းပါတယ်... အိမ်ထောင်ဖက်ရွေးချယ်တာလဲ အလွန်တော်ပါတယ်..... ညီမလေးအပေါ် ညီမလေးရဲ့အမျိုးသားက ၊ အစ်ကိုတစ်ယောက်လို ၊အိမ်ထောင်ဖက်ကောင်းတစ်ယောက်လို အမြဲ အလေးပေးပြီးဆက်ဆံနေတာတွေ့နေရတော့ ညီမလေးတို့အိမ်ထောင်ရေးဟာလဲ သာယာပျော်ရွှင်တဲ့ စံပြအိမ်ထောင်လေးတစ်ခုဖြစ်လို့နေပါတယ်ရှင်..........

အမြဲတမ်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်လေးတစ်ခုကို ဆက်လက်ဖန်တီးပျော်ရွှင်နိုင်ပါစေလို့ မမဆုတောင်းပေးနေပါတယ် ချစ်သောညီမလေးရေ......

မတူညီတဲ့ ရွေးချယ်မှုလေးနှစ်ခုနဲ့ မတူညီတဲ့ အိမ်ထောင်ဖက်လေးတွေကို ကျမရဲ့ အစ်မတစ်ယောက်လိုချစ်တဲ့ မမ နဲ့ ညီမလေးတစ်ယောက်လိုချစ်တဲ့ ညီမလေးမိုင်းမိုင်တို့မှာ စာဖတ်သူတွေ တွေ့ရှိရမှာဖြစ်ပါတယ်ရှင်.... ဘယ်လို အိမ်ထောင်ရေးမျိုးက အတုယူအားကျစရာကောင်းမယ်လို့ ထင်ကြပါသလဲရှင်....

ပျော်ရွှင်ချမ်မြေ့ကြပါစေ...

အားလုံးကိုလေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Wednesday, March 18, 2009

အချစ်နဲ့ ရွေးချယ်မှု .၁



မင်္ဂလာပါရှင်....
အခုတလော နေရာတိုင်းမှာ အချစ်အကြောင်းလေးတွေ ခေတ်စားနေကြလို့ ကျမသိသော မိန်းကလေးတွေရဲ့ အချစ်နဲ့ ရွေးချယ်မှုလေးတွေ အကြောင်း နဲနဲပြောပြချင်ပါတယ်....

ဒီပို့စ်လေးကတော့ မိန်းကလေးတိုင်းအတွက် ဟုတ်ချင်မှ ဟုတ်နိုင်ပါမယ်...ဒါပေမယ့် ကျမ နဲ့ ကျမသူငယ်ချင်းလေးတွေရဲ့ အမှန်အကန် အချစ်နဲ့ ရွေးချယ်တတ်မှု အကြောင်းလေးတွေပဲ ဖြစ်ပါတယ်....

ကျမတက္ကသိုလ်တက်စဉ်အချိန်က မေဂျာမတူတဲ့သူငယ်ချင်း၃ဦးဖြစ်တဲ့ ကျမတို့သူငယ်ချင်း၃ဦးဟာ အဆောင် ၃ယောက်ခန်းမှာ အတူနေဖြစ်ခဲ့ကြပါတယ်....မေဂျာသာကွဲကြပြီး တစ်မြို့တည်းအတူနေကြတဲ့သူတွေမို့ အလွန်ရင်းနှီးခဲ့ကြပါတယ်...အဆောင်အတူတူရှာပြီး ၃ယောက်ခန်းကို အတူတကွငှားပြီး အတူနေခဲ့ကြခြင်းပဲဖြစ်ပါတယ်...

ကျမတို့ သူငယ်ချင်း၃ယောက်ဟာ ပြောမနာ ဆိုမနာတွေဖြစ်ကြပြီး အဲဒီတုန်းက ငယ်ရွယ်သူတွေဖြစ်ခဲ့တဲ့မို့ အားလပ်ရက်တွေမှာ အချစ်အကြောင်းလေးတွေ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်....

သူငယ်ချင်းဟေမာက ကျမကို မေးခဲ့ပါတယ်... “၀ါဝါ ချစ်သူထားမယ်ဆိုရင် ဘယ်လိုအဆင့်အတန်းရှိတဲ့သူကို ရွေးချယ်မလဲ ”တဲ့....
အင်း..သူငယ်ချင်းဟေမာ မေးမှပဲ ကျမလဲသေခြာစဉ်းစားဖြစ်ခဲ့ပါတယ်....ကျမရဲ့ စိတ်ကူးထဲကချစ်သူလား မပြောချင်ပါဘူးနော်...လူဆိုတာ မှန်းထားပေမယ့် ဖူးစာရှင်ဆိုတာ ဂျိုမပါလေတော့ ဘယ်လိုလူမျိုးကို အရမ်းချစ်မိပြီး ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ကျမယ်ဆိုတာကို ကြိုတင်မှ မပြောနိုင်ကြတာလေ.....ဒါပေမယ့် ကျမရဲ့ အချစ်နဲ့ပတ်သက်ခဲ့တဲ့ စိတ်ကူးကလေးဖြစ်တဲ့
“ ငါ ..ဘယ်တော့မှ မရှုတ်မပွေဘူး... ဖြစ်နိုင်မယ်ဆိုရင် ငါကတကယ်ချစ်လို့ ချစ်တယ်လို့ အဖြေပေးမယ့်သူဟာ ငါ့ဘ၀အတွက် ငါ့အိမ်ထောင်ဘက်ပဲဖြစ်ရမယ် ၊ ဖြစ်ချင်တယ်” လို့ သူငယ်ချင်းနှစ်ဦးကိုပြောပြခဲ့မိပါတယ်..... ဟေမာက ကျမကိုမေးတဲ့ “ဘယ်လိုအဆင့်အတန်းရှိတဲ့သူကိုရွေးချယ်မလဲ ”ဆိုတာကိုတော့ အဖြေမပေးသေးပဲ ဝေ့လည်ကြောင်ပတ်နဲ့ သူငယ်ချင်း ၂ယောက်ကို အရင်ပြန်မေးဖြစ်ခဲ့ပါတယ်....“ဟေမာ နဲ့ ဝေ တို့ဆိုရင်ရော ဘယ်လိုအိမ်ထောင်ဘက်မျိုးကိုရွေးချယ်ကြမလဲ ဆိုတာကိုအရင်ပြောပြ... ပြီးမှ ၀ါဝါပြောမယ်”ဆိုတော့.....

သူငယ်ချင်းဟေမာ နဲ့ ဝေ တို့ရဲ့အဖြေလေးတွေက.....

ဟေမာ said....

“ဟေမာကတော့ ပိုက်ဆံရှိတဲ့သူကိုပဲရှာယူမယ်....ဟေမာ့ရဲ့မိဘတွေကို ကောင်းကောင်းထားချင်တယ် ..ကျေးဇူးပြန်ဆပ်ချင်တယ်...ပိုက်ဆံမရှိတဲ့အချစ်နဲ့ အိမ်ထောင်ရေးဆိုတာ ဟေမာ့အတွက် အဆင်ပြေနိုင်မှာမဟုတ်ဖူး...ဟေမာက ကောင်းကောင်းစားချင်တယ်...ကောင်းကောင်းဝတ်ချင်တယ်.... ဒါကြောင့်မို့ ဟေမာက ပိုက်ဆံရှိတဲ့သူကိုပဲရွေးချယ်နိုင်မယ်..... ပိုက်ဆံမရှိရင် အချစ်ဆိုတာကို မစဉ်းစားတော့ဘူး” တဲ့လေ... သူငယ်ချင်းဟေမာ ရဲ့စကားကို အခုအထိမှတ်မိနေပါသေးတယ်...

သူငယ်ချင်း ဝေ ကတော့ အေးအေးဆေးဆေးလေးနေတတ်ပြီး သူ့မှာက အဲဒီအချိန်မှာကတည်းက လက်ရှိချစ်သူရှိနေခဲ့ပါတယ်.... ဝေကအေးသလောက် သူ့ချစ်သူကောင်ကလေးက ပွေလွန်းရှုတ်လွန်းတာ နာမည်ကြီးမို့လို့ ဝေ့မိဘတွေကလည်း ကောင်ကလေးနဲ့ လုံးဝ သဘောမတူကြသလို ဝေ့ကိုလဲ သူငယ်ချင်းတွေက ကောင်လေးပွေရှုတ်ကြောင်းတွေပြောပြီး ပြတ်စေချင်ကြခဲ့ပေမယ့် သူငယ်ချင်းဝေရဲ့ ရွေးချယ်မှုကတော့ “ ဝေ က ဝေ့ကောင်လေးကို အရမ်းချစ်တယ်... ဘယ်သူတွေဘယ်လို ဖျက်ဖျက် ဝေကတော့ ပြတ်နိုင်မှာ မဟုတ်ပါဘူး။ သူပွေမှန် ၊ ရှုတ်မှန်းလဲ အရင်ကတည်းက ဝေကြိုသိခဲ့ပေမယ့် ဝေသူ့ကို မခွဲနိုင်လောက်အောင် ချစ်နေခဲ့မိလို့ ဝေ သူ့ကိုအဖြေပေးပြီးရွေးချယ်ခဲ့တာပါ... သူ ဘယ်လောက်ပဲ ပွေရှုတ်ရှုတ် နောက်ဆုံးတော့ သူ ဝေ့ဆီပဲပြန်လာမှာပါ.... ဝေ သူ့ကိုပဲ လက်ထပ်မယ်” တဲ့လေ....

သူငယ်ချင်း၂ ယောက်ရဲ့ အဖြေရပြီးတဲ့နောက်... ကျမရဲ့အဖြေလေးကတော့.... “ ၀ါဝါကတော့ ပိုက်ဆံရှိတာ ၊မရှိတာထက် အရာရှိကတော်ဖြစ်ချင်တယ်.... ၀ါဝါ့ စိတ်ကူးထဲက ချစ်သူနဲ့ အိမ်ထောင်ဖက်က ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ဗိုလ်ကြီး တစ်ယောက်ယောက်ဖြစ်ရမယ်... ကိုယ်တကယ်ချစ်နှစ်သက်တဲ့သူလဲ ဖြစ်ရမယ်လေ.. ၊ ဒါပေမယ့် နောက်ဆုံး ဘယ်လိုလူနဲ့ ဖူးစာဆုံမယ်ဆိုတာ ကြိုမပြောနိုင်တဲ့အတွက် must တော့မဟုတ်ပါဘူး want ပါပဲ... ဖြစ်ရမယ်တော့ မဟုတ်ပါဘူး ၊ ဖြစ်ချင်တာကို ပြောပြတာပါ ” လို့ သူငယ်ချင်း ၂ယောက်ကို ပြောပြခဲ့မိပါတယ်....

အဲလိုနဲ့ ကျမတို့သူငယ်ချင်း ၃ ဦးထဲက ဟေမာဟာ ပိုက်ဆံရှိလိုတဲ့ အတွက် ကျောင်းမပြီးခင်မှာပဲ နိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်..နိုင်ငံခြားမှာပဲ အလုပ်လုပ်ကြရင်းနဲ့ သူမျှော်မှန်းထားတဲ့ အခြေအနေအဆင့်အတန်းရှိသူ သက်တူရွယ်တူ အမျိုးသားတစ်ယောက်နဲ့တွေ့ပြီး စေ့စပ်လိုက်ပါတယ်...ဒါပေမယ့် တစ်နှစ်လောက်ကြာတဲ့အခါမှာ သူငယ်ချင်းဟေမာရဲ့ စေ့စပ်ကြောင်းလမ်းဖျက်သိမ်းခြင်းသတင်းလေးကို သတင်းစာထဲမှာ ဖတ်လိုက်ရပြီး ဟေမာဟာ သူထက်အသက် ၁၅နှစ်လောက်ကြီးတဲ့ ဂျပန်လူမျိုးနဲ့ လက်ထပ်သွားခဲ့ပါတယ်.... ဟေမာဟာ သူမျှော်လင့်ခဲ့တဲ့ စိတ်ကူးအိမ်မက်ကို လက်တွေ့ အကောင်အထည်ဖော်သွားခဲ့ပါတယ်......သူရဲ့အိမ်ထောင်ရေးဟာ အချစ်ပါ ၊မပါတော့ ကျမ မသိခဲ့တော့ပါဘူး ။ သူဖြစ်ချင်တဲ့ ၊ သူလိုချင်တဲ့ ပိုက်ဆံရှိတဲ့ အိမ်ထောင်တစ်ခုကို ဟေမာတစ်ယောက် တည်ထောင်သွားခဲ့ပါတော့တယ်.... ကျမ ဂျပန်ရောက်လာတော့ ကျမရဲ့သူငယ်ချင်း သူဌေးမကြီးဟေမာ နဲ့ တွေ့ဆုံခဲ့ရပါတယ်....သူငယ်ချင်းလဲ ကလေးတစ်ယောက်ရနေပြီး သူရွေးချယ်ခဲ့တဲ့ သူ့ဘ၀ကိုယ်သူဆက်လက်လျှောက်လှမ်းနေမြဲပါပဲ...အခုတော့သူငယ်ချင်းဟေမာဟာ သူ့အမျိုးသားရဲ့အလုပ်နဲ့ အမေရိကားကို ထွက်သွားခဲ့ပါပြီ.... သူသွားခါနီးကျမကိုလာနှုတ်ဆက်သွားပါသေးတယ်....“အမြဲတမ်း ကိုယ့်ဘ၀ကို ကျေနပ်ပျော်ရွှင်နိုင်ပါစေ သူငယ်ချင်းရေ ”လို့ ကျမဆုတောင်းပေးခဲ့မိပါတယ်....

သူငယ်ချင်းဝေ ကလည်း သူချစ်လွန်းတဲ့သူရဲ့လက်ရှိချစ်သူလေးနဲ့ပဲ လက်ထပ်ခဲ့ပြီး ဝေနဲ့လက်ထပ်ပြီးမှ ကံမကောင်းစွာနဲ့ ဝေ့အမျိုးသားက အလုပ်မှာအဆင်မပြေပဲ အနားယူခဲ့ရလို့ ကျမဒီတခေါက် မြန်မာပြည်ပြန်တော့ ဝေနဲ့မတွေ့ဆုံနိုင်ခဲ့ပါဘူး။ ဝေ့အမျိုးသားက ကလေး၂ယောက်နဲ့ အိမ်မှာနေပြီး ဝေက တခြားမြို့မှာ အလုပ်သွားလုပ်နေတယ်လို့ ဝေ့မိဘတွေအိမ်ကို ကျမသွားလည်တော့ ပြောပြခဲ့ပါတယ်..
ဝေ ကလည်း သူ့ဘ၀အတွက် သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကို လျှောက်လှမ်းနေခဲ့ပါတယ်.....


အချစ်များနဲ့ ထုံမွမ်းပြီးဖွဲ့စည်းတည်ဆောက်ထားသော သူငယ်ချင်းဝေ ရဲ့အိမ်ထောင်ရေးလဲ သာယာပျော်ရွှင်ပြီး ခိုင်မြဲနိုင်ပါစေ သူငယ်ချင်းရေ.....



ကျမလား... ကျမကလည်း ကျမရဲ့ငယ်ငယ်က စိတ်ကူးအိပ်မက်ကလေးအတိုင်း ရွေးချယ်ခဲ့တဲ့ အချစ်များစွာနဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်....



ဒီရွေးချယ်မှုလေးတွေကိုကြည့်ပြီးတော့ အချစ်နဲ့အိမ်ထောင်ရေးမှာ ကိုယ်လိုချင်တဲ့အရာတွေကို ရွေးချယ်ပြီး ရယူထားကြသလို ပြန်လည်ပေးဆပ်နေရတာတွေလဲ သူ့နေရာနဲ့သူ ရှိနေတတ်ကြပါတယ်.....



သူငယ်ချင်းဟေမာဆိုရင်...ငွေရေးကြေးရေး သူ့ဘ၀အတွက် အရာရာပြည့်စုံနေပေမယ့် အသက်ကွာဟမှုကြောင့် အမြင်မတူတတ်တာတွေ အများကြီးရှိနေတတ်ကြောင်း ၊ သူ့အမျိုးသားက ရှေ့လူကြီးလိုတွေးခေါ်တတ်ပြီး ခေတ်မှီတဲ့သူမက အရာရာမှာခေတ်ရှေ့ပြေးနေချင်ကြောင်း ၊ မကြာခဏ အမြင်ကွာဟမှုတွေဖြစ်တတ်လို့ ညှိယူနေရကြောင်းတွေကို ပြောပြခဲ့ဘူးပါတယ်....

သူငယ်ချင်းဝေကတော့ ကျမနိုင်ငံခြားထွက်မလာခင်တွေ့တုန်းက အချစ်များနဲ့တည်ဆောက်ထားတဲ့ သူ့ဘ၀ကိုယ်သူ ပျော်ရွှင်နေတာတွေ့ခဲ့ရပေမယ့် စီးပွားရေးအဆင်မပြေပဲ အိမ်ရှေ့မှာကုန်စုံဆိုင်လေးဖွင့်ပြီး ဈေးရောင်းနေတာတွေ့ခဲ့ရတော့ မိဘလက်ထက်တုန်းက ကြော့ကြော့မော့မော့လေးနေတတ်ခဲ့တဲ့ ဝေ့ကိုကြည့်ပြီး သနားဂရုဏာသက်ခဲ့မိရပါတယ်......

ကျမအကြောင်းကတော့ အားလုံးသိကြပြီးသားမို့ ပြောပြမနေတော့ပါဘူးနော်.. :)

ကဲ.. ကျမအကြောင်းလေးတွေတော့ ပြောပြပြီးသွားပါပြီ... မောင်လေးတွေနဲ့ ညီမလေးတွေမှာရော ကိုယ့်ရဲ့အိမ်ထောင်ဖက်မှာ ဘယ်လိုအရည်အချင်းလေးတွေရှိရမယ်ဆိုတာကိုကြည့်ပြီး ရွေးချယ်ကြမလား ၊ ဒါမှမဟုတ် ဘာမှမလိုဘူး “ချစ်တာတစ်ခုပဲလိုတယ်” ဆိုပြီး အချစ်တစ်ခုတည်းပဲရှေ့တန်းတင်ပြီးရွေးချယ်ကြမလား သိပါရစေနော်...
အစ်ကိုတွေ အစ်မတွေကရော အချစ်တစ်ခုတည်းကိုပဲကြည့်ပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကြတာလား၊ ပညာလေးတွေ မျှဝေပေးသွားကြပါဦးနော်...း)

ဒီပို့စ်လေးက “အချစ်ဆိုသည်မှာ” တက်ဂ်ပို့စ်လေးရေးကတည်းကရေးထားတာပါ. ပထမက တက်ဂ်ပို့စ်လေးအဖြစ်တင်မလို့ ရေးဖြစ်ပြီး.. မတင်ချင်တော့တာနဲ့ မတင်ဖြစ်ပဲ တခြားတစ်ခုထပ်ရေးလိုက်တာလေ... .. ပို့စ်လေးဖတ်ပြီးကြရင် မေးထားတာလေးကို ဖြေသွားပေးကြပါနော်.. ဆက်ရေးစရာဇာတ်လမ်းလေးတွေရှိနေပါသေးတယ်..... အဖြေများများမရရင်တော့ ဆက်မရေးတော့ဘူး.. ဟဲဟဲ..ညစ်ကြည့်တာပါ.. ကိုယ့်မောင်လေး ညီမလေးတွေကိုချစ်လို့နော်.....း)

ပျော်ရွှင်ကြပါစေ...

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

၂၀၀၉ ဗေဒင်

မင်္ဂလာပါရှင်..
ဗေဒင်ဝါသနာရှင်များအတွက် ကျမရဲ့မောင်လေးဖြစ်သူ မင်းလင်္ကာ မှ Forward mail လေးပို့ပေးလာတဲ့ အတွက် မျှဝေလိုက်ပါတယ်ရှင်..

***************************************************

ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ

၁ ရက်- ၉ ရက် ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ

၁ ရက် - ၅ရက် ကြောင်
၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ

၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ

၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ

၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်

၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်

၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်

၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ

၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ

၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ

၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ

၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။


၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။


၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။


မမ၀ါက ဘာကောင်လဲလို့ မမေးလာခင်အရင်ဖြေထားပါမယ်.. ကျမကတော့ ကိုယ့်ဘက်ကိုယ်ယက်တတ်တဲ့
“လိပ်” ပါပဲ.. :P
ဘာကောင်လဲဆိုတာကို ဖတ်ပြီးရင်ပြောသွားကြပါနော်..တိတ်တိတ်လေး မပြန်သွားကြနဲ့ဦး... :D

{ စာရေးရမှာ အာရုံမရနေလို့ ငံပြာရည်ချက်လိုက်တာပါ... တစ်ပုလင်း ၅ ကျပ် ( စလုံး) :P }


ဗေဒင်ဝါတနာအိုးများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Tuesday, March 17, 2009

IC Show in japan



ဧပြီလ ၂၆ ရက်နေ့မှာ IC show ဂျပန်မှာလာဖျော်ဖြေမယ်လေ..
မကြည့်ရတာ ကြာနေပြီဖြစ်တဲ့ စတိတ်ရှိုးကို မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ မြန်မာသူငယ်ချင်းတွေနဲ့ သွားကြည့်ကြမလို့ လက်မှတ်စုံစမ်းတော့ ရှေ့ဆုံးတန်း ယန်း ၁၀၀၀၀ ကနေ ယန်း ၈၀၀၀ ၊ ယန်း ၆၀၀၀ ဆိုပြီး ၃တန်းရှိရာမှာ တစ်ခါတစ်လေကြည့်ရတာမို့ ရှေ့ဆုံးတန်းလက်မှတ်ကို မှာပေမယ့် မရတော့ဘူးဆိုလားပဲ.. တော်တော်ရောင်းကောင်းတာပဲနော်. ကြည့်တဲ့သူတွေ တော်တော်လေးများမယ် ထင်ပါတယ်....

OJI မြို့က SAKURA TOWER မှာ ညနေ၄ နာရီကနေ ည ၈နာရီအထိ ကျင်းပမှာဖြစ်ကြောင်းကြားသိရပါတယ်ရှင်..
ဂျပန်မှာနေထိုင်ကြတဲ့ စတိတ်ရှိုးဝါသနာရှင်မောင်နှမများ မသိကြသေးသောသူများရှိလျှင် သိကြရလေအောင် ပွဲစားခမရပဲ အခမဲ့ ကြော်ငြာပေးရခြင်းဖြစ်ပါတယ်ရှင်။ :D


ပျော်ရွှင်ချမ်းမြေ့ကြပါစေ.

လေးစားခင်မင်စွာနဲ့

ဝါ၀ါခိုင်မင်း

Monday, March 16, 2009

သမီးလေးအတွက် လက်ဆောင်




သမီးလေးအတွက်လက်ဆောင် ကွန်ပြူတာလေး...


ဒါလေးက သမီးလေးရဲ့ကွန်ပြူတာအဟောင်းလေးပါ...းP



မနေ့တုန်းက ဦးဥာဏ်က သမီးလေးကို wireless notebook အဖြူလေး လက်ဆောင်ပေးပါတယ်...သမီးလေးက မြန်မာပြည်မှာနေစဉ် ၂နှစ်အရွယ်လောက်ကတည်းက ကွန်ပြူတာဂိမ်းတွေဆော့လာခဲ့တာမို့ ကွန်ပြူတာကိုင်တာက ကျမထက်ပိုတော်ပါတယ်ရှင်...ကျမကတော့ အိမ်မှာ ကွန်ပြူတာရှိခဲ့ပေမယ့် လုံးဝမကိုင်ခဲ့ မသုံးခဲ့မိတာပါ...ဒါကြောင့်မို့ ဘလော့ဂ်လုပ်မယ်ဆိုတော့ ကျမကမလုပ်ချင်ခဲ့ဘူးလေ...အကြောင်းက myanmar font Typing မရိုက်တတ်ခဲ့လို့ပါ.. :P

အိုးမိုင်ဒုက္ခပို့စ်လေးမှာ တင်တားတဲ့ ကျမသုံးတဲ့ကွန်ပြူတာကို အနီးကပ်ပုံကြီးချဲ့ကြည့်ရင် ကျမတော်တာတွေတွေ့သွားကြပါလိမ့်မယ်ရှင်..
အဟဟားး ကီးဘုတ်မှာ ဘာသာစကား အင်္ဂလိပ်နဲ့ ဂျပန်အပြင် မြန်မာဘာသာကို Permanent pen နဲ့ ရေးထားခဲ့တာလေ... ဟီးး လက်ကွက်အလွတ်မမှတ်မိလို့.... ဟဟားး ပေါ်ကုန်ပြီ မတတ်တာတွေ ... အဲဒီလို ကွန်ပြူတာနဲ့ပတ်သက်ပြီး ပို့စ်ရေးတာနဲ့ ဓါတ်ပုံထည့်တာကလွဲရင် ဘာမှမတတ်တဲ့ကျမကို အထင်ကြီးကြပြီး ဘလော့ဂ်အသစ်လေးစလုပ်ချင်လို့ဆိုပြီး အကူအညီတောင်းလာတဲ့သူတွေက အများသားလေ... ဟတ်ဟတ်...ပြောမယ်နော်.. မီးမီးဘာမှမသိဘူး....အထင်မကြီးကြနဲ့....ပို့စ်ရေးတာနဲ့ ဓါတ်ပုံထည့်တာလောက်ပဲတတ်တာ...ကျန်တာအကုန် ဦးဥာဏ်ထည့်ပေး လုပ်ပေးထားတာလေ... ခွီးးး သီချင်းတောင်မထည့်တတ်ပါဘူးး အဲလိုတော်တာမို့ အားမကိုးကြပါနဲ့နော်... ဟဟား ပြောပြရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာပဲ.. တတ်နိုင်ဘူး.... တော်ကြာအထင်ကြီးပြီး လာဆက်သွယ်မေးမြန်းတဲ့သူတွေက ဘ၀င်ကိုင်တယ်..မပြောပြဘူး..ထင်မှာစိုးလို့ပါ....တစ်ယောက်စီကို တိုးတိုးတိတ်တိတ်စာပြန်နေရလို့ မထူးတော့ပါဘူး လူသိရှင်ကြားပဲ အော်ပြောပြလိုက်တော့တယ်နော်....

အဲ...ရေးမယ့်အကြောင်းနဲ့ လမ်းလွှဲကုန်ပြီ ... ပိုက်ဆံမကုန်ပဲ ကြော်ငြာဝင်လိုက်တာပါရှင်... :D

ဦးဥာဏ်က သမီးလေးကိုကွန်ပြူတာအဖြူလေး လက်ဆောင်ပေးပြီး သမီးလေးကိုအခုအချိန်ကစပြီး ကျမလိုမညံ့ရလေအောင် Typing စသင်ပေးပါတော့မယ်...လောလောဆယ် အိမ်မှာနက်မရသေးတော့ သမီးလေးရဲ့ Wireless pc လေးနဲ့ ကျမကအလုပ်ဖြစ်နေခဲ့တာပေါ့..
အိမ်မှာ ကွန်ပြူတာဖြတ်လိုက်တော့ ကျမအတွက်တစ်ခုအမြတ်ထွက်သွားတာက သူတို့ရဲ့ကွန်ပြူတာအသစ်ကလေးတွေရဲ့ ကီးဘုတ်မှာ မြန်မာလိုသွားရေးလို့မရတော့ စမ်းတ၀ါးဝါးရေးရင်းနဲ့ အခုတော့ မြန်မာလက်ကွက်တွေအလွတ်ရိုက်နိုင်သွားခဲ့ပါပြီ.... ဟီးဟီး ..ဂယ်ပြောတာနော်.. အဖတ်ပြန်ဆယ်ရတာလေ...အဲ့ဒါကြောင့်ပြောခဲ့တာပေါ့..ကျမက ဒီကွန်ပြူတာလေးတွေသုံးရတာ used to မဖြစ်ဘူးလို့လေ.... ဟီး

ဒီညကစပြီး အိမ်မှာအင်တာနက်ပြန်ရပါတော့မယ်...
စာတွေအများကြီးရေးရပါတော့မယ်..... ဒါပေမယ့် အရှိန်ရသွားလို့ စာရေးရမှာတော့ နဲနဲပျင်းနေပါသေးတယ်..... sing for u သွားပြီးသီချင်းအော်ဆိုပြီး ဦးနှောက်ဆေးလိုက်ဦးမယ်နော်... :D နက်မရကတည်းက သီချင်းအော်မဆိုရတာကြာနေပြီ....
အင်တာနက်ရတော့မှာပျော်လို့ စိတ်ကူးပေါက်ရာတွေ လျှောက်ရေးလိုက်တာပါ....
ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်...
ပျော်ရွှင်ကြပါစေ
လေးစားခင်မင်လျှက်
WWKM

Sunday, March 15, 2009

Today menu












မင်္ဂလာပါရှင်...

ဒီနေ့ ပိတ်ရက်ကလေးမှာ မုန့်ဟင်းခါးချက်စားဖြစ်တယ်လေ...
မတင်တော့ဘူးလို့ပဲ ကွန်နက်ရှင်က ရနေတာနဲ့ တင်လိုက်ပါဦးမယ်....
ပို့စ်မရေးနိုင်လို့ ဓါတ်ပုံလေးတွေနဲ့ ဆားချက်တာပေါ့နော်... မဟုတ်ပါဘူး..မုန့်ဟင်းခါး ချက်တာပါရှင်... :D

မုန့်ဟင်းခါးလေးကို breakfast စားပြီးတော့ lunch နဲ့ dinner အတွက်က အမဲသားဟင်းကို မဆလာများများနဲ့ ချက်တာ အလွန်စားကောင်းပါတယ်.... ဟဲဟဲ ကိုယ့်ကိုယ်ကို ချီးမွမ်းတာ.....ပြီးတော့ ငါးပိရည်ကြိုလေးဖျော်တယ်လေ... တို့စရာ သခွါးသီးက ကုန်နေလို့ ပဲသီးပြုတ်ကလေးနဲ့ပဲ အဆင်ပြေအောင် ဖြစ်သလိုလေး စားလိုက်ပါတော့တယ်..... :D

ကဲ... Today menu လေးကတော့ မုန့်ဟင်းခါး ရယ် ၊ အမဲသားဟင်း နဲ့ ငပိရည်လေးပဲ ဖြစ်ပါတယ်ရှင်.....
မုန့်ဟင်းခါးက ဂျပန်မှာဝယ်စားရင် တစ်ပွဲကို ယန်း ၈၀၀ ပေးရတယ်လေ.... မြန်မာငွေကျပ်နဲ့ဆိုရင် တစ်ပွဲကို တစ်သောင်းခန့်ပေါ့....
အပြင်ဆိုင်မှာ ရောက်ခါစကတော့ ၀ယ်စားဖြစ်ခဲ့ပေမယ့် အခုတော့ မြန်မာပြည်က Ready made ထုတ်တွေကိုပဲ အိမ်မှာချက်စားဖြစ်နေပါတယ်.... မလုလုလာတုန်းကတော့ မုန့်ဟင်းခါးထုတ်လက်ဆောင်ယူလာပေးခဲ့ပါသေးတယ်... ကျေးဇူးတင်ပါတယ် ညီမလေးလုလုရေ.... ညီမလေးယူလာပေးတာကိုတော့ နောက်မှချက်စားရအောင် သိမ်းထားသေးတယ်လေ...ဒီနေ့ကတော့ မေမေတို့လာလည်တုန်းကယူလာနဲ့ အထုတ်ကို အရင်ချက်စားလိုက်ပါတယ်.....

သုံးဆောင်သွားကြပါဦးနော်.....

ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Friday, March 13, 2009

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ တဲ့......
ဒီခေါင်းစဉ်နဲ့ Tag post လေးတစ်ခေါက် ရေးပြီးခဲ့ပါပြီ။ကိုယ့်အသက်အရွယ်နဲ့ အချစ်အကြောင်းနဲ့ သိတ်မဆိုင်တော့သလို တွေးမိပြီး Tag post လေးကို ပြီးရင်ပြီးရော အဖြစ်ပဲ ရေးခဲ့လိုက်ပါတယ်။
ဟော..အခုတဖန် ..တီတီဝါ ရဲ့ အချစ်ကို သုတေသနလုပ်ချင်လို့တဲ့ မောင်ငယ်ကိုရဲက တက်ဂ်လာပြန်လေတော့ တခြားရေးထားကြတဲ့သူတွေဆီကို လိုက်ဖတ် ပညာယူပြီး ဘယ်လိုလေးရေးရင်ကောင်းမလဲလို့ စဉ်းစားမိတယ် ...ကဲ.. မထူးတော့ပါဘူး..ကိုယ့်အကြောင်းကိုယ်ပဲရေးတော့မယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ၊ ကိုယ်ပိုင်ဆိုင်နေတဲ့ အချစ်အကြောင်းလေးကိုပဲ မောင်နှမတွေကို ဝေမျှပေးဖို့ ဆုံးဖြတ်မိလိုက်ပါတော့တယ်....

လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ကျမ အချစ်ကို စတင်တွေ့ရှိခဲ့ပါတယ်။ကျမတွေ့ရှိခဲ့တဲ့ အချစ်က အလွန်ချစ်တတ်သော ယောကျာင်္းတစ်ယောက်ပဲ ဖြစ်ပါတယ်။

“မောင်”

မောင်ဟာကျမကို အလွန်ချစ်တယ်။ အလွန်ချုပ်ချယ်တယ် ၊ အလွန်သ၀န်တိုပါတယ်။ကျမဟာ အလွန်ချစ်တတ်တဲ့ မောင့်ရဲ့အချစ်တွေကိုပိုင်ဆိုင်ခဲ့ရတဲ့အတွက် ဟိုးငယ်စဉ်အချိန်က ကျေနပ်မှု ၊ ၀မ်းသာမှု ၊ ဂုဏ်ယူမှုတွေကို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ချုပ်ချယ်လွန်း ၊ သ၀န်တိုတတ်လွန်းတဲ့ မောင့်ကြောင့် ကျမမှာ အနေကျဉ်းကျတ်ပြီး မွန်းကျတ်မှုတွေပါ တပြိုင်တည်း ခံစားနေခဲ့ရပါတယ်။

တကယ်ပါ... ကျမတို့ အိမ်ထောင်သက် ၁၂နှစ်ပြည့်ပါတော့မယ်။ မောင်ဟာ ကျမအပေါ် ချစ်သူရည်းစားဘ၀တုန်းက အတိုင်းပဲ ချစ်နေဆဲ၊ ဂရုစိုက်နေမြဲ ၊ ချုပ်ချယ်နေဆဲ ၊ သ၀န်တိုနေမြဲ ပါပဲ ။

အခုအချိန်အထိ မောင်မပါပဲ မိန်းကလေးသူငယ်ချင်းတွေနဲ့အပြင်ထွက်လည်ကြရင်း မထင်မှတ်ပဲ ယောကျာင်္းလေးမိတ်ဆွေတွေပါလာခဲ့ရင် သိသိသာသာကို ငြိုငြင်တတ်ပါတယ်။ ကျမကလည်း ကိုယ်အမှားလုပ်တာမှ မဟုတ်ပဲနော်.. သူငယ်ချင်းမိတ်ဆွေတွေကို ပေါင်းသင်းတာပဲမို့ ကျမကို သ၀န်တိုငြိုငြင်ရင် တကယ်ခံစားရပါတယ်။ အချစ်ခံရလွန်းတော့လည်း တခါတလေ စိတ်ညစ်မိပါတယ်။

ဘလော့ဂ်မှာ မောင်လေးတွေ ၊ ညီမလေးတွေနဲ့ ကျမခင်ပါတယ်။ကျမက စိတ်ရင်းအတိုင်းပဲ ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပေါင်းတတ်ပါတယ်။ကိုယ်က အစ်မကြီးတစ်ယောက်လေ ။ မောင်လေးတွေ ညီမလေးတွေကိုလဲ တကယ်ခင်မိပါတယ်။အဲဒီအတွက်တော့ အိုကေပါတယ်။ ဘလော့ဂ်လုပ်ဖို့ မောင်က စတင်တိုက်တွန်းခဲ့တာပါ။ G talk မှာ invited လုပ်လာကြတဲ့ သူတွေကို accepted လုပ်ဖြစ်ပေမယ့် ယောကျာင်္လေးဆိုရင် Chatting မလုပ်ရဘူးဆိုတဲ့ မောင့်ရဲ့အမိန့်ကြောင့် ကျမ အကုန်လုံးကို ပြန်ပြီး block လုပ်ခဲ့ပါတယ်။ ဖြစ်ပုံများနော်... အဲလိုအူတိုတာလေ။ ကျမလဲ အဖွားကြီးဖြစ်ခါနီးနေပါပြီ။ မောင်ကတော့ အမြဲ အူတိုနေမြဲ ၊ အူတိုနေဆဲပါပဲ ။ ကျမမှာလဲ မောင့်ရဲ့အချစ်တွေနဲ့ ကျေနပ်နေပေမယ့် တစ်ခါတစ်လေတော့လည်း လိပ်ပြာသန့်တဲ့ ကိုယ့်ရဲ့စိတ်ကို မယုံကြည်သလိုကြီးခံစားရလို့ အခံရခက်နေမိခဲ့ပါတယ်။

မောင်က ကျမကို အခုအချိန်အထိကလေးတစ်ယောက်ကို ချစ်သလို အရမ်းချစ်နေဆဲပါပဲ။သူက ကျမကိုချစ်လွန်းတော့ ကံကြမ္မာဆိုတာ သိနိုင်တာမဟုတ်ဖူးတဲ့ အကြောင်းတစ်မျိုးမျိုးကြောင့် ကွဲကွာသွားရမှာကို သူအလွန်စိတ်ပူကြောင်း ပြောပြီး ၊ ကျမကိုချုပ်ချယ်သ၀န်တိုမိကြောင်းတွေပြောပြတတ်တယ်လေ။

မောင် ကျမကိုအရမ်းချစ်တယ်ဆိုတာကို ကျမခံစားလို့ရပါတယ် မောင်ရယ်။ဒါပေမယ့် မောင့်ရဲ့အချစ်တွေ ၊ ချုပ်ချယ်မှုတွေ ၊ သ၀န်တိုမှုတွေအောက်မှာ တခါတလေလဲ စိတ်ကျဉ်းကျပ်လွန်းလို့ မကျေနပ်မှုလေးတွေခံစားရပါတယ်။တစ်ခါတစ်လေတော့လည်း သြော်..သူက ငါ့ကိုအရမ်းချစ်လို့ သ၀န်နိုတာပဲလေ ၊ ယူကြပြီးမှ ကိုယ့်ဇနီးမယားအပေါ် မချစ်ခင် ၊မကြင်နာတတ်ကြတဲ့ ယောကျာင်္းတွေထက်စာရင် ကိုယ့်အပေါ်အရမ်းချစ်တဲ့ ယောကျာင်္းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာပဲ ငါအရမ်းကံကောင်းပါတယ်လို့ ကိုယ့်ကိုယ်ကို နားလည်ခွင့်လွတ်မှုတွေနဲ့ ဖြေသိမ့်ရပါတယ်။

သြော်... အချစ်တဲ့ ... အမျိုးမျိုးပါပဲနော်.....

ကျမပိုင်ဆိုင်ထားတဲ့ မောင့်ရဲ့အချစ်တွေက ထွန်းအိန္ဒြာဗိုလ် ရဲ့သီချင်းလေးလိုပါပဲ... “ငါပိုင်ဆိုင်တဲ့ အချစ်တွေက မီးနဲ့ရေ ”တဲ့....

တစ်ခါတစ်လေတော့လည်းကျမဟာ မောင့်ရဲ့အချစ်တွေနဲ့ ပူလောင်နေတတ်ပါတယ်...
တစ်ခါတစ်လေတော့လည်းကျမဟာ မောင့်ရဲ့အချစ်တွေနဲ့ အေးမြနေတတ်ခဲ့ပါတယ်...


တစ်ခါတစ်လေတော့လည်း အူတိုတတ်လွန်းတဲ့ မောင့်ရဲ့အချစ်တွေနဲ့ မွန်းကျပ်နေမိပြန်ပါတယ်....
တစ်ခါတစ်လေတော့လည်း အရာရာမှာ ကျမကို ဦးစားပေးအလိုလိုက်တတ်တဲ့ မောင့်ရဲ့အချစ်တွေအတွက် ဂုဏ်ယူနေမိပြန်ပါတယ်...

ဘာပဲဖြစ်ဖြစ်...ကျမကို အရမ်းချစ်တဲ့ မောင့်ရဲ့အချစ်တွေကြောင့် မောင့်ကို ကျမနားလည်ပေးနေမိပါတယ်မောင်ရေ.....

စိတ်ချပါမောင်...ကျမအပေါ်အရမ်းချစ်တဲ့ မောင့်အပေါ် ကျမဘယ်တော့မှ သစ္စာမပျက်ပဲ ကျမအသက်ရှူရပ်တန့်သွားတဲ့ အချိန်အထိ သည်းခံခွင့်လွတ်ခြင်းတွေနဲ့ အမြဲလက်တွဲသွားမှာပါ မောင်ရေ.... မောင်သာ ကျမရဲ့ဘ၀ပါ... မောင်သာ ကျမရဲ့ကမ္ဘာပါ ...


ကဲ... ကျမရဲ့အချစ်အကြောင်းလေးကတော့ ဒီလောက်ပါပဲရှင်။

အချစ်ဆိုတာ ??????????????????????????????????????????????????????????

စိုင်းစိုင်းခမ်းလှိုင် ရဲ့ သီချင်းလေးကတော့ “အချစ်ဆိုတာ ချစ်နေဖို့ပဲလိုအပ်ပါတယ်”တဲ့ လေ.....


“နှစ်ဦးနှစ်ဖက် နားလည်မှုများနဲ့ သ၀န်တိုခြင်းကင်းစွာ ချစ်တတ်ကြပါစေ.....”


လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Wednesday, March 11, 2009

အိုး မိုင် ဒုက္ခ



ဒီကွန်ပြူတာလေးက ကျမသုံးနေကျ ကွန်ပြူတာလေးပါရှင်။ ကျမ သူ့ကို အသုံးမပြုရတာ ကြာနေပါပြီ။ ကျမက ကွန်ပြူတာကို တစ်နေကုန်အောင်သုံးနေတတ်တာမို့ အခု သူ့ကို အသုံးမပြုရတာကြာတော့ သူလဲပျင်းနေလောက်ပါပြီ။ ကျမလဲ ပျင်းနေတာပါပဲ။ :D အကြောင်းက ဒီလမှာ အင်တာနက်အဟောင်းကို ဖြတ်ဖို့ စီစဉ်ပြီး အင်တာနက်အသစ်ထပ်လျှောက်ထားခဲ့တယ်လေ။ အဲဒီမှာ ဖြစ်ချင်တော့ အင်တာနက်အဟောင်းက ၄ ရက်နေ့မှာ ဖြတ်သွားပြီး အသစ်က ၁၆ ရက်နေ့မှာ လာတတ်ပေးမှာမို့ ဒီရက်ပိုင်း အွန်လိုင်းမ
ဝင်နိုင်ခဲ့တော့ပါဘူး။



ဒီ Laptop လေးကတော့ ဦးဥာဏ်သုံးနေတဲ့ Mini Laptop လေးပါ။ ဦးဥာဏ်က ကျောင်းသွားရင် ရထားပေါ်မှာပါ အလုပ်လုပ်လို့ ရအောင် အမြဲယူဆောင်သွားတတ်ပေမယ့် ဒီ Laptopလေးက Wireless နဲ့ တခါတလေ အင်တာနက်သုံးလို့ရတာမို့ ဒီရက်ပိုင်းမှာ ကျမသုံးလို့ရအောင် အိမ်မှာ ထားခဲ့ပေးပါတယ်။ အဲဒီတော့ ကျမက ကွန်ပြူတာလေးကို တစ်နေကုန်အောင်ဖွင့်ထားပေမယ့် အင်တာနက်က တစ်ခါတစ်လေမှသာ မိတာမို့ အွန်လိုင်းပေါ်သိတ်မရောက်ဖြစ်နေတာပါ။ အွန်လိုင်းရတာနဲ့ အလည်လာသွားတဲ့သူတွေကို တတ်နိုင်သလောက်တော့ ပြေးပြီးနှုတ်ဆက်လိုက်ပါသေးတယ်။ :D ဒီ ကွန်ပြူတာလေးသုံးရတာ used to မဖြစ်နေဘူးလေ။ mouse နဲ့ မသုံးရတော့ သုံးရတာနဲနဲလက်ဝင်တယ်။း) ကိုယ်က မောက်စ် တပ်ပြီးသုံးမယ်လုပ်ပြန်တော့မှ မောက်စ်က ကြောင်ပြီး ပျက်သွားလေရဲ့။ ဟီးးးး အခုတော့ သုံးရတာနဲနဲ အဆင်ပြေလာပါပြီ။ :D

ဒါကြောင့်မို့ ကျမပျောက်နေရခြင်းဖြစ်ပါတယ်ရှင်။ စီဘုံးမှာ သတိတရနဲ့ လာအော်ကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။ကျမ နေကောင်းပါတယ်ရှင်။ အင်တာနက်သုံးရတာ အဆင်မပြေလို့ ပို့စ်လေးတွေမတင်နိုင်သေးတာပါနော်။ ဒီရက်ပိုင်းမှာ ဓါတ်ပုံလေးတွေပဲ များများတင်ပြီး စာရေးနှုတ်ဆက်ရုံလေးပဲ အမြန်လုပ်ဖြစ်ပါမယ်ရှင်။ အင်တာနက်ပြန်ရရင် အားလုံးဆီကို ပြန်လာလည်ပါမယ်နော်။ ကိုရဲ (လေလွင့်သူ)ရဲ့ Tag post လေးကိုလဲ အစ်မ ရေးပေးပါမယ်နော်.. ခဏစောင့်ပေးပါဦး ကြွေးရှင်ကြီးရေ.. စီဘုံးမှာ ခဏခဏလာအော်နေရတာ မမောသေးဘူးလား။စိတ်ချ ရေးပေးမှာ စိတ်သာချနော်.. ထွက်မပြေးပါဘူးကွယ်။ :P


ကဲ... ဒီနေ့ ကျမ အာသာပြေရုံ ဒံပေါက်ထမင်းချက်ဖြစ်ပါတယ်ရှင်။ ဒံပေါက်စားချင်နေတာမို့ ကိုယ်တိုင်ချက်တာ အဆင်သိတ်မပြေပေမယ့် စားချင်တာစားလိုက်ရလို့ အာသာနဲနဲပြေသွားပါတယ်။ ဒံပေါက်ချက်တဲ့ ဒံပေါက်မဆလာထုတ်ကို ၀ယ်ပြီး အညွှန်းအတိုင်းချက်လိုက်တာပါပဲ။ ကြည့်ရတာတော့ သိတ်အဆင်မပြေနေဘူးနော်။ချက်ထားတာကတော့ အများကြီးပါပဲ။

သမီးလေးက ဒံပေါက်မကြိုက်တော့ သမီးလေးအတွက်က ခေါက်ဆွဲကြော်ပေးလိုက်ပါတယ်။ အချိုပွဲကတော့ စမိုင် ချက်လိုက်သေးတယ်လေ။ စမိုင်က အရမ်းကြိုက်တာမို့ ခဏခဏကို ချက်စားဖြစ်တာပါ။ မူဆလင်တော့ ဟုတ်ဖူးနော်. စမိုင် အရမ်းကြိုက်တာလေ။ :D









ဒံပေါက် ဟုခေါ်ပါသည်။ ဟီးးးးး


သရပ်သီးသနှပ်

ဒံပေါက်ချက်တဲ့ မဆလာပါ။

ခေါက်ဆွဲကြော်
ကဲ.. အလည်လာကြတဲ့သူတွေ ပို့စ်လည်းမရေးဖြစ်သေးလို့ စားစရာလေးတွေပဲ အားမနာတမ်း သုံးဆောင်သွားကြပါဦးနော်။
အခုတလော ကျမက ဘလောဂါ မောင်နှမလေးတွေနဲ့တော့ အလုပ်ဖြစ်နေပါသေးတယ်။ ဘလောဂါမမ လုလု နဲ့ တွေ့ဆုံပျော်ရွှင်ကြရပြီး ညီမလုလု ကို သွားတွေ့တော့ ညီမလေးမြရွက်ဝေ နဲ့ အတူတူသွားခဲ့ကြတာလေ။ညီမလေး မြရွက်ဝေ ကိုလဲ ဓါတ်ပုံထဲမှာသာ မြင်ဘူးခဲ့ပြီး အပြင်မှာ ပထမဦးဆုံး တွေ့ဆုံဘူးခြင်းသာဖြစ်ပါတယ်ရှင်။ နောက်မှပဲ အမှတ်တရအဖြစ် ပို့စ်လေးတစ်ခု ရေးဘို့ စိတ်ကူးထားပါတယ်။ နောက်ပြီးတော့ စင်္ကာပူမှ ဘလော့ဂါ မောင်လေး ပုလုကွေး က ဂျပန်လာတဲ့ ညီမလေးတစ်ယောက်နဲ့ စားစရာတွေထည့်ပေးလိုက်တယ်တဲ့လေ.. မနေ့ည က ညီမလေး ဆီက ဖုန်းဝင်လာတယ်။ စားရချည်သေးရဲ့ ။ ကျေးဇူးပါ မောင်လေးပုလုကွေး ရေ ။ :D

တကယ်တော့ အခုက စာရေးဘို့ အစီအစဉ်မပါပေမယ့် ကော်နက်ရှင်က ကောင်းနေတာနဲ့ လျှောက်ရေးနေမိတာလေ။ :D
တော်ပြီနော်...ရေးရင်းနဲ့ အစုံသုတ်ဖြစ်ကုန်ပြီ... တာ့တာ... အိမ်လည်ထွက် စာဖတ်လိုက်ဦးမယ်။ ၁၆ ရက်နေ့မှ ပြန်ဆုံကြမယ်နော်။ :D



ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
လေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
( ခေါင်းစဉ်ကလေးကတော့ မမKOM ဆီက ငှားသုံးလိုက်တာပါ။)း)

Monday, March 9, 2009

မလုလုနဲ့အမှတ်တရ



မင်္ဂလာပါရှင်။
အင်တာနက်ကွန်နက်ရှင်အဟောင်းကိုဖြတ်လိုက်ပြီး၊ ကွန်နက်ရှင်အသစ်ကို ၁၆ ရက်နေ့မှစတပ်ရမှာမို့ ရက်သတ္တနှစ်ပတ်အင်တာနက်နဲ့အဆက်ပြတ်နေရပါတယ်ရှင်။
အခုဦးဥာဏ်ရဲ့mini notebook လေးမှာ wireless အင်တာနက်မိနေတုန်း အမြန်တင်လိုက်ပါတယ်။
မလုလုနဲ့ တိုကျိုတာဝါမှာရိုက်ထားတဲ့ပုံပါ။

အလည်လာကြတဲ့ မောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်နော်.

ပျော်ရွှင်ကြပါစေ.




ဝါ၀ါခိုင်မင်း

Tuesday, March 3, 2009

လုလု နဲ့ ၀ါဝါ

မင်္ဂလာပါရှင်။
ဒီနေ့ ကျမတို့ကို စားစရာတွေ ခဏခဏ ချက်ကျွေးနေတဲ့ မေတ္တာရပ်ဝန်း မီးဖိုဆောင်မှ
မလုလု က ဂျပန်ကို အလုပ်ကိစ္စနဲ့ ၃ ပတ်ခန့် အလည်ရောက်လာပါတယ်ရှင်။ ကျမ နဲ့ မလုလု က ဘလော့ထဲမှာပဲ အလည်သွားလာကြရင်း သိနေကြတာပေါ့နော်။ ရင်းရင်းနှီးနှီးတော့ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် မလုလု က ဂျပန်ကိုလာမယ်ဆိုတော့ ကျမဆီကို မေးလ်ပို့လာပါတယ်ရှင်။ ဂျပန်လာမှာမို့ မှာချင်တာမှာနိုင်ကြောင်း ယူလာပေးမယ်တဲ့လေ။ အယ်..မေးလ်ရောက်လာတော့ ကျမတကယ်ဝမ်းသာသွားခဲ့တာလေ။ ပစ္စည်း မှာတာ မမှာတာထက် ဘလော့ဂါတွေကို အပြင်မှာ တစ်ခါမှ မတွေ့ဘူးတော့ တွေ့ချင်နေမိတယ်လေ။အဲဒါနဲ့ ကျမလဲ မေးလ်ပြန်ခဲ့ပါတယ်။

ဒီနေ့တော့ မလုလုက ဂျပန်ရောက်လာပြီလေ။ ကျမဆီဖုန်းခေါ်လာခဲ့တော့ ၀မ်းသာသွားတယ်။ ဖုန်းကပြောနေရင်းကျသွားတာနဲ့ မလုလုက ကျမဆီကို ၄ ခါလောက်ဆက်တိုက်ခေါ်ခဲ့ရှာတယ်လေ။ ကျေးဇူးပါ မလုလု ရေ။ တော်သေးတာပေါ့နော် ဟိုတယ်ကဖုန်း မို့လို့။ :D

နောက်တော့ မလုလု နဲ့ ကျမ အွန်လိုင်းမှာချိန်းပြီ Chat ဖြစ်ကြတယ်လေ။ ဖုန်းထဲမှာ စကားပြောပြီး ချက်ချင်း ခင်သွားကြလို့ ကျမတို့ နှစ်ယောက်ရဲ့ Chatting ကိုပြန်ဖတ်ကြည့်ရင်း ဘလော့ပေါ်တင်ချင်စိတ်ပေါက်တာမို့ မလုလုထံမှာခွင့်တောင်းပြီး တင်လိုက်ပါတယ်နော်။ ဘလော့ဂါ အချင်းချင်းဆိုတော့ ချက်ချင်းရင်းနှီးဖော်ရွေသွားကြတာလေ။ သူလေးကပဲ သဘောကောင်းလို့လား ကျမကပဲ သဘောကောင်းလို့လား မသိတော့ပါဘူး။ ဟဟား .... နှစ်ယောက်စလုံး သဘောကောင်းလို့ ပျော်တတ်လို့နေမှာပါနော် လုလုရေ။

ကဲ.. ဖတ်ကြည့်ကြပါဦး။ ပြီးရင်ဘယ်သူက သဘောကောင်းလဲပြောသွားကြနော်.. ဟဟားးးး ပျော်စရာကြီးး

*********************************************

me: hello !! Ma Lu Lu yae !! can u read mm font?
haymar: ဟေးး
me: ဟေးး
း)
haymar: မြင်ရတယ်
4:22 PM me: ပျော်စရာကြီး
အယ်
haymar: ဟီး
me: ဒီနေ့ည လာရမလားလို့ အစ်မရေ..
haymar: ဟုတ်
me: ဘယ်အချိန်လာရရင်ကောင်းမလဲမသိဘူးနော်
haymar: လာခဲ့လေနော်
ဝမ်းသာတယ်
me: ပျော်နေတာ
တွေ့ချင်လို့
haymar: တကယ်ပြောတာ
4:23 PM me: အမျိုးသားဆီဖုန်းဆက်လိုက်တာလေ
haymar: ဟုတ်လား
ဟားဟား
me: ၇ နာရီကနေ ၉ ခွဲကြားက တွေ့လို့ရမှာ မဟုတ်ဖူးထင်တယ်နော်
4:24 PM haymar: ဟုတ်တယ်ဝါ၀ါရေ
me: အစ်မတဲ့ ခေါ်နေပြီနော်.. အသက် ဘယ်နှစ်နှစ်လဲ အစ်မ အဟေးး
haymar: ဟားဟား
၃၅ ထဲမှာ
4:25 PM me: အယ်။။ ထင်လို့
ညီမလေးလုလု ရေ
haymar: ဟိ
me: အဟီးးး
haymar: ဟုတ်လား
ခွိ
me: ၀ါ က ၃၇ ကျော်ပြီရှင့်
haymar: သာမီးကလေ
ဟိဟိ
ဟုတ်လား
me: ခွီးးးး
မမ ကလေ အဟဲ
haymar: ဟားဟား
4:26 PM လာခဲ့နော်
me: ရရဲ့လား..တခြားပြောစရာရှိရင်ပြောနော်.. ၀ါ ကရပါတယ်
haymar: ဟုတ်ကဲ့
ရတယ်နော်
me: မမ လို့မပြောဘူးးး. အစ်မလုပ်ချင်ဘူးး. ၀ါဝါလို့ပဲပြောတော့မယ်။။ အဟီးးး
haymar: ပြောနော်
ရတယ်

--------------------------------------------------------------------------------
7 minutes

4:34 PM haymar: အားတဲ့အချိန် လာခဲ့ပါနော် မ၀ါရေ
လုလုစောင့်နေမယ်နော်
me: ဟုတ်ကဲ့ အစ်မရေ.. အဟေးးး
မှားလို့
haymar: ဟိဟိ
me: ဟဟ
haymar: ကောင်းလိုက်တာ
4:35 PM မြန်မာပြည်မှာ ကျော်တာခွတာ ၀ါသနာက မပျောက်သေးဘူး
ဒီထိ ကျော်ခွနေမိတယ်
me: ဟဟ
haymar: အကျင့်ပါနေတာလေ
me: ဟီးး
4:36 PM haymar: မ၀ါတို့နေတဲ့နေရာနဲ့ အခု လုလုတို့တည်းတဲ့နေရာနဲ့ ဝေးလားဟင်
4:37 PM me: တိဘူးရယ်.. ဦးဥာဏ်က ရှာလိုက်ဦးမယ် နက်မှာတဲ့.. သူလဲတစ်ခါပဲရောက်ဖူးတာ မေ့နေပြီတဲ့.. အဟီးး
4:38 PM haymar: ဟုတ်လား
me: နဲနဲဝေးမယ်ထင်ပါရဲ့
း)
haymar: သိပ်ဝေးလွန်းရင် အားနာတယ်
ဟီး
me: နိုး.. ပလုံ ပလုံ ပါရှင်
ဟီးး
haymar: ကောင်းလိုက်တာ
ဟီး
me: ပေါနေတာ ပြင်လို့ရတော့ဘူးး
း)
4:39 PM haymar: ပျော်တတ်တာပါ
ပေါတာမဟုတ်ပါဘူးနော်
me: အဟီးးး
ကလေးတွေနဲ့ ပေါင်းပြီး ပျက်စီးနေပြီလေ..မီးက ပြင်လို့ရတော့ဘူး
း)
4:40 PM haymar: ဒီလိုပဲလေ
စိတ်ပျိုကိုယ်နု
ဟား
4:42 PM မ၀ါရေ
ဂျပန်ကနေ ပြည်ပကို ဖုန်းခေါ်တဲ့ကဒ်လေးများ ၀ယ်လို့ရမလားဟင်
4:43 PM ညန်မာပြည်ကို ဖုန်းခေါ်ချင်တာမို့လေ

--------------------------------------------------------------------------------
20 minutes

5:04 PM me: ညီမရေ.. ဟဟ..း) မနက်ဖြန်ဆို ပိုအဆင်ပြေမယ်ထင်တယ်နော်.. ဒီနေ့က ဦးဥာဏ်က ၇ နာရီရှေ့ပိုင်း မအားဘူးလေ.. ၉ ခွဲကျတော့ မိုးချုပ်နေလို့။ မနက်ဖြန် ၇ နာရီခွဲလောက် လာရင် အိုကေတယ်ဟုတ်။။း)
haymar: ညပိုင်းလားဟင်
me: ဟုတ်ကဲ့
haymar: ညပိုင်းက မနက်ဖြန်ဆို
5:05 PM ၉ နာရီနောက်ပိုင်းမှ အားမှာတော့
me: အော
ဒါဆိုတူတူပဲနော့
haymar: ဟုတ်တယ်နော်
me: ဒီနေ့လာချင်တာ.. သမီးလေး အိပ်ချင်မှာ စိုးလို့လေ
း)
5:06 PM haymar: ဟုတ်တယ်
ကိုယ်ချင်းစာတယ်နော်
ကလေးက သိပ်ငယ်သေးတယ်လေ

--------------------------------------------------------------------------------
5 minutes

5:11 PM haymar: မ၀ါ အဆင်ပြေမယ့်အချိန် လာပါနော်
ကျောင်းကလည်းတစ်ဖက်နဲ့ဆိုတော့ အားနာတယ်နော်
5:12 PM me: ဟုတ်ကဲ့ပါရှင်.. ၀ါဝါ ပဲလုပ်ပါ.. အဟဟား
haymar: ဟုတ်ကဲ့
ဝါ၀ါဆို ပိုပြီးရင်းနှီးမှု ရတာပေါ့နော်
me: ဟုတ်တယ်..နော့
haymar: :)
5:13 PM me: တာ့တာနော်.. ၀ါဝါလာဖြစ်ရင် မေးလ်ပို့ထားလိုက်ပါမယ်ရှင်။ ကျေးဇူး
haymar: ဟုတ်
တကယ်လို့ မလာဖြစ်ရင် ပစ္စည်းတွေကို ဘယ်လိုပို့ပေးရမလဲမသိ
me: တွေ့ဖြစ်အောင်လာတွေမှာနော်.. ဓါတ်ပုံတွဲရိုက်ပြီး ဘလော့ပေါ်တင်မလို့ အဟဟားးး
haymar: ဟားဟား
ရုပ်ဆိုးပါတယ်ဆို
me: မယုံ
ဟဟ
haymar: အော်
5:14 PM ဂယ်ပြောတာပါနော်
me: ခွီးး အသံလေးကြားတာနဲ့တင် ချစ်စရာလေးလို့တွေးနေတာ
း)
အရိဂတို.. ဂျ မတ နဲ
haymar: ဟုတ်ကဲ့
လာခဲ့နော်
တွေ့မယ်နော်
တာ့တာပါနော်
5:15 PM me: ဟိုက်
haymar: ကောင်းသောနေ့လေးဖြစ်ပါစေနော်
me: တွေ့ပါမယ်ရှင်
haymar: ဟုတ်


me: လုလုရေ.. ဖုန်းကဒ်အကြောင်းမေးထားတာ အခုမှ ပြန်ဖတ်လို့တွေ့တယ်လေ.. ရပြီလားဟင်
haymar: ရပြီဝါ၀ါရေ
9:25 PM ကျေးဇူးနော်
me: သြော်.. ဆောရီးနော့ စောစောက ၀ါဝါတွေ့လိုက်ဘူးရယ်း)
haymar: ရတယ်နော်
မြန်မာပြည်က ဆရာ့ဆီဖုန်းဆက်မလို့လေ
အခုနက ဂျီတော့်ခ်သူတို့တက်လာလို့ ပြောလိုက်တယ်
ဟီး
ပိုက်ပိုက်မကုန်တော့ဘူး
me: ဟုတ်.. ဆက်နော်..အစစအရာရာအဆင်ပြေရဲ့လား
9:26 PM haymar: ဟုတ်ကဲ့
အဆင်ပြေပါတယ်
me: ချမ်းနေမယ်ထင်တယ်..ဒီနေ့တော်တော်အေးတာလေ
haymar: ဟုတ်တယ်
ဒီနားမှာ နှင်းတွေကျနေတယ်
တိုကျိုတာဝါကြီးလည်းမြင်နေရတယ်
me: ဒီရက်ပိုင်းတော်တော်လေးအေးတယ်
haymar: ဟုတ်တယ်
တအားအေးတယ်
9:27 PM me: အိုကေ..တာ့တာနော်.. လုပ်စရာရှိတာလုပ်ပါ.. လုလုနဲ့ ချက်ထားတာကို ပြန်ဖတ်နေတာ.. ပို့စ်တင်ရမလားလို့ ပျော်လို့လေ။။ အဟီးး
haymar: ဟုတ်ကဲ့
ရပါတယ်
တင်ချင်လည်း တင်ပါနော်
me: ဘယ်လိုလဲ..တင်လိုက်ရမလားး)
ဟဟ
haymar: လုလုလည်း တကယ်ပျော်တယ်
me:း)
haymar: အဟုတ်ပြောတာ
တွေ့ချင်နေတော့တာ
ဟားဟား
9:28 PM me: တကယ်ပျော်နေတယ်
တွေ့လဲတွေ့ရသေးပဲနဲ့
အဟားး
haymar: ဟုတ်ပ
လာခဲ့
ညန်ညန်
me: ညန်ညန်ရာမယ်.. မနက်ဖန် လာနိုင်အောင်ကြိုးစားမယ်နော်.. :P
9:29 PM haymar: ဟုတ်ကဲ့
မွစ်
me: တာ့တာ
မွတ်
haymar: ဟုတ်ကဲ့
me: ခွီးးးးးးးးးးးးးးး
haymar: စားပြီးပြီလား
me: တာ့တာ ပါဆို..မေးနေပြန်ပြီ..ဟွင့်
စားပြီးပေါ့
haymar: အဲ
သူကလည်း
ဇွတ်
မေးချင်တာပေါ့အေ့
me: ဦးဥာဏ်ပြန်လာသေးဘူး
haymar: သူတို့က ညန်မာထမင်းဟင်းစားမှာပေါ့အေ
me: နောက်ကျတယ်
း(
haymar: သူညားတို့က ဒီလိုပဲ ကြုံရာစား
9:30 PM ဦးဥာဏ်က မိုးချုပ်ဒယ်လား
me: ဟဟားး
ဝုတ်ပ
ဒီနေ့ မိုးချုပ်နေတယ်.
haymar: ဘယ်တွားနေလဲ
အိမ်ရောက်မှ မုန့်ကြိုးလိမ်လုပ်ပြီးမေး
me: တိဘူးး အတစ်တွေ့ရင်တွေ့နေမှာပေါ့.. ဟဟားး
ရှောက်ပြောတာ..
ခွီးး
ဂွတ်နိုက်..
9:31 PMး)
haymar: ဟုတ်ကဲ့
တာ့တာနော်
အိုယာစုမိနာစိုင်း
မွစ်စ်စစ်
me: ဟဟ.. အိုရာစုမိနာဆိုင်း ပါရှင်။
haymar: ဟုတ်
me: ကစ်စ်
haymar: :D
me: ပြီးတော့ဘူးးးးးးးးးးး
:D
9:32 PM haymar: နုစံနဲ့ ရွက်ဝေရဲ့ မေးလ်သိလားဟင်
me: မြရွက်ဝေတော့သိတယ်..
haymar: ပေးပါလားဟင်
အက်ချင်လို့
me: ဖုန်းနံပါတ်ရှိတယ်လေ
အင်း..ခဏနော်..
haymar: ဖုန်းတော့ ဆက်လို့အရ၀ူး
me: ဟိုဘက်မှာ
haymar: အိမ်ဖုန်းဆိုရမယ်
9:33 PM ဟုတ်ကဲ့
haymar: ဟုတ်ကဲ့
ကျေးဇူးပါနော်
haymar: ဒုက္ခပေးသလိုတော့ ဖြစ်နေပြီ
me: no
နိုး..ပလုံ ပလုံ
း)
haymar: တကယ့်ကိုပဲ တွေ့ချင်နေပြီ
me: ဟဟဟားးး
haymar: ဟီး
9:38 PM သူများက အခုအင်တာနက်ကို ၀ယ်သုံးနေတာလေ
ဖုန်းဆို အဲ့ဒီလောက်မတန်ဘူး
ဟီး
9:39 PM သမီးလေးရောအိပ်နေပြီလား
ဝါ အလုပ်လုပ်စရာရှိရင် သွားနော်
လုလုကို အားမနာနဲ့သိလား
********************************************
ကဲ.. မလုလု ဂျပန်ရောက်နေပါတယ်ရှင်.. ဘယ်အိမ်ကများခေါ်ပြီး ဟင်းချက်ကျွေးခိုင်းကြပါဦးမလဲ.. အဲ..မှားလို့ ဘယ်အိမ်ကများခေါ်ပြီး ထမင်းဖိတ်ကျွေးကြပါဦးမလဲ။ :D ကျမကတော့ ဒီနေ့တစ်နေကုန်အရမ်းပျင်းနေတာလေ။ မလုလုနဲ့ Chatting ၀င်လိုက်မှ အရမ်းပျော်သွားလွန်းလို့ ပို့စ်တင်လိုက်တာနော်။း)
ဟီး.. ပျော်ရွှင်ကြပါစေရှင်။
လေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း

Monday, March 2, 2009

တစ်ချိန်တုန်းကဒုက္ခ အခုတော့ဟာသ



တစ်ချိန်တုန်းကဒုက္ခဆိုလို့ ဘာရေးရရင်ကောင်းမလဲလို့ စဉ်းစားနေရတာတော်တော်လေးကြာသွားခဲ့ပါတယ်။ အခုအချိန်ပြန်တွေးရင်လဲ ဟာသလေးဖြစ်ရဦးမယ်တဲ့လေ။ ညီမလေးဝှိုက် က တက်ဂ်ထားတဲ့ အတွက် ..ကဲ..ရေးပြီ ညီမလေးရေ.....

မနှစ်တုန်းက သမီးလေးမွေးနေ့မှာ Tokyo Disney Land ကို အလည်သွားခဲ့ကြပါတယ်။အဲဒီမှာ ကျမအတွက် တစ်သက်စာမမေ့နိုင်အောင်ပဲ ဒုက္ခရောက်ခဲ့ရတဲ့ အကြောင်းလေးကို ရေးပြမယ်နော်။ Tokyo Disney Land ရောက်တော့ Roller Coaster ကို အရင်တန်းစီပြီးစီးခဲ့ကြပါတယ်။ တန်းစီရတဲ့ အချိန်က ၂ နာရီလောက်ကြာမြင့်ခဲ့ပါတယ်။ ဒီအသက်အရွယ်အထိ တစ်ခါမှ မစီးဘူးခဲ့တဲ့ Roller Costar ကို ကြောက်လွန်းလို့ လုံးဝမစီးချင်ပေမယ့် သမီးလေးကလည်း အတူစီးချင်တာရယ် ၊ အတူသွားကြတဲ့ သူငယ်ချင်းမိသားစုရယ် အဖော်ပါတာကြောင့် စီးဖြစ်လိုက်ပါတယ်။ စစချင်းတော့ အပေါ်တက်သွားတာဆိုတော့ သိတ်မကြောက်ပါဘူး။ နောက်မှ တဖြေးဖြေးချင်း အမြင့်ကြီးကို တက်သွား ၊အောက်ကိုပြန်ဆင်း ၊ အကွေ့တွေ အကောက်တွေနဲ့ ပြုတ်ကျတော့မယ့်အတိုင်းဆိုတော့ ကြောက်လိုက်တာမှ အလွန်ပါပဲ။ စီးမိတာမှားပြီ ဆိုတာကို လမ်း သုံးပုံ တစ်ပုံလောက်အရောက်မှာ သိလိုက်ရပြီး ခေါင်းကိုအတင်းကြီးငုံ့ထားပြီး ဘာသံမှမထွက်နိုင်ပဲ ဘုရားစာတွေပဲ ရသလောက်ရွတ်နေမိခဲ့တာပေါ့။ ၂ယောက် တစ်တွဲ စီးရတော့ သမီးလေးက သူ့ဖေဖေနဲ့ အတူတူ စီးပြီး ၊ သူငယ်ချင်းမိသားစုကလည်း သားအဖနှစ်ယောက် အတူတူစီးကြတာမို့ ကျမနဲ့ အမျိုးသမီးသူငယ်ချင်းတို့အတူတူ တွဲစီးခဲ့ရပါတယ်။ သူငယ်ချင်းမနွယ်က“ ၀ါဝါကြောက်ရင် အော်သာအော်..တိတ်တိတ်လေးမနေနဲ့”လို့ သတိပေးနေပေမယ့် ဘာသံမှကို မထွက်နိုင်လိုက်တာပါ။ ပြီးဆုံးလို့ ဂိတ်ကိုပြန်ရောက်မှပဲ ခေါင်းမော့လာနိုင်ပါတော့တယ်။

သမီးလေးကလည်း အရမ်းကြောက်ပြီး ငိုတယ်လေ။ ကျမကတော့ “တော်ပြီ..တော်ပြီ ..နောက်ကိုဘယ်တော့မှ Roller Coaster ဆိုမစီးတော့ဘူး”ဆိုပြီး စိတ်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲဒါနဲ့ တခြားကစားတာတွေဝင်ကစာကြတော့မှ နည်းနည်း ကြောက်စိတ်ပြေသွားပြီး ပျော်ရွှင်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ နောက်ဆုံးပြန်ခါနီးကျမှ လူတွေအများကြီးတန်းစီနေကြတဲ့ Space Mountain ကို အတူသွားတဲ့ သူငယ်ချင်းရဲ့ အမျိုးသားက “ဒါကကြောက်စရာမကောင်းဘူး 3D ကြည့်ပြီးစီးရတာတဲ့ လူတွေအများကြီးပဲ တန်းစီနေကြတာ နောက်ဆုံးဒါလေးစီးသွားကြရအောင်”ဆိုတော့ ၀င်တန်းစီကြပြန်တာပေါ့။ တန်းစီနေတဲ့ လူတွေက အောက်ထပ်မှာလဲ အပြည့် အပေါ်ထပ်မှာလဲ အပြည့်ပါပဲလေ။သူတို့ကိုကြည့်ရတာတော့ ကြောက်စရာမကောင်းဘူး ပျော်စရာကြီးလိုပါပဲ။ ဒါပေမယ့် အဲဒီနေရာမှာ Warning ရေးထားတယ်လေ။ နှလုံးရောဂါရှိတဲ့သူတွေ မစီးရတာတို့ ၊ မူးတတ်တဲ့သူတွေမစီးရတာတို့ပေါ့ ၊ အဲဒီ Warning ကိုတွေ့တာနဲ့ ကျမက “ဒီဟာကြီးကပိုဆိုးနေမလားမသိဘူးနော်”လို့ ပြောတော့ သူတို့က “အေးဆေးတဲ့လေ။ ဒါက 3D ကြည့်ပြီး တစ်နေရာတည်းကနေ ထိုင်စီးပြီးကြည့်နေရုံပဲ”တဲ့။ အဲဒါနဲ့ ဟုတ်ရင်ဟုတ်မှာပေါ့လေ ဆိုပြီး ၂နာရီကျော်လောက် တန်းစီရင်းနဲ့ အပေါက်ဝနားကိုရောက်လာပါတော့တယ်။ အထဲက သွားနေတဲ့ နမူနာကို အပြင်မှာ တီဗီနဲ့ ပြပေးနေတာကလဲ 3D ကြည့်ပြီး စီးရတဲ့ အတိုင်းပါပဲ။ အဲဒီလိုနဲ့ ရုံထဲရောက်သွားတော့ စိတ်မခိုင်ရင်ထွက်ဖို့ ထွက်ပေါက်တွေ ၃ ၊၄ ခု ထားထားပေးပါသေးတယ်။ ကျမက မသေမခြာကြီးစီးရမှာမို့ ကြောက်လွန်းလို့ ထွက်ချင်ပေမယ့် အားလုံးက အရမ်းအဆွယ်ကောင်းနေတာမို့ မထွက်ဖြစ်ခဲ့ပါဘူး။သမီးလေးကလဲ “စောစောကလို Roller Coaster ဆိုရင် မစီးဘူးနော်”လို့ ပြောသေးတယ်လေ။ အဲဒါ ကလေးကိုလဲ “မဟုတ်ဘူး ၊ဒါကကြောက်စရာမကောင်းဘူး”ဆိုပြီး ပြောပြရသေးတယ်။

အဲဒီလိုနဲ့ အခန်းကြီးတစ်ခုလုံးကို အမှောင်ချထားပြီး မီးကမှိန်မှိန်လေးပဲ ထွန်းထားတာလေ။ ဒီအခန်းလေးထဲမှာပဲ ဆိုရင် သိတ်ကြောက်စရာကောင်းမှာ မဟုတ်လောက်ပါဘူးဆိုပြီး ထိုင်ခုံပေါ်ဝင်ထိုင်ကြတာပေါ့။ စောစောကလိုပဲ သမီးလေးနဲ့ သူ့အဖေကတစ်တွဲ ၊ သူငယ်ချင်း တို့သားအဖက တစ်တွဲ ၊ ကျမနဲ့ မနွယ်ကတစ်တွဲပေါ့နော်။ စစ ချင်း အဲဒီအမှောင်ခန်းကြီးထဲမှာပဲ ထိုင်ခုံ ရထားတွဲကြီးက တဂျုံးဂျုံးနဲ့ အပေါ်တက်သွားခဲ့ပါတယ်။ အတက်ဆိုတော့ ဖြေးဖြေးလေးတက်နေတော့ ကြောက်စရာမကောင်းလောက်ပါဘူးဆိုပြီး စကားတွေတောင် လှမ်းပြောနေလိုက်ကြသေးတယ်။ အဲဒီမှာ မီးမှောင်မှောင်ထဲမှာ ကျမက မျက်လုံးကို ပြူးပြီးဖွင့်ကြည့်တော့မှ “ဒုက္ခော၊ဗုဒ္ဓေါ ဘုရားကယ်ပါ။ ကျမတို့တွေဟာ ဟိုးအမြင့်ကြီးမှာရောက်နေပြီး အောက်ကိုပြုတ်ကျတော့မယ့်ဆဲဆဲပါ ။ ကျမကတော့ ဟာ..သွားပြီ... အကြီးအကျယ် မှားပြန်ပြီထင်တယ်”လို့ တွေးမိတုန်းမှာပဲ ။ ရထားတွဲကြီးဟာ အောက်ကို ၀ုန်းဆိုပြုတ်ကျသွားပြီး အတင်းပဲ လူတစ်ကိုယ်လုံးကို ဆွဲယမ်းမွှေးပြစ်လိုက်သလိုပဲ အကွေ့အကောက် ၊အလိန်အဆင်းတွေနဲ့ ၊ တကယ့်အမြန်ကြီးမှ အမြန်စားကြီးကို သွားနေလိုက်တာ။ ကျမဘေးက မနွယ်က အသံအကျယ်ကြီးအော်နေနိုင်ပေမယ့် ၊ ကျမကတော့ ကိုယ့်ကိုယ်ကိုယ် သေပြီလို့ ထင်လိုက်တော့တာပါပဲ။ သမီးလေးကိုလဲ အသက်ပါ့ရှင်ပါ့မလားလို့ စိတ်ပူလိုက်ရတာ၊ အမျိုးသားကလဲ တစ်ခါက Heart block ရထားဘူးတော့ အားလုံးအတွက်စိုးရိမ်မိပြီး ကျမတော့ သေပြီလို့ကို ကိုယ့်ကိုယ်ကို တွေးမိလိုက်တော့တာပါပဲ။ ကျမတို့စီးခဲ့တာက ရိုးရိုး Roller Coaster တောင်မှ မဟုတ်ပဲ Jet Roller Coaster တဲ့လေ။ Speed က အရမ်းမြန်ပြီး တစ်သက်နဲ့ တကိုယ် ဒုက္ခအရောက်ခဲ့ရဆုံး ၊ အကြောက်ခဲ့ရဆုံးအချိန်ပဲ ဖြစ်ခဲ့ပါတော့တယ်။ ရထားကြီးလဲ အချိန်ပြည့်လို့ရပ်သွားတော့ ကျမ ခေါင်းမထောင်နိုင်တော့ပါဘူး။ အရှေ့တန်းမှထိုင်တဲ့ သူငယ်ချင်းရဲ့အမျိုးသားက ကျမတို့ရဲ့ခေါင်းကို“ ရောက်ပြီ၊ ရောက်ပြီ ”ဆိုပြီးလာပုတ်တော့မှ “သြော်..ငါ မသေခဲ့ပါလား”လို့ တွေးမိပေမယ့် ဘယ်သူ့ကိုမှ စကားမပြောနိုင်တော့ပါဘူး။ ဒူးတွေပျော့ခွေပြီး ကိုယ့်ကိုယ်ကို သေပြီလို့ သတ်မှတ်ထားတဲ့ အတွက် ငါမသေဘူးဆိုတာကြီးကိုတွေးမိနေတယ်။ ဒါပေမယ့် ခုချက်ချင်းကြီးလဲကျသေသွားတော့မယ့်အတိုင်းပဲ အင်အားတွေချိနဲ့ ကုန်ခမ်းသွားလို့ ငိုချင်၊ရယ်ချင်ကြီးကို ဖြစ်သွားခဲ့တာပါ။ သမီးလေးကတော့ အကျယ်ကြီးကိုအော်ငိုတော့တာပါပဲ။ ဟုတ်တယ်လေ..သူကလည်း လူကြီးတွေက ကြောက်စရာမကောင်းဘူးဆိုလို့ စီးခဲ့တာလေ။ ကြောက်စရာကောင်းလိုက်တာမှ သမီးလေးကိုတော်တော်လေး သနားသွားခဲ့တာပါ။ ကျမတို့ကို စားသောက်ဆိုင်ခေါ်သွားပြီး နားစေတော့ ဘာမှစားချင်စိတ်လဲ မရှိတော့ပဲ စားပွဲပေါ်မှာ ခေါင်းငိုက်စိုက်ချအိပ်ပြီး “ငါမသေဘူး၊ငါမသေဘူး ၊ ဒါပေမယ့် အခုနေများသေသွားမလားမသိနိုင်သေးဘူး”ဆိုပြီး တော်တော်ကြီး စိတ်ခြောက်ခြားသွားခဲ့တာလေ။ နောက် တစ်ပတ်လောက်အထိ ငူတူတူ ငိုင်တိုင်တိုင်ကြီးနဲ့ စိတ်မှာဒဏ်ရာတကယ်ရသွားခဲ့တာပါ။ အဲဒီတုန်းက တော်တော်လေးဆိုးဝါးဒုက္ခရောက်ခဲ့တာကို အခုပြန်ရေးနေတော့ ရယ်ချင်မိနေပါတယ်။ ကိုယ့်ဒုက္ခ ကိုယ်ရှာကြတာလေ။ ပိုက်ဆံပေးပြီး ဒုက္ခရှာကြတာပေါ့။ ကျမက နဂိုကတည်းက ကြောက်တတ်တဲ့သူဆိုတော့ ပိုခံစားရပေမယ့် ကျန်တဲ့သူတွေလည်း မျက်နှာလေးတွေပျက်ပြီး မထင်မှတ်တဲ့အရာနဲ့ကြုံကြုက်လိုက်ရသလို မျက်နှာလေးတွေ ပြူးကြောင်ကြောင်ဖြစ်ကုန်ကြတာလေ။ ပြန်တွေးကြည့်ရင် တကယ် ရယ်ရပါတယ်။ :P

ရိုးရိုး Roller Coaster ကိုကြောက်တဲ့ ကျမက Jet Roller Coaster ကိုစီးမိပြီး ဒုန်းကျည်ပစ်သလို အမြန်ကြီး အပေါ်တက်လိုက် ၊အောက်ဆင်းလိုက် ၊ တွန့်လိမ်ကောက်ကွေ့သွားခဲ့တာမို့ ဒီတစ်သက်လုံး မမေ့နိုင်တဲ့ ဒုက္ခရောက်မှုလေးဖြစ်ပါတော့တယ်ရှင်။


ကဲ ညီမလေးဝှိုက် ရေ ကျေနပ်မှာပါနော်။ :D နောက်ကျသွားတာ တွေ့ပုချိနော်။ မမ ဘီးဇီးနေလို့။း)

ပြန်တက်ဂ်မယ်.....

1.ညီမလေးသက်တန့်
2.ညီမလေးဝေ
3.ချစ်ခြင်းခြေရာ
4.အလှတရား


အားလုံးပဲ ပျော်ရွှင်ကြပါစေ။

အားလုံးကို လေးစားခင်မင်လျှက်

ဝါ၀ါခိုင်မင်း

Sunday, March 1, 2009

လွမ်းတေးဖွဲ့ဆို မြကျွန်းညို





ကျမတို့သူငယ်ချင်း ၄ယောက် ကွာလီဖိုင်းတန်းကို ပျော်ရွှင်စွာအတူတက်နေကြရင်း တစ်ရက်မှာ ဦးလေးဦးဆောင်တဲ့ ကျမတို့ ညီအစ်မတွေ သာမညဘုရားဖူး ခရီးစဉ်ကို သန်းဌေးနဲ့ရောင်းရင်းများဘုရားဖူးကားနဲ့ ထွက်လာခဲ့ကြပါတယ်.... ကားမူးတတ်တဲ့ ကျမက ကားပေါ်မှာအိပ်ပြီးလိုက်ပါလာခဲ့တာမို့ ကားပေါ်မှာ ဘယ်သူတွေပါခဲ့တယ်ဆိုတာကို သတိမထားမိခဲ့ပါဘူး။ဘုရားရောက်တော့မှ ယောကျာင်္းလေးလူငယ်အဖွဲ့တစ်ဖွဲ့နဲ့ မကြာခဏဆုံနေကြပါတော့တယ်... သူတို့အဖွဲ့ထဲမှာ စတတ်တဲ့အစ်ကိုကြီးတစ်ယောက်ပါလာတော့ စကားဝဲတဲ့ ကျမရဲ့ပြောစကားကို လိုက်ပြောပြီး စနေပါတယ်။သူတို့အဖွဲ့ အားလုံးကိုတော့ သေခြာမကြည့်မိသေးဘူးလေ...ဒါပေမယ့် ဖူးစာဆိုတာကခက်သားရှင့်... သူတို့အဖွဲ့ထဲက တည်တည်လေးနေတတ်တဲ့ တစ်ယောက်ကိုကျမကမြင်တော့ ဘာကိုမှန်းမသိဘူး၊လွမ်းလွမ်းဆွေးဆွေးကြီးဖြစ်သွားခဲ့ပါတယ်.. :D



သူတို့က သူတို့ကိုယ်သူတို့ ဒဂုံအ.ထ.က(၁)က ကျောင်းသားတွေဖြစ်ပါတယ်ဆိုပြီး လာမိတ်ဆက်ကြတယ်လေ... ဟတ်ဟတ်.. ဒဂုံ ကျောင်းသားတဲ့ ယုံရမလို မယုံရမလိုပါပဲ... “ဒဂုံကျောင်းသားဆိုရင်တော့ မစဉ်းစားတော့ဘူး တာ့တာ”ဆိုပြီ ကျမက အစ်မရဲ့ပေါင်လေးပေါ်မှာ ခေါင်းမှီပြီး အိပ်ပြစ်လိုက်ပါတော့တယ်..း) တကယ်လဲအိပ်ချင်နေတာလေ... ခရီးကလဲပမ်းနေတာဖြစ်ပြီး ညရောက်တော့ ဆရာတော်ကြီးကို ဖူးတွေ့ရဘို့စောင့်နေကြရတော့ ကျမ တကယ်အိပ်ပျော်မိသွားပါတယ်။ ကျမခဏလေးအိပ်ပျော်သွားပြီး နိုးလာတော့ မျက်လုံးဖွင့်အကြည့်မှာ ကျမကိုစိုက်ကြည့်နေတဲ့သူတစ်ယောက်နဲ့ မျက်လုံးချင်းဆုံမိကြပါတော့တယ်.... အယ်... ငါ့ကိုကြည့်နေတယ် ဆိုပြီး ရှက်ရတော့မလိုလို..ဟီးဟီး .. သူ့ရဲ့အကြည့်တွေက နုညံ့ပြီး ကျမကိုလွမ်းလွမ်းဆွေးဆွေးလေးကြည့်နေသလိုပါပဲ... စောစောက ကျမသူ့ကိုမြင်ပြီး လွမ်းလွမ်းဆွေးဆွေးကြီးဖြစ်သွားခဲ့တာလေ.... :D သူ့အကြည့်တွေကို ကျမရင်းနှီးနေသလိုပဲခံစားမိခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ ကျမက ဒီဘုရားဖူးခရီးစဉ်မှာမှ ပထမဦးဆုံး ဆုံဖူးကြတာပါ။နောက်တော့မှ သူတို့တွေက သေခြာမိတ်ဆက်ကြပါတော့တယ်။ သူတို့က သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် 5th year ကျောင်းသားတွေဖြစ်ကြောင်းနဲ့ စာမေးပွဲဖြေပြီးလို့ ဘုရားဖူးလာခဲ့ကြတဲ့ အကြောင်းတွေကို ပြောပြခဲ့ကြတယ်လေ။ ကျမတို့ ညီအစ်မတွေကလည်း ရန်ကုန်တက္ကသိုလ်က မမကြီးတွေပေါ့နော်။ :D ရန်ကုန်တက္ကသိုလ်အကြောင်းရေးနေတာမို့ ဒီအကြောင်းလေးတွေကို ထည့်မရေးတော့ဘူးနော်... စိတ်ဝင်စားမယ်ဆိုရင်တော့ မောင် ရေးထားတဲ့ လွမ်းတမ်းတမိသောအချိန်များ ကိုသွားဖတ်ကြည့်ပြီး အားပေးနိုင်ကြပါတယ်နော်။ :P


အဲလိုနဲ့ ကျမက မောင်နဲ့ သာမညဘုရားဖူးရင်းတွေ့ခဲ့လေတော့ ကျမရဲ့သူငယ်ချင်းသုံးဦးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ မောင်ကလည်း ကျောင်းကို နေ့စဉ်လာတယ်လေ။ မောင်ဟာ ကျမရဲ့ ရည်းစားဦးပါပဲ။ ကျမဘ၀မှာ ပထမဦးဆုံးအကြိမ် ရည်းစားထားဖြစ်ခဲ့တာပါ။ကျမ မောင့်ကို အလွန်ချစ်ခဲ့သလို မောင်ကလည်း ကျမကို အလွန်ချစ်ခဲ့တာပါ။ ကျမနဲ့ မောင်ချစ်သူတွေဖြစ်ကြပြီး ကွာလီဖိုင်းတန်း ပထမနှစ်ဝက်ကျောင်းပိတ်ပြီး ပြန်ဖွင့်တော့ ကိုစိုင်းက ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး ကျောင်းလုံးဝ လာမတက်ခဲ့တော့ပါဘူး။ ကျန်တဲ့ သူငယ်ချင်း နှစ်ယောက်ကလည်း OTS ၀င်သွားကြတော့ ကျမမှာ မောင့်ကိုပဲ အဖော်လုပ်ခဲ့ရတာပါ။ OTS ၀င်သွားတဲ့ ကျမရဲ့သူငယ်ချင်းတစ်ယောက်အကြောင်းလေး ထည့်ရေးလိုက်ပါဦးမယ်။ OTS ၀င်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်စလုံးဟာ တော်တော်လေး အေးဆေးပြီးရိုးသားကြပါတယ်။ တစ်ယောက်က ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့မို့ ကျမတို့ ပထမနှစ်က သူ့ကို King ၀ိုင်းရွေးခဲ့ကြပေမယ့် တခြားသူငယ်ချင်းတစ်ယောက်ကရသွားခဲ့တာပါ။ ဒီသူငယ်ချင်းက တော်တော်လေးရိုးသားပြီး သဘောကောင်းတာပါ။ သူမှာလဲ တက္ကသိုလ် ပထမနှစ်ကတည်းက ရည်ရွယ်ထားတဲ့ ချစ်သူလေးရှိနေခဲ့ပါတယ်။ သူဗိုလ်ကြီးဖြစ်တော့ ကျမကို ရန်ကုန်မှာ လာနှုတ်ဆက်ပါသေးတယ်။ သူ့ကောင်မလေးလဲပါလာပါတယ်။ ကျမကတောင်မှ သူ့ကို “နင်ကလဲ ဗိုလ်ကြီးရုပ်လဲမပေါက်ပါလား”လို့ စလိုက်မိခဲ့ပါသေးတယ်။ အဲဒါ ကျမကို လာနှုတ်ဆက်ပြီး တာဝန်ကျတဲ့ နေရာကို အပြန်မှာ သူစီးသွားတဲ့ကားက ဘရိတ်သိတ်မမိလို့ သူက ကားရှေ့ခန်းကနေဆင်းပြီး ဂျန်းတုန်းဝင်အခုမှာ ကားကလှိမ့်ဆင်းလာပြီး သူ့ကို ၀င်ကြိတ်ပြီး သေဆုံးသွားရရှာပါတယ်။ ကျမဆီ ဖုန်းဝင်လာတော့ ကျမမှာ ယုံတောင် မယုံနိုင်ခဲ့တာပါရှင်။ ငါ့ကိုတောင် လာနှုတ်ဆက်သွားသေးတယ် ဆိုပြီး ၊ မယုံတောင်မယုံချင်လောက်အောင် စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။

သူငယ်ချင်းတွေ အဲလို တစ်ယောက်တမျိုးကွဲကွာသွားကြတာလေ... နောက်ဆုံးတော့ ကျမရဲ့အဖော်ဟာ မောင်ပဲဖြစ်ခဲ့ပါတယ်။ မောင်နဲ့ အတူ အဓိပတိလမ်းမပေါ်မှာ လက်တွဲလျှောက်ခဲ့ပြီး အဓိပတိလမ်းမပေါ်မှာ မောင်နဲ့ကျမတို့ရဲ့ ခြေရာလေးတွေ ထပ်ခဲ့ကြတယ်။ ချစ်သူရသွားတော့ ကျောင်းပြေးလာတတ်တဲ့ ကျမကို Library မှာ စာတွေရှင်းပြပေးခဲ့ဘူးတယ်။ ဦးချစ်ဆိုင်မှာ ကော်ပြန့်ကြော်စား၊ လဘက်ရည်သောက် ၊ ဂျပ်ဆင်ရှေ့မှာ အတူလက်တွဲပြီး ဓါတ်ပုံတွေရိုက်ခဲ့ကြတယ်လေ။ အင်းယားကန်ဘောင်ပေါ်က ဘူးသီးကြော်ဆိုင်လေးတွေ ၊ အာပူ လျှာပူဆိုင်လေးတွေကိုလဲ မကြာခဏရောက်ဖြစ်ခဲ့ကြတာပေါ့။ ပြန်တွေးမိရင် တကယ်ပဲ လွမ်းမိပါလေရဲ့........


အဲဒီလိုနဲ့ ၁၉၉၆ ခုနှစ်မှာ ကျမတို့ အဖွဲ့တွေဘွဲ့ယူရတော့ OTS ၀င်သွားတဲ့ သူငယ်ချင်း နှစ်ယောက်ကလွဲရင်
ကျန်တဲ့ သူငယ်ချင်းတွေအားလုံးပြန်ဆုံခဲ့ကြပါတယ်။ အဲဒီအချိန်မှာ မောင်နဲ့ ကျမက စေ့စပ်ပွဲလုပ်ဖြစ်ခဲ့ကြပြီး သတင်းစာထဲမှာစေ့စပ်ကြောင်းလမ်းကြော်ငြာထည့်ခဲ့တာမို့ သူငယ်ချင်းတော်တော်များများက ကျမ စေ့စပ်ပြီးသွားပြီဆိုတာကို သိနေခဲ့ကြပါတယ်။ အဲ့ဒီနေ့မှာ ကိုစိုင်းကို ပြန်တွေ့ခဲ့ရပါတယ်။ သူငယ်ချင်းတွေစုပြီး ဓါတ်ပုံတွေအတူ စုရိုက်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဘွဲ့ယူဘို့ပြန်ဆုံကြတဲ့အတွက် ၀မ်းသာပျော်ရွှင်ခဲ့ကြတာပေါ့နော်..... ဘွဲ့နှင်းသဘင်ပြီးလို့ ခွဲခွါရတော့မှ တစ်ဦးနဲ့ တစ်ဦးနှုတ်ဆက်ကြရင်း မျက်ရည်လေးတွေလည်မိကြပါတယ်။

အခုတော့ ...သူငယ်ချင်းတွေကို တကယ်ပဲ လွမ်းမိပါတယ်။ ပျော်ရွှင်စရာ ကျောင်းသားဘ၀လေးကို အခုအချိန်မှာ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးလေ။ သြော်.. ပျော်သူတွေကပျော်.. ဆွေးတဲ့သူတွေကဆွေး ၊ လွမ်းတဲ့သူတွေကလွမ်း ၊ ချစ်တဲ့သူတွေကချစ်၊ မုန်းတဲ့သူတွေကမုန်း ၊ အသဲကွဲတဲ့သူတွေက အသဲကွဲနဲ့............. အမြဲအမှတ်တရရှိနေဆဲပါ.............. မြကျွန်းညိုကြီးရေ.....




ချစ်သူနှစ်ယောက်
အတူလျှောက်ခဲ့ဘူးတဲ့
အဓိပတိလမ်းမကြီးကိုလဲ လွမ်းတယ်.....

ချစ်သူကို အဖြေပေးခဲ့တဲ့
ကံကော်တန်းနှင့်
ခုံပြာတန်းလေးကိုလဲလွမ်းတယ်..........

ချစ်သူနဲ့ လက်ချင်းချိတ်ပြီး
ဓါတ်ပုံတွဲရိုက်ခဲ့ကြတဲ့
ဂျပ်ဆင်ထိပ်ကိုလဲလွမ်းတယ်...

သစ်ပုတ်ပင်ကြီးကိုလဲ လွမ်းတယ်...

Library လေးကိုလဲ လွမ်းတယ်.....

အင်းယားကန်ဘောင်ကြီးကိုလဲလွမ်းတယ်.....

..................လွမ်းတယ်...
.......................လွမ်းတယ်...
............................လွမ်းတယ်...........

“လွမ်းငွေ့ဝေေ၀
လွမ်းမိုးစွေ၍
လွမ်းတေးဖွဲ့ဆို မြကျွန်းညိုသို့............. ”

(ပြီးပါပြီ။)



ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဝါ၀ါခိုင်မင်း