ဒီပို့စ်လေးကတော့ ဂျေဂျူဝိုင်ဘလော့ဂ်မှာ ဘုန်းဘုန်းဦးကောဝိဒ နဲ့ ကိုဂျေူဂျူဝိုင်တို့ http://friendsdaygroup.ning.com ကသွားရောက်မေးမြန်းစကားပြောတွေ့ဆုံခန်းနဲ့ အခုဆရာတော်လိုအပ်နေတဲ့ ပစ္စည်းလေးတွေကိုစာဖတ်သူတွေ နဲ့ အလှူရှင်မောင်နှမတွေ သိစေချင်လို့ ကိုဂျေဂျူဝိုင်ထံမှာခွင့်တောင်းပြီး တင်လိုက်ခြင်းပဲဖြစ်ပါတယ်ရှင်....
ကျွန်မအခုလို မြန်မာပြည်မှာပညာတွေဖြန့်ဝေပေးနေတဲ့ဆရာတော်ဦးကောဝိဒအတွက် ဘလော့ဂါမောင်နှမတွေနဲ့ စာဖတ်သူတွေထံမှ အလှူငွေ ကောက်ခံနေကြောင်းကို မြန်မာပြည်မှ မိတ်ဆွေတချို့ဖတ်ရတော့ ဆရာတော်အကြောင်းကိုပြောပြလာခဲ့ပါတယ်...ဦးဇင်းဦးကောဝိဒဟာ မြန်မာပြည်မှာ အများအကျိုးဆောင်ပြီး စေတနာထက်သန်စွာနဲ့ ပညာဖြန့်ဝေပေးနေတဲ့ နာမည်ကြီးဆရာတော်တစ်ပါးဖြစ်ကြောင်း ကို ဘလော့ဂါညီမလေးလုလု ကလည်းပြောပြလာခဲ့လို့ ပိုပြီးဝမ်းသာကြည်နူးမိခဲ့ရပါတယ်ရှင်...
အခုဆိုရင် ကျွန်မတို့တွေ မျှော်မှန်းကြသလို နယ်ပေါင်းစုံမှာ ပညာဒါနတွေဖြန့်ဝေပြီး အလုပ်များနေတဲ့ ဆရာတော်အတွက် အမှန်တကယ်လိုအပ်တဲ့ တယ်လီဖုန်းတစ်လုံးကို ကျွန်မတို့ဘလော့ဂါမောင်နှမတွေ ၊ စာဖတ်သူတွေ ထံမှ ကောက်ခံရရှိတဲ့ အလှူငွေနဲ့ ၀ယ်ယူလှူဒါန်းနိုင်ဘို့ရာ အများကြီးနီးစပ်လာခဲ့ပါပြီရှင်..... စေတနာထက်သန်စွာနဲ့ပါဝင်လှူဒါဏ်ခဲ့ကြတဲ့ ဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူများအားလုံးကို ကျွန်မအနေနဲ့ အထူးပဲကျေးဇူးတင်ဝမ်းမြောက်ပီတိဖြစ်မိပါကြောင်း ထပ်ပြီးကြေငြာအပ်ပါတယ်ရှင်....
လေးစားချစ်ခင်ရပါသော စင်္ကာပူမှဘလော့ဂါမောင်နှမများ နဲ့ စာဖတ်သူများကလည်း စေတနာသဒ္ဒါထက်သန်စွာနဲ့ အလှူငွေတွေ ထည့်ဝင်လာကြတာ တကယ်ကြည်နူးပီတိဖြစ်မိပါတယ်..... လကုန်ရင်အလှူငွေထည့်မယ်လို့ ဆက်သွယ်လာသူတချို့လည်းရှိနေပါသေးတယ်...
၂၇ ရက်နေ့က ကျွန်မအွန်လိုင်းဖွင့်ပြီး အလှူခံမယ် ၊ စီဘုံးမှာလိုက်ပြီးအလှူခံမယ်လို့ပြောခဲ့ပေမယ့် တကယ်ဆိုတော့လည်း အွန်လိုင်းမှာတွေ့နေပေမယ့် အားနာလို့အလှူမခံဲ့ဖြစ်ပါဘူး။ကျွန်မစိတ်ထဲမှာ ရင်းနှီးတဲ့သူတချို့ကိုပဲ နည်းနည်းများများ အလှူပူးပေါင်းပါဝင်စေချင်လို့ “အလှူခံနေတယ်ဗျို့”လို့ပဲ နည်းနည်းတိုက်တွန်းပြီး အလှူခံဖြစ်ခဲ့ပါတယ်... ကျွန်မအလှူခံဖြစ်တဲ့အထဲမှာ ကျွန်မချစ်တဲ့ခမည်းခမက်လောင်းမနော်ဟရီကို အလှူခံဖြစ်ခဲ့တော့ မေခ ခမျာအလှူငွေပါဝင်သွားခဲ့ပါတယ်... သူ့နိုင်ငံကနေ အလှူငွေကို တကူးတကထည့်ပေးရမှာမို့ အားလည်းနာတယ် ခင်လည်းခင်ပါတယ် မေခရေ... ကျွန်မက နောင်ဘ၀ကျရင်လည်း မေခလေးနဲ့ အတူတူရေစက်ဆုံချင်လို့ပါနော်..း))))
အလှူငွေတွေက တစထက်တစများလာပါပြီ.... နောက် ၄ ၊၅ ရက်ဆိုရင် စာရင်းပိတ်ပြီး ဆရာတော်ထံပေးပို့လှူဒါဏ်းတော့မှာဖြစ်ပါတယ်ရှင်.... အလှူငွေ လက်ခံရရှိတဲ့ငွေဟာ မထင်မှတ်ပါပဲ တယ်လီဖုန်းတစ်လုံးဘိုးထက်ကျော်သွား ခဲ့ရင်လည်း အောက်ဖက်ကိုဂျေဂျူဝိုင်ရဲ့ပို့စ်လေးမှာ ဦးဇင်းလိုအပ်တဲ့ ပစ္စည်းလေးတွေစာရင်းဖော်ပြထားတာမို့ ပိုလာခဲ့ရင် တစ်ခုမဟုတ်တစ်ခု ထပ်ပြီးဝယ်လှူနိုင်ပါဦးမယ်ရှင်...
ကိုဂျေဂျူဝိုင်ပြောသလိုပဲ ကျွန်မကိုယ်တိုင်လည်း Water cooler လေးတစ်လုံးလောက် ၀ယ်လှူချင်စိတ် အရမ်းပေါက်နေပါတယ်.... မြန်မာပြည်ပြန်ရောက်ရင်လည်း တစ်ခုခုထပ်ပြီးလှူဒါဏ်းနိုင်အောင် ကြိုးစားပါဦးမယ်ရှင်...
အခုရရှိထားတဲ့ အလှူငွေစုစုပေါင်းကတော့............
ဂျပန်ယန်းငွေစုစုပေါင်း - ၄၂၀၀၀ ယန်း
( ဒီနေ့ပဲ မြန်မာပြည်ကို မြန်မာကျပ်ငွေ ၅ သိန်းတိတိ လွှဲလိုက်ပါပြီရှင်.)
စင်္ကာပူဒေါ်လာစုစုပေါင်း - ၁၁၅၀ ဒေါ်လာ
မြန်မာကျပ်ငွေစုစုပေါင်း - ၂၀၀၀၀၀ ကျပ် ( နှစ်သိန်းကျပ်တိတိ)
အမေရိကန်ဒေါ်လာ - ၁၀၀
စုစုပေါင်းလက်ခံရရှိထားတဲ့ ငွေနဲ့ အကြမ်းဖျင်းတွက်ကြည့်ရင် နောက်ထပ် စင်္ကာပူဒေါ်လာ ၁၅၀ လောက်ဆို အဆင်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်ရှင်...ဒါကလည်း သိတ်ပူစရာမလိုလောက်တော့ပါဘူး... လကုန်ရင် အလှူငွေထည့်ဘို့ စာရင်းပေးထားတဲ့သူတွေရှိလို့ ပြည့်သွားမယ်လို့ ယုံကြည်ပါတယ်ရှင်... မပြည့်ခဲ့ရင်တောင်မှ လိုအပ်ရင် ကျွန်မစိုက်ထည့်ပါမယ်... ဒါမှမဟုတ် ရင်းနှီးတဲ့ မောင်နှမတွေကို ကုသိုလ်ပိုရစေချင်လို့ အတင်းဓါးပြတိုက်ပြီး အလှူခံပါမယ်..ဟတ်ဟတ်.. တစ်ယောက်ကို ဒေါ်လာ ၁၀ စီပဲ ထပ်ထည့်ခိုင်းအုံး ပြည့်သွားမယ့်အပြင် ကျော်ရင်တောင်ကျော်သွားနိုင်ပါသေးတယ်ရှင်...း) ကျော်သွားခဲ့ရင်တော့ အောက်ဖက်ပို့စ်လေးမှာ ဆရာတော်လိုအပ်နေတဲ့ ပစ္စည်းစာရင်းထဲကနေ နောက်တစ်ခု ထပ်လှူပါဦးမယ်ရှင်... ( လောဘကြီးတာ)း) နောက် ၄ ၊၅ ရက်ဆို အလှူခံခြင်းပြီးဆုံးပါတော့မယ်ရှင်... အလှူခံပို့စ်တွေပဲရေးနေလို့ သည်းခံပေးကြပါနော်...း))
နောက်ဆုံးအနေနဲ့ ကျွန်မပြောချင်တာကတော့ လောကမှာ ပစ္စည်းပေးခြင်း(ပစ္စည်းအလှူ) နဲ့ တရားပေးခြင်း ( တရားအလှူ)ဆိုပြီးတော့ ပေးခြင်းနှစ်မျိုး(အလှူနှစ်မျိုး) ရှိပါတယ်ရှင်.... အဲဒီအလှူနှစ်မျိုးမှာ ကျွန်မတို့မောင်နှမတွေ လောလောဆယ်တတ်နိုင်ကြတာကတော့ ပစ္စည်းအလှူလေးပဲဖြစ်ပါတယ်ရှင်.....
တချို့နိုင်ငံတွေမှ အလှူငွေအတူပါဝင်ချင်လို့ ဆက်သွယ်လာကြတဲ့ မောင်နှမများကိုတော့ အလှူငွေလွှဲဘို့ကိစ္စအဆင်မပြေနိုင်မှာ စိုးရိမ်မိတာကြောင့် ကျွန်မမှ မစီစဉ်ပေးနိုင်တာကိုတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ်ရှင်...
အောက်ဖက်မှာ ဆရာတော်ရဲ့မိန့်ကြားချက်ကလေးတွေကို ဖတ်ကြည့်နိုင်ကြပါတယ်နော်..
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
ဦးဇင်းဦးကောဝိဒ နဲ့ ကိုဂျေဂျူဝိုင်တို့ တွေ့ဆုံမေးမြန်းခန်း...................
မနေ့က ကျွန်တော်တို့ http://friendsdaygroup.ning.com က အလှူငွေ ကောက်ခံထားထားပြီးနောက် ဘာကို လှူဒါန်းရမလဲ လို့ သွားမေးခဲ့ပါတယ်။ ကျွန်တော်တို့က ဦးကောဝိဒမှ ပထမမိန့်ခဲ့ဖူးတာက Water Cooler ပါ။ ခုတော့ Water Cooler ရှိပြီဖြစ်ကြောင်း အောက်ပါ ပစ္စည်းများလိုအပ်ကြောင်း မိန့်ကြားတဲ့အတွက် ကျွန်တော်တို့က အောက်ပါ ပစ္စည်းများကို လှူဖို့ရည်ရွယ်လိုက်ပါတယ်။ တကယ်တော့ ဦးကောဝိဒရဲ့ အခမဲ့သင်တန်းကျောင်းမှာ လိုအပ်နေတာက အတော်များများဖြစ်နေတယ်။ ကျွန်တော်တို့ ကောက်ခံရရှိငွေနဲ့ ချိန်လိုက်တော့ မလိုက်နိုင်ဘူးဖြစ်နေတယ်။ ဥပမာ ၁၀ ပတ်လည် ရေလှောင်ကန်လိုနေတာ။ အုဋ္ဌ်တံတိုင်းလိုနေတာ။ လောလောဆယ်လိုနေတာဆိုရင် ဦးကောဝိဒမှ သူ့မွေးနေ့မှာ စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းခံကြွမယ့် သံဃာတော်များကို ဆွမ်းကပ်မှာ ဖြစ်ပါတယ်။ ဆွမ်းခံကြွတဲ့ သံဃာပေါင်း ၂၀၀ ခန့်ရှိမယ်။ သံဃာတစ်ပါးကို ကုန်ကျစရိတ်က ၁၂၀၀ ကျပ်ဖြစ်တယ်။ အလှူရှင်တော့ မရှိသေးဘူး။ အဲလိုဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်တို့ တတ်နိုင်တာလေးကို ရွေးမိန့်ပေးခဲ့တဲ့ ဦးကောဝိဒကိုလည်း ကျေးဇူးတင်ပါတယ်။ ဦးကောဝိဒ မိန့်ခဲ့တာတွေက …
၁။ ပန်ကာ
၂။
၃။ DVD Writer
၎။ စာအုပ်စင်
၅။ စာကြည့်ခုံတန်း
၆။ သင်တန်းသားကို စာအုပ် (၅၀)အုပ်
ကျွန်တော်နဲ့ Admin တစ်ယောက်ပေါင်းပြီး Water Cooler လှူတဲ့ ဦးပဇင်းကို နည်းနည်းဗျူးလိုက်ပါသေးတယ်။
အရှင်ဘုရား။ ဦးဇင်းအနေနဲ့ ဦးကောဝိဒကျောင်းမှာ Water Cooler ကိုလှူလိုက်တယ်လို့ သိရတယ်ဘုရား။ လိုအပ်ချက်တွေ အများကြီးထဲက ဘာကြောင့် Water Cooler ကို ရွေးလှူရပါသလဲ ဘုရား။
ဦးကောရဲ့ ကျောင်းကို အရင်ဆုံး စရောက်တဲ့အချိန်မှာ သူ့ရဲ့ အခမဲ့ သင်တန်းကို လာတက်ကြတဲ့ ရဟန်း၊ သီလရှင် သာမဏေ စတဲ့ပုဂ္ဂိုလ်တွေ လာရတာ ဝေးလည်းဝေးတယ် ခြေလျင်လည်းလာရတယ်။ သင်တန်းသားတွေ အားလုံး အဝေးကနေချည်းလာရတယ်။ ဒီရောက်တော့ ရေဆာကြတယ်။ နောက် သင်တန်းကို လာတဲ့ဧည့်သည်တွေ လာကြတယ်။ သူတို့တွေ သာမန်ရေအိုးစင်မှာ ရေခပ်သောက်ရတာထက် ရေအေးအေးလေးကို သောက်လိုက်ရရင် ပိုပြီး အမောပြေမယ်။ စာသင်ရတာလည်း စိတ်ရွှင်မယ်။ ဧည့်သည်ဆိုရင် လည်း စိတ်ချမ်းချမ်းသာသာနဲ့ စကားပြောနိုင်မယ်။ ဒါကြောင့် Water Cooler ကို လှူဖို့ စိတ်ကူးမိတာပါ။
နောက်ပြီးတော့ ဦးဇင်းမှာ အကြောင်းတစ်ခုရှိတယ်။ ရှိတယ်ဆိုတာက ဦးဇင်းရဲ့ အဖြစ်အပျက် ဦးဇင်းရဲ့ နောက်ခံသမိုင်းကြောင်းကို ပြန်ပြောမှ ဖြစ်မယ်။ ဒီလိုပါ။ ဦးဇင်းရဲ့ ဇာတိက ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသမှာ နန့်တိန်းချောင်းဆိုတာရှိတယ်။ ဦးဇင်းတို့ ခမည်းတော်တို့လက်ထက်က အဲဒီချောင်းဟာ အလွန်ရေကြည်လင်ပြီး အလွန်လည်း အေးမြတဲ့ ချောင်းတစ်ခုပါ။ အခု ဦးဇင်းတို့လက်ထက်ကျတော့ ဒီချောင်းကြီးဟာ လူတွေရဲ့ လောဘစွမ်းအားကြောင့် မကြည်လင်တော့ဘူး။ မအေးမြတော့ဘူး။ ခမည်းတော်တို့ လက်ထက်တုန်းက သောက်သုံးရေအဖြစ် သုံးခဲ့တဲ့ချောင်းရေလေးဟာ ဦးဇင်းတို့ လက်ထက်ကျတော့ ချိုးရေလုပ်လို့တောင် မရတော့ဘူး။ ခောတ်ကာလနဲ့ လူတွေရဲ့ လောဘကြောင့်ဆိုပေမယ့် ဦးဇင်းတို့ရဲ့ အရင်ဘ၀တုန်းက ပြုခဲ့တဲ့ ရေကုသိုလ်နည်းခဲ့လို့ နေနေမှာပဲလို့ ဆင်ခြင်မိတဲ့အတွက်ကြောင့်မို့ မိမိတတ်နိုင်တဲ့ ဒီသင်တန်းမှာလည်း တကယ်လိုအပ်မယ်လို့ ယူဆတဲ့ Water Cooler ကိုလှူလိုက်တာပါ။
တပည့်တော် ဒီလို မေးရတာက Water Cooler ကို တပည့်တော်တို့လှူမလို့ လုပ်ထားလို့ပါ ဘုရား။ အဲဒီတော့ ဘုရား တပည့်တော်တို့က သောက်ရေကို တစ်နှစ်စာ လှူမယ်လို့ မှန်းထားတယ် ဘုရား။ အရှင်ဘုရားက Water Cooler လှူထားပြီဆိုတော့ ရေကို တပည့်တော်တို့ လှူရမလား။ အရှင်ဘုရားကပဲ လှူပေးမှာလား ဘုရား။
ဒီတစ်နှစ်စာကိုတော့ ဦးဇင်းလှူမယ်လို့ စိတ်ကူးထားပါတယ်။ ဦးဇင်းတတ်နိုင်သလောက်ပေါ့။ တခြားအလှူရှင်တွေ လှူချင်တဲ့သူများ ရှိခဲ့ရင်လည်း ပိုဝမ်းသာတာပေါ့။ ရာသက်ပန် ရေပဒေသာပင်လေးတစ်ခု စိုက်ထူဖြစ်ခဲ့ကြရင်လည်း ပိုဝမ်းမြောက်ရမှာပေါ့။ ကုသိုလ်ဆိုတာက ဘယ်သူလှူလှူ စိတ်ထားတတ်ရင် မွန်မြတ်တာချည်းပါပဲ။ ဒါပေမယ့် တကယ့်လိုအပ်နေတဲ့ နေရာတွေမှာ လှူနိုင်ရင်ပိုကောင်းတာပေါ့။
တပည့်တော်တို့ ခုလိုမေးရတာက ရန်တွေ့တဲ့ သဘောမဟုတ်ပါဘူးဘုရား။ တပည့်တော်တို့ အရှင်ဘုရားကို မေးကြည့်ရုံသက်သက်ပါဘုရား။ မေးကြည့်တယ်ဆိုတာကလည်း အရှင်ဘုရားနဲ့ တိုက်ရိုက်တွေ့လိုက်လို့ပါဘုရား။ အရှင်ဘုရားအနေနဲ့ ဦးကောဝိဒရဲ့ အခမဲ့ ကွန်ပျူတာသင်တန်းကျောင်းမှာ ဆက်လက်လှူဒါန်းဖို့ ရှိပါသေးသလားဘုရား၊။
အင်း ရှိတယ်။ မန္တလေးကနေ ဒီစစ်ကိုင်း ဗုဒ္ဓတက္ကသိုလ်မှာ တက္ကသိုလ်လာတက်ကြတဲ့ ရဟန်းတော် တွေရှိတယ်။ သူ့တို့မှာ နေ့ဆွမ်းအခက်အခဲတွေရှိတယ်။ အဲဒီရဟန်းတွေအတွက် ဦးကောနဲ့ ပေါင်းပြီး နေ့ဆွမ်းဆက်ကပ်နေပါတယ်။
အခုလို တပည့်တော်တို့ မေးတာကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။
ဦးဇင်းလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့တတွေ ဦးပဇင်းဦးကောဝိဒကျောင်းမှာ တစ်ည အိပ်ဖြစ်ခဲ့တယ်။ ဦးကောဝိဒရဲ့ I Can Do စိတ်ဓာတ်ကို ကျွန်တော် အတော်လေး သဘောကျမိပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ သိခဲ့ရတာက ဦးပဇင်းရဲ့ မွေးနေ့ကျရင် နည်းပညာရှင်များ၊ စာရေးဆရာများလာပြီး ဟောပြောပွဲ ပြုလုပ်ပေးမှာ ဖြစ်တယ်ဆိုတာပါပဲ။ ပညာရှင်တွေက ဦးရဲမြတ်သူ၊ ဦးရဲဝင်းနောင်၊ ကိုပီကေ၊ ကိုမောင်လှ၊ ကိုညီလင်းဆက်၊ ဦးလှကောင်း၊ မောင့်စေတနာ တို့ဖြစ်ပြီး စာပေပညာရှင်တွေက ဦးဘုန်း (ဓာတု) ညီပုလေး၊ ညီစေမင်း၊ ဇော်ထက်အောင် စတဲ့ စာရေးဆရာများတို့ဖြစ်ပါတယ်။ ဦးကောဝိဒရဲ့ မွေးနေ့မှာ ကျင်းပမယ့်အစီအစဉ်လေးများကို ဘလော့ဂါများသိချင်မယ်လို့ မျှော်လင့်လို့ အနည်းအကျဉ်း ဖော်ပြပေးလိုက်ပါတယ်။
၁။ မနက်အာရုံတက်ချိန်မှ (၈း၀၀) နာရီအထိ ဆွမ်းခံကြွသံဃာများကို ဆွမ်းကပ်မည်။
၂။ (၈း၀၀) မှ (၁၀း၀၀) အတွင်း လူပုဂ္ဂိုလ်များကို ကျွေးမွေးဧည့်ခံမည်။
၃။ (၉း၃၀) တွင် အလှူရှင်များ ရေစက်ချမည်။
၎။ (၁၀း၃၀) တွင် ဆရာတော်ကြီးများကို ဆွမ်းကပ်မည်။
၅။ (၁၂း၀၀) နာရီမှ ညနေအထိ နည်းပညာပိုင်းဆိုင်ရာများ ဟောပြောမည်။
၆။ ညနေမှ ညအထိ စာရေးဆရာများ စာပေဘာသာရပ်ဆိုင်ရာ ဟောပြောမည်။
စကားမစပ်ပေါ့လေ။ ကျွန်တော်တို့ Myanmar Friends Day အဖွဲ့ မှ ငွေနည်းနည်းလေးနဲ့ ဦးကောဝိဒဆီသွားပြီး ဒုက္ခပေးသလိုဖြစ်နေတယ်။ တကယ်တော့ ကျွန်တော်တို့ ဆွမ်းကိစ္စထပ်လှူချင်သေးတာ။ ဆွမ်းခံကြွမယ့် သံဃာတော်တွေကို ဆွမ်းကပ်တဲ့ ကုန်ကျစရိတ်ကို တာဝန်ခံချင်တာ။ အခွင့်သာခိုက် ပါရမီဖြည့်ချင်တာပါ။ ပြီးတော့ ကိုယ်လှူလိုက်တာကို ချက်ချင်းအသုံးပြုနေတာ မြင်ခွင့်ရတယ်။ စိတ်လည်းချမ်းသာတယ်။ ဒါပေမယ့် မလှူနိုင်ခဲ့ဘူး။ အဲဒါနဲ့ ဒီပိုစ့်လေးကနေ လှူမယ့်သူများ ပေါ်လာခဲ့ရင် … ဆိုတဲ့ ဆန္ဒလေးနဲ့ တိုက်တွန်းမှုပါရမီဖြည့်လိုက်ရတာပါ။
နံပါတ် (၂) ကို အလွတ်ထားလိုက်ရတာက ကျွန်တော်တို့ လှူမယ်လို့ပြောထားတာကို အချိန်ဆွဲနေလို့ ကြားက တစ်ယောက် ၀င်လှူသွားပြန်လို့ပါပဲခင်ဗျာ။ ဦးကောဝိဒ မနေ့ကမှ ကျွန်တော်တို့ကို မိန့်ခဲ့တာပါ။ UPS ပါခင်ဗျာ..............
##########################################
၇ ရက်သားသမီးများအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်..
မေတ္တာနဲ့
ဝါ၀ါခိုင်မင်း